ဘာသာတရားများ



နှိုင်းယှဉ်ကြည့်တတ်ရန်     ဤအခန်း၌ ထင်ရှားသော ဘာသာကြီးများ၏ အကြောင်းကို အခြေခံသဘောမျှ အနည်းငယ်စီ ဖော်ပြသင့်သည်ဟု ထင်ပါသည်။ အကြောင်းမှာ ကလေးသူငယ်များ ငယ်စဉ်ကစ၍ ဘာသာ တရား တခုနှင့်တခု နိုင်းယှဉ်လေ့လာပြီးလျှင် ဆင်ခြင်သုံးသပ်သည့် ဉာဏ် ရင့်သန်လာကာ အမှား အမှန်ကို ဝေဖန် ခွဲခြားတတ်စေလိုသောကြောင့် ဖြစ်ပါသည်။





ဟိန္ဒူဘာသာ
တည်တောင်သူ 
- ?

စတင်ပေါ်ပေါက်ချိန် 
- ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့်

စတင်ပေါ်ပေါက်ရာဌာန 
- အိန္ဒိယပြည်

ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ် 
- ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ

ပဓာန ကျမ်းဂန် 
- ဝေဒ ကျမ်းများ၊ ဥပနိသျှဒ် ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂဝဒ်ဂီတ

အခြေခံယုံကြည်ချက်များ     ကမ႓ာလောကနှင့် သတ္တဝါများကို ဗြဟ္မာ က ဖန်ဆင်းသည်။ ဗဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝ က ဖျက်ဆီးသည်။ ဗြဟ္မာကြီး၏ ကြင်ယာတော်က သူရဿတီ၊ ဗိဿနိုး၏ ကြင်ယာတော်က လက္ချမီ၊ သိဝ ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီး ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအတ္တသည် ကမ႓ာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထို့ကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှ့ံလျက် တည်ရှိ၏။ လောကသည်အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ "သင်သည် အတ္တ ဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏။" ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တဟု ခွဲခြားရ၏။ ( မြန်မာ လူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအတ္တ ဟု ခေါ်ခြင်းပင်။ )

အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အတ္တက မပျက်စီးပဲ သေသော သတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တဘဝ စခန်းသွား၏။ ဤနည်းဖြင့် တဘဝပြီး တဘဝ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။

ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထို ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အတ္တကပင်ခံစား၏။

အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသော သိဝ နတ်မင်းကြီး၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထို့ကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။

ယောဂ ခေါ်သည့် သမထ အလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် အတ္တမှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အတ္တသည် ဖြူစင် တောက်ပြောင်လာပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမအတ္တနှင့် ပြန်လည် ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်) ကို ရသွား၏။

ပေါ်ပေါက်လာပုံ     ဟိန္ဒူဘာသာကို မည်သည့် အချိန်က စတင် ပေါ်ပေါက်လာသည်ဟု ပြောရန် မလွယ်ကူပေ။ အဘယ့်ကြောင့်ဆိုသော် ယင်း ဘာသာ အခြေခံရာ ဖြစ်သည့် ဣရုဝေဒ (ရိဒ်ဝေဒ)၊ ယဇုဝေဒ၊ သာမဝေဒ၊ အာထဗ္ဗဏဝေဒ ဟူသော ဝေဒကျမ်းဂန်တို့ ပေါ်ထွန်းရာခေတ်ကို တိကျစွာ သတ်မှတ်ဖို့ ခဲယဉ်းသောကြောင့်ပင်။ ထိုကျမ်းတို့၏ ခေတ်ကို အစောဆုံး ခရစ်မပေါ်မီ (ဘီစီ) နှစ် ၆၀၀၀ မှ နောက်အကျဆုံး နှစ် ၇၀၀ အထိ ခန့်မှန်းကြ၏။ သို့သော် ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့်ဟု ခန့်မှန်းသူ ပညာရှင်များက အများစု ဖြစ်၏။

ထို ခန့်မှန်းချက်ကို အတည်ပြုလျှင် ဟိန္ဒူဘာသာ၏ သက်တမ်းသည် ခရစ်မပေါ်မီ (ဘီစီ) နှစ်ပေါင်း ၁၅၀၀၊ ခရစ် ပေါ်ပြီးနောက် (အေဒီ) နှစ်ပေါင်း ၁၉၈၄၊ နှစ်ရပ်ပေါင်းလျှင် ၃၄၈၄ နှစ် ကြာခဲ့ပြီဟု ဆိုရပေလိမ့်မည်။

ဟိန္ဒူဘာသာသည် (ဘီစီ) ၁၅၀၀ ခန့်က အာရှတိုက် အလယ်ပိုင်းမှ ရွှေ့ပြောင်းလာ၍ အိန္ဒိယပြည် အရှေ့မြောက်ပိုင်း၌ ဝင်ရောက်နေထိုင်သော အရိယန် လူမျိုးတို့၏ ဝေဒကျမ်းများ၌ အခြေခံသည်ဟု ယုံကြည်ကြ၏။ ထို ဝေဒကျမ်းများကို ရေးသားသူကား မထင်မရှားပေ။ အချို့ ဟိန္ဒူများ၊ ဗြဟ္မဏများက ဝေဒကျမ်းများသည် လူသား တဦးဦး၏ လက်ရာမဟုတ်၊ ဖန်ဆင်းရှင် မဟာဗြဟ္မာ၏ တန်ခိုးကြောင့် ဖြစ်ပေါ်လာသော ကျမ်းများဖြစ်ကြောင်း ယုံကြည်ကြ၏။

ရှေးကနှင့် မတူတော့     ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူ ဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂိနိ၊ ဝရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသောလည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ= အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။

ဘဂ ဝဒ်ဂီတ     မဟာဘာရတ ၏ အစိတ်အပိုင်း ဖြစ်သော ဘဂဝဒ်ဂီတကျမ်း ၌လည်း အတ္တ၏ သဘော သဘာဝကို ပို၍ ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ အမွှန်းတင်ထား၏။ ထို့ကြောင့် ဘဂ ဝဒ်ဂီတ ကဗျာကျမ်းသည် ယခုခေတ် ဟိန္ဒူဘာသာဝင်တို့ အရိုသေဆုံး အမြတ်နိုးဆုံး ဦးထိပ်ထက် ပန်ဆင်ထားသော ကျမ်းဖြစ်၏။

တဆူတည်းမှ ကိုယ်ပွားသုံးဆူ     ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ (ရုဒြ)၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ၊ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း ၄၀၀ ခန့်၌ ပေါ်ထွန်းလာသော ဂုတ္ထမင်းဆက်မှစ၍ ဗြဟ္မာ၊ ဗိဿနိုး၊ သိဝ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွားသုံးဆူ ဟုပင် ယုံကြည်လာကြ၏။

လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်နိုးဆုံးကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်ပေါက်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောကအတွင်းသို့ "ဘုရားဝင်စား" အဖြစ်အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။

ဘုရား ဝင်စား အဝတာရများ     ဗိဿနိုး နတ်ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၉ ဦးရှိ၏။ တဦးမှာ ရာမ ဖြစ်၏။ ဂေါတမဗုဒ္ဓ ကိုလည်း နဝမအဝတာရ ဟု ဟိန္ဒူတို့က ယူဆကြ၏။ ရံဖန်ရံခါ ဗိဿနိုး ဘုရားသည် ငါး အဖြစ်၊ ဝက် အဖြစ်၊ လိပ် အဖြစ်၊ မနုသီဟ=လူခြင်္သေ့ အဖြစ်ဖြင့် ဝင်စားကာ လောကကို ကယ်တင်၏။ မဟာဘာရတကျမ်း တွင် ကရစ်ရှနား အဖြစ် ဝင်စားပြီးလျှင် အဇ္ဇုနနှင့် ယုဓိဋ္ဌိလ တို့၏ စစ်မတိက်ချင်သော အဇ္ဇုန ကို ဗိဿနိုး ဝင်စားသော ကရစ်ရှနား ဘုရားက စစ်ရထားမောင်းပေးယင်း အတ္တ အခြေခံကာ စစ်တရားဟောခဲ့၏။ ထိုတရား ဒေသနာတော်သည်ပင် ဘဂဝဒ်ဂီတပိဋကတ်တော် အဖြစ်ဖြင့် ဟိန္ဒူဘာသာဝင်တို့၏ ဦးထိပ်ထက်သို့ ရောက်လာခြင်း ဖြစ်၏။

မပြောင်းလဲသေးသောတရား     ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူ အဆအများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိမပြောင်းလဲသေးသော အယူအဆ တခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင် ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့် အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှ တပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူးခြားသော လက္ခဏာ တရပ်ဖြစ်ပေသည်။

ဝေဒကျမ်းဂန်များ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ= ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံးဇာတ် ဖြစ်သည်ဟု ဆို၏။

ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဋ္ဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။

ယခုခေတ်မှာမူ ဇာတ် ၄ မျိုး မကတော့ပဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ ခန့် ရှိနေပြီဟု သိရ၏။ Outcasts, Untouchables ခေါ်သည့် မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤ ဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့် တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြ၏။

ဇိုရိုအက်စတား ဘာသာ

တည်ထောင်သူ 
- ပါရှင်းလူမျိုး၊ ဇိုရိုအက်စတား (ဇရတုတ္တရ)။

မွေးဖွားသည့်နှစ်
-ခရစ်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈)။

တည်ထောင်သည်နှစ်
-ခရစ်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈)။

ကွယ်လွန်သည့်နှစ်
-ခရစ်မပေါ်မီ ၅၄၁ ခုနှစ် (ဘီစီ ၅၄၁)။

စတင်ပေါ်ပေါက်သည့်ဌာန
-ပါရှားနိုင်ငံ (အီရန်နိုင်ငံ)။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-အဟုရ မဇဒါဘုရား။

ပဓာနကျမ်းဂန်
-အဗက်စတာကျမ်း ( အဝေတ္ထကျမ်း )။

အခြေခံ ယုံကြည်ချက်များ     လောကကြီးနှင့် သတ္တဝါတွေကို အဟုရ မဇဒါဘုရား သခင်က ဖန်ဆင်းသည်။ ထိုဘုရားသခင်ကို "ပညာတော်ရှင် ဘုရားသခင်" ဟု ခေါ်သည်။ သို့သော် သူသည် အကောင်အထည်နေဖြင့် ထင်ရှား မရှိပေ။ သို့ဖြစ်၍ သူ့ကို မြင်လို့ မရ။ ကြားလို့ မရ၊ ထိတွေ့ စမ်းသပ်လို့ မရပေ။ သူ၏ ကောင်းသော အလုပ်တွေကို ကြည့်ခြင်းဖြင့်သာ သူ့ကို သိနိုင်သည်။

အဟုရမဇဒါဘုရားသည် ကောင်းသော အပြစ်ကင်းသော အရာများကို ဖန်ဆင်းသည်။ မကောင်းသော အပြစ်မကင်းသော အရာများကိုမူ အင်္ဂရမညုဘုရားက ဖန်ဆင်းသည်။ ထို့ကြောင့် ဇိုရိုအက်စတား ဘာသာ၌ ဖန်ဆင်းရှင် ဘုရားနှစ်ဆူရှိသည်။ သို့သော်လည်း အဟုရမဇဒါဘုရား တဆူတည်းကိုသာ ကိုးကွယ်ရမည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် အပြစ်ကင်းသော အမှု သုစရိုက်တရားတွေက အပြစ်မကင်းသော အမှုဒုစရိုက်တရားတွေကို လွှမ်မိုး နိုင်နင်းသွားမည် ဖြစ်သော ကြောင့်ပင်။

ဟိန္ဒူ ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယာန် ဘာသာများလိုပင် ဇိုရိုအက်စတား ဘာသာသည် ဖန်ဆင်းရှင်ကို ယုံကြည်သည်။ ဖန်ဆင်းရှင်က တနေ့နေ့တွင် သတ္တဝါတွေကို တရား ဆုံးဖြတ်ပေးလိမ့်မည်ဟု တရားဆုံးဖြတ်ပေးမည့်နေ့ကို ယုံကြည်သည်။

မီးကို ကိုးကွယ်သူများ     သုစရိုက်နှင့် ဒုစရိုက်၊ ကံ ကံ၏ အကျိုးနှင့် တမလွန်ဘဝ၊ ကောင်းကင်ဘုံနှင့် ငရဲပြည်တို့ကိုလည်း ယုံကြည်ကြသည်။ မြေ၊ ရေ၊ မီး တို့ကို မြင့်မြတ်သော ကိုးကွယ်ရာများအဖြစ် ယုံကြည် ယူဆသည်။ အိန္ဒိယပြည် ဘုံဘေမြို့၌ ဇိုရိုအက်စတား ဘာသာဝင် ဖာရစီများ အမြောက်အမြားရှိရာ သူတို့၏ ဘုရားကျောင်းများ၌ မီးကို ထွန်းညှိထားကာ ကိုးကွယ်ကြသည်။ ထိုမီးကို ဘယ်အခါမျှ မငြိမ်းစေရ၊ အမြဲ တော်နေအောင် စီမံရသည်။ မီးဘုရားကို ရှိခိုးကြသည်။ ထို့ကြောင့် သူတို့ကို မီး ကိုးကွယ်သူများ ဟုလည်း ခေါ်ကြသည်။

အသုဘချဖို့ ခက်သူများ    သူတို့သည် ရေ၊ မြေ၊ မီး တို့ကို ကိုးကွယ်ကြသဖြင့် သူတို့ သေလျှင် အသုဘချဖို့ရာ အတော်အခက်အခဲ တွေ့ကြရသည်။ အလောင်းကို မြေမှာ မြှုပ်လျှင် မြေညစ်ညမ်းသွားမည်ကို စိုးရိမ်ကြသည်။ ရေထဲ မျှောပြန်လျှင်လည်း ရေ ညစ်ညမ်းသွားပေဦးမည်။ မီးသင်္ဂြိုဟ်ပြန်လျှင်လည်း မီး ညစ်ညမ်းသွားပေဦးမည်။ ထို့ကြောင့် အသုဘကောင်ကို မြေလည်း မမြှုပ်၊ ရေလည်း မမျှော၊ မီးလည်း မသင်္ဂြိုဟ်ပဲ မီးခိုးခေါင်းတိုင်ကြီးတွေလို မြင့်မားသော စင်ကြီးများ ဆောက်၍ ထို စင်ကြီးများပေါ်၌ တင်ထားရသည်။ လင်းတ များနှင့် အခြား သားစားငှက်များ လာ၍စားသောက်ကာ အလောင်းကောင်ကို ရှင်းပစ်ကြသည် ယင်းစင်ကြီးများကို "ဆိတ်ငြိမ်စင်" ဟု ခေါ်ကြသည်။

ပေါ်ပေါက်လာပုံ     ပါးရှား (အီရန်) ပြည်သည် ဇိုရိုအက်စတား မပေါ်ပေါက်မီက နေ ဘုရား၊ လ ဘုရား၊ ကြယ် ဘုရား၊ တော ဘုရား၊ တောင် ဘုရား စသည်တွေကို ရုပ်တုများနှင့်တကွ ကိုးကွယ်ကြသည်။ ကိုးကွယ်ရေးအသိဉာဏ် မဖွံ့ဖြိုးကြသေးချေ။ ဘုရင့် နန်းတော်တွင်လည်း ပညာရှိအမတ်ဆိုသူများ၊ ယဇ် ပုရောဟိတ်များ၊ မှော် ဆရာများ ခြေချင်းလိမ်နေကြသည်။

ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာလည်း ရိုးရိုးပင် ဖြစ်သည်။ ကောက်ပဲသီးနှံ ထွန်ယက် ုစိုက်ပျိုးသည်။ နွား၊ ဆိတ်၊ သိုး မွေးမြူရေး လုပ်ကြသည်။ လူအများဆင်းရဲကြသည်။

ကယ်တင်လိုသူ     ဇိုရိုအက်စတား သည် လယ်သမားသား ဖြစ်သော်လည်း သူ့နိုင်ငံ၏ ဘာသာရေး ကိုးကွယ်မှုကိုလည်း မနှစ်မြို့၊ ဆင်းရဲလှသော လုပ်သားပြည်သူများကိုလည်း မကြည့်ရက်ပါ။ ရောဂါဘယ ထူပြောလှ၍ သေကြကြေကြသည်ကိုလည်း မမြင်လို။ ထို့ကြောင့် သည်ဆင်းရဲဒုက္ခများမှ သူ့မျိုးသူ့ဆွေ ပါရှင်း လူမျိုးတွေကို ဘယ်လိုကယ်တင်ရပါမည်နည်း ဆိုသည်ကိုသာ အချိန်နှင့် အမျှ စဉ်းစား ကြံစည် နေ၏။

သူ ငယ်စဉ်က ကျောင်းတွင် သင်ယူခဲ့သော ဘာသာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆေးပညာများကလည်း သူလိုချင်နေသည့် အသိပညာကို ရရေး၌ အထောက်အကူ မဖြစ်ပေ။ သူ ၁၅နှစ် အရွယ်က အိမ်နီးချင်း နိုင်ငံဖြစ်သည့် တူရင်နိုင်ငံက သူ့တိုင်းပြည်ကို ဝင်ရောက် ကျူးကျော်လာ၏။ ဇိုရိုအက်စတားသည် အခြားမျိုးချစ်များနှင့်အတူ တပ်မတော်ထဲဝင်ပြီလျှင် ကျူးကျော်သူကို အပြီးတိုင် ချေမှုန်းခဲ့၏။ တပ်ထဲတွင် ဘဝပေး အသိပညာကို သူ အတော် ကျယ်ကျယ်ပြန့်ပြန့်ရခဲ့၏။ စစ်ပြီးပြန်တော့ တနိုင်ငံလုံ ငတ်မွတ် ခေါင်းပါးသည့် ဒုဗ႓ိက္ခန္တရကပ်ကြီး ဆိုက်ပြန်ရာ ငတ်သူ၊ ပြတ်သူ၊ ရောဂါဝေဒနာ ခံစားရသူတို့ အကြား၌ ဇိုရိုအက်စတား လူမှု အကျိုးပြု အလုပ်တွေနှင့် ၅ နှစ်တိုင်တိုင် မအားခဲ့ရပေ။ ဤတွင်လည်း အသိပညာတွေ တိုးတက်၍ ရခဲ့ပြန်၏။

သို့သော် ဤ အသိပညာတွေသည် ပါရှင်း တမျိုးသားလုံးကို ဆင်းရဲမှ ကယ်တင်နိုင်ဖို့ရာ လုံလောက်သော အသိပညာတွေ မဟုတ်ပေ။

သို့ဖြင့် သူ့အသက် ၃၀ တွင် သူ့ဇနီးကို ပန်ကြားပြီးလျှင် လူသူ အရောက် အပေါက် နည်းရာ ဆဗာလန် တောင်ဆီကို ထွက်ခဲ့လေသည်။ သူသည် ဆဗာလန် တောင်ပေါ်၌ အကောင်းနှင့် အဆိုးတို့၏ အကြောင်းရင်း အခြေခံကို လပေါင်းများစွာ ဆင်ခြင်သုံးသပ် ဝေဖန်ကြည့်နေ၏။

နောက်ဆုံးတွင် သူ လိုချင်သည့် အသိပညာကို သူ ရသွားလေသည်။ လောကကြီးမှာ ဒွန္ဒ သဘောမှ တပါး တခြား ဘာမျှ မရှိ။ ယင်း ဒွန္ဒ သဘောသည် မည်သည့် အခါမျှ မပြောင်းလဲ၊ မြဲ၏။ အကောင်းနှင့် အဆိုး၊ အကြောင်းနှင့် အကျိုး၊ အမှားနှင့် အမှန်၊ နှစ်ခု တစုံ ချည်းသာ ဖြစ်၏။ အကောင်းသည် အမြဲ ကောင်းနေ၏။ မည်သည့် အခါမျှ အဆိုး မဖြစ်နိုင်။ အဆိုးလည်း ထို့အတူပင်။

ဘာသာတရားတခု ပေါ်ပြန်ပြီ     ဇိုရိုအက်စတားသည် သူ ရသော တရားကို သူကျေနပ်လှ၍ အိမ်သို့ ပြန်ပြီးလျှင် သူ၏ လက်သစ်တရားကို သူ့မိသားစုအား စဟော၏။ မည်သူမျှ လက်မခံကြ၊ မကြိုက်ကြ။ တခြားလူတွေ လျှောက်ဟောသော်လည်း လက်ခံသူ တဦးတယောက်မျှ မတွေ့ရ။ ၁၀ နှစ်လုံးလုံး မလျှော့သော ဇွဲဖြင့် တိုင်းပြည် အနှ့ံ အပြား ဟောပါ၏။ ဝမ်းကွဲညီ တယောက်မှ တပါး သူ့တရားကို နှစ်သက် လက်ခံသူ ဆို၍ တယောက်မျှ မရှိပေ။

သို့နှင့် အကြံကောင်းတခု ပေါ်လာပြီးလျှင် ဝိတ္ထပ္ပ ဘုရင်၏ နန်းတော်သို့ သွား၍ တရားသစ် ဟောလိုကြောင်း လျှောက်ထားရာ ဘုရင်က သူ၏ အမတ် ပညာရှိဆိုသူများ၊ ယဇ် ပရောဟိတ်များ၊ မှော် ဆရာများနှင့် ဆွေးနွေးစေ၏။ နတ် ဘုရား မြောက်မြားစွာနှင့် ရုပ်တုပေါင်း သောင်းချီ ကိုးကွယ်နေသော နိုင်ငံ၏ နန်းတော်အတွင်းဝယ် ဇိုရိုအက်စတားသည် တဆူတည်းသော ပညာတော်ရှင် ဘုရားသခင်ကိုသာ ကိုးကွယ်ရမည် ဖြစ်ကြောင်း၊ ရုပ်တုတွေကိုလည်း မကိုးကွယ်သင့်ကြောင်းကစ၍ ဆွေးနွေး၏။

ဆွေးနွေးပွဲမှာ ၃ ရက်ကြာ၏။ နောက်ဆုံးနေ့တွင် ဘုရင်က "သင်ပြောသည့် အကောင်းအင်အားစုနှင့် အဆိုးအင်အားစုသည် ဒီ အတိုင်းပဲ သည်မြဲသွားမည်လော" ဟု မေး၏။

ဇိုရိုအက်စတား က ဤသို့ ဖြေ၏။

"မဟုတ်ပါ အရှင်မင်းကြီး၊ နောက်ဆုံးမှာ အကောင်းအင်အားစုက အနိုင်ရသွားပါလိမ့်မယ်။ အဲဒီ အနိုင်ရတဲ့ နေ့မှာ ပညာတော်ရှင် အဟုရမဇဒါ ဘုရားသခင်က တရားစစ်ဆေး ဆုံးဖြတ်ပါလိမ့်မယ်။ စစ်ဆေးတဲ့ အခါမှာ လူကောင်းတွေရော လူဆိုးတွေပါ သေသူတွေအားလုံး ပြန်ရှင်လာပြီး ရဲရဲ တောက်နေတဲ့ သံရည်ပူချောင်းထဲ ဖြတ်ရပါလိမ့်မယ်။ လူကောင်းတွေ ဖြတ်တဲ့အခါမှာ မပူပဲ နွားနို့ နွေးနွေးထဲ ဖြတ်ရသလို ရှိပါလိမ့်မယ်။ လူဆိုးတွေ ဖြတ်တဲ့အခါမှာ အဟုရမဇဒါ ဘုရားသခင်ဟာ ဘုရားဆိုး အင်္ဂရမညုနဲ့ ဆိုးတဲ့ လူတွေ အားလုံးကို ကမ႓ာမြေကြီးရဲ့ အလယ်ဗဟိုကို ပို့လိုက်ပြီး အဲဒီမှာ သူတို့ အားလုံးထာဝရ ငရဲမီးပူကို ခံစားရပါလိမ့်မယ်။ ဒီတော့မှ တလောကလုံး လူကောင်းတွေချည်း ရှိနေပြီး ပျော်ရွှင် ချမ်းမြေ့တဲ့လောကကြီး ဖြစ်လာပါလိမ့်မယ် အရှင်မင်းကြီး"

ညီလာခံ ခန်းမတခုလုံး ငြိမ်၍ နားထောင်နေကြ၏။

"လူတယောက်ဟာ အဟုရမဇဒါ ဘုရားသခင် ညွှန်ကြားတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်အောင် ဘာလုပ်သင့်ပါသလဲ" ပညာရှိ အမတ်ကြီးတယောက်က မေးလိုက်၏။

"ကာယ သုစရိုက်၊ ဝစီ သုစရိုက်၊ မနော သုစရိုက် တွေကို ပြုရပါမယ်။ ဒီ သုစရိုက် တရားတွေဟာ ဘုရားသခင့် အထံရောက်ကြောင်း နည်းကောင်း လမ်းမှန်တွေပါပဲ"

"ဘယ်ဟာ သုစရိုက်၊ ဘယ်ဟာ ဒုစရိုက်လို့ ဘယ်လို သိနိုင်ပါသလဲ"

"အမှန်က သုစရိုက်၊ အမှားက ဒုစရိုက်ပါ"

"သို့ဆိုလျှင် အမှန်တရား တခုတည်းကသာ ဘုရားသခင်ထံ ရောက်ကြောင်း နည်းမှန် လမ်းမှန် ဖြစ်ပါသလား"

"မဟုတ်ပါဘူး။ သို့သော်လဲ အမှန် တရားက ပထမဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ပြီးတော့ စိတ် သန့်ရှင်းစင်ကြယ်ခြင်း၊ ပေးကမ်း လှူဒါန်းခြင်း၊ မြေကြီးပေါ်၌ ထွန်ယက်စိုက်ပျိုးစားသောက်ခြင်း၊ လူ့အကျိုးပြု တိရစ္ဆာန်တို့ကို သနားကြင်နာခြင်းတွေဟာ လိုအပ်ချက်တွေပါပဲ"

ထို့နောက် ဇိုရိုအက်စတားက ဆက်လက်၍ သုစရိုက် ကံ၏ အကျိုးတရားကို တမလွန် ဘဝရောက်မှ ခံစားရသည် မဟုတ်၊ ယခု ဘဝမှာပင် ခံစားရကြောင်း၊ ဒုစရိုက် ကံ၏ အကျိုးခံစားရာမှာလည်း ထိုနည်းတူပင် ဖြစ်ကြောင်း ရှင်းပြ၏။

ဝိတ္ထပ္ပဘုရင် သဘောတော်ကျလှ၍ "ဒီသူဟာ ပညာတော်အရှင် တဆူတည်းသော ဘုရားသခင်ရဲ့ တမန်တော် အစစ် ဖြစ်ပါပေတယ်" ဟု ကြေငြာလိုက်၏။


ထိုနေ့မှစ၍ ဇိုရိုအက်စတား၏ တရားများကို အနီးအပါးနိုင်ငံများသို့ ရောက်သည်အထိ ဖြန့်ဖြူးကြ၏။


အိမ်နီးချင်း တူရင် နိုင်ငံကိုမူ တိုက်ခိုက် သိမ်းပိုက်ပြီးမှ သာသနာ ပြုကြ၏။ တူရင် နိုင်ငံသားများ မကျေနပ်၍ တိတ်တဆိတ် တဖြည်းဖြည်း စစ်သား စုဆောင်းပြီးလျှင် ပြန်လည် တိုက်ခိုက်ရာ ပါးရှား နိုင်ငံ၏ မြို့တော် ဘော့(ခ်) မြို့ထဲသို့ပင် ဝင်မိကြ၏။


ထိုအချိန်တွင် စစ်ကို စတင်သော ဇိုရိုအက်စတားမှာ ဘုရားကျောင်းအတွင်းရှိ တထိန်ထိန် တောက်နေသော တမန်တော် ဇိုရိုအက်စတားကို ဓားဖြင့် ထိုး၍ သတ်ခဲ့ပြီးလျှင် ဘုရားကျောင်းမှ ထွက်သွား၏။


တမန်တော် ဇိုရိုအက်စတား၏ ဘဝဇာတ်လမ်းကား ဤတွင်တခန်းရပ်သွားလေပြီ။ သို့သော် သူသေမှပင် သူ၏ တရားများကို ဘုရင်နှင့်တကွ တိုင်းသူပြည်သားများက ပို၍ ဖြန့်ဖြူးတော့၏။


အလက်ဇန္ဒားဘုရင်     ဇိုရိုအက်စတား ကွယ်လွန်ပြီးနောက် နှစ်ပေါင်း သုံးရာခန့် ကြာသောအခါ မက်ဆီဒိုးနီးယား နိုင်ငံမှ အလက်ဇန္ဒား ဘုရင်ကြီးသည် ပါးရှား ပြည်ကို တိုက်ခိုက်သိမ်းယူပြီးနောက် ဇိုရိုအက်စတား ဘာသာ၏ ပိဋကတ်တော်ဖြစ်သည့် အဗက်စတာ (အဝေတ္ထ) ကျမ်းမြတ်ကို ဖျက်ဆီးပစ်လိုက်ပြီးလျှင် ပါရှင်း တို့အား ဂရိတ် တို့၏ ဘာသာတရားကို ကိုးကွယ်စေ၏။ ပါရှင်း တို့ကမူ သူတို့ ဘာသာတရားကို ကလေးများအား လျှို့ဝှက်စွာ သင်ကြားပေးနေကြ၏။


နှစ်ပေါင်း ငါးရာခန့် ကြာ၍ နိုင်ငံခြား အုပ်စိုးမှုအောက်မှ ပါးရှားပြည် လွတ်မြောက်သောအခါ ပါရှင်း တို့သည် မိမိတို့ဘာသာတရားကို ထင်ထင်ရှားရှား ပြန်လည် ကိုးကွယ်ကြတော့၏။ အဝေတ္ထကျမ်း၏ သိမ်းဆည်းထားမိသမျှသော အစိတ် အပိုင်းများ၊ ဘာသာဝင်များ မှတ်သားမိသမျှသော အစိတ် အပိုင်းများကို စုပေါင်း၍ ကျမ်းစာ တအုပ်ဖြစ်အောင် ဆောင်ရွက်ကြ၏။


မူဆလင်တို့ ဝင်ရောက်ခြင်း     သို့သော်လည်း နောက် နှစ်ပေါင်း လေးရာခန့် ကြာသောအခါ အာရပ်များ ပါးရှားကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးလျှင် အစ္စလာမ် (မူဆလင်) ဘာသာတရားကို အတင်းအဓမ္မကိုးကွယ်စေတော့၏။ အချို့သော ပါရှင်းတို့သည် အသေခံကာ ဇိုရိုအက်စတား ဘာသာကို ကိုးကွယ်မှု လွတ်လပ်သော အိန္ဒိယ စသည့် နိုင်ငံများသို့ ထွက်ပြေးသွားကြ၏။ ထို အချိန်မှစ၍ အစ္စလာမ် ဘာသာသည်သာလျှင် ယခု အီရန် ဟု ခေါ်သည့် ရှေးက ပါးရှား နိုင်ငံတွင် စည်ပင် ပြန့်ပွါးနေခဲ့၏။ ဇိုရိုအက်စတား ဘာသာဝင်ကား မဆိုစလောက်သာရှိတော့၏။


ယခု အချိန်တွင် ဇိုရိုအက်စတား ဘာသာဝင် အများစုကို အိန္ဒိယပြည် အနောက်ပိုင်း ဘုံဘေနယ် တဝိုက်၌ တွေ့နိုင်၏။ သူတို့ကို ဖာရစီများ ( ပါရှင်းများ ) ဟု ခေါ်ကြ၏။

ဂျူး ဘာသာ

တည်ထောင်သူ
-ဂျူးလူမျိုး၊ မိုးဇက် (မောရှေ)။

တည်ထောင်သည့်နှစ်
-ခရစ်မပေါ်မီ ၁၂၃၀ ခုနှစ် (ဘီစီ ၁၂၃၀)။

စတင်ပေါ်ပေါက်ရာဌာန
-ပါလက်စတိုင်း (အဇ္ဇရေး) ပြည်။

ဘာသာရေးအထွတ်အထိပ်ပုဂ္ဂိုလ်
-ဂျေဟိုဗ ဘုရားသခင်။

ပဓာနကျမ်းဂန်
-သမ္မာကျမ်းစာ ( ဓမ္မဟောင်းကျမ်း )။

အခြေခံ ယုံကြည်ချက်များ     ကမ႓ာလောကကြီးနှင့်တကွ သတ္တဝါတွေကို ဂျေဟိုဗ(ယေဝေါဟာ) ဘုရားသခင်က ဖန်ဆင်းသည်။ ဂျေဟိုဗ ဘုရားသခင်သည် လောကတွင် တဆူတည်းသော ဘုရား ဖြစ်သည်။ ဂျေဟိုဗဘုရားသခင်မှတပါး အခြား ဘုရားကို မကိုးကွယ်ရ၊ ရုပ်တုကို မကိုးကွယ်ရ။ ဂျေဟိုဗ ဘုရားသည် သူ မုန်းသော သူများကို သူတို့၏ အမျိုး လေးဆက်တိုင်အောင် အပြစ်ဒဏ်ပေး၏။ သူ့ကိုချစ်၍ သူ့တရားအတိုင်း လိုက်နာသူများကို အမျိုးဆက်ထောင် သောင်း တိုင်အောင် ကောင်းကျိုးပြု၍ ကရုဏာကို ပြတော်မူ၏။ ရဟူဒီ ခေါ်သော ဂျူး လူမျိူးများသည် ဘုရားသခင်၏ လူများ ဖြစ်ကြ၏။ သူတို့ကိုသာ ဘုရားသခင် စောင်မတော်မူ၏။ ဂျူး သွားရာ၌ ဂျေဟိုဗ ဘုရားရှိ၏။

တနေ့နေ့တွင် ဂျူးတို့ကို ကယ်တင်မည့် ကယ်တင်ရှင်လာမည်ဖြစ်၏။ ကယ်တင်ရှင် လာသောနေ့တွင် ဘုရားသခင်က တရားဆုံးဖြတ်လိမ့်မည်။ ဂျေဟိုဗ ဘုရားသခင်သည် လူနှင့် လူ၏ သားမြေးများ၊ တိရစ္ဆာန်များကို ဖန်ဆင်းသော်လည်း လူတို့ စိတ်၌ ဆိုးညစ်သော စိတ်နေ စိတ်ထားတွေသာ များသောကြောင့် နောင်တ ပူပန်ရတော်မူလှသဖြင့် တနေ့နေ့တွင် သူတို့ုကို မြေမျက်နှာပြင်မှ သုတ်သင် ရှင်းလင်းပစ်လိမ့်မည်။

ပေါ်ပေါက်လာပုံ     လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ခန့်က ယူဖရေးတီး မြစ်ဝှမ်း ကယ်လ်ဒီးယားပြည်၏ မြို့တော်ဖြစ်သော ဦးရ်မြို့၌ တေရား ဆိုသော အရောင်းအဝယ်သမားတယောက် ရှိ၏။ သူ၏ သားများ အနက် တယောက်မှာ အေဗရာဟင် ဖြစ်၏။ သူ၏ အလုပ်ကား သိုးထိန်းကျောင်းခြင်း အလုပ် ဖြစ်၏။

တေရားနှင့် အခြား လူအားလုံးလိုလိုပင် ရုပ်တုတွေအမြောက်အမြား ထုလုပ်ကာ ကိုးကွယ်ကြ၏။ အေဗရာဟင်ကမူ ရုပ်တုကို မကိုးကွယ်ပေ။ မကိုးကွယ်ရုံမျှ မကသေး၊ သူ့ဖခင်၏ အိမ်မှ ရုပ်တုတွေကို ပုဆိန်ဖြင့် ပေါက်ခွဲ ဖျက်ဆီးပစ်လိုက်ပြီးလျှင် ရုပ်တုတွေ ဘာမျှ အသုံးမကျကြောင်း ပြော၏။

ဟီဗရူးအစ     ရုပ်တုပေါင်း မြောက်မြားစွာကို ကိုးကွယ်နေသော နိုင်ငံ၌ အေဗရာဟင်၏ အပြုအမူနှင့် အပြောအဆိုသည် အန္တရာယ်များလှသည်။ ထို့ကြောင့် သူသည် သူ့မိသားစုနှင့် သိုးများကိုယူဆောင်ကာ တိုင်းပြည်မှထွက်ခွာ၍ ယူဖရေးတီးမြစ်ကို ဖြတ်ကူးပြီးလျှင် မြောက်ဘက်ဆီသို့ တဖြည်းဖြည်း ထွက်လာခဲ့၏။ ရက်ပေါင်းများစွာ ကြာသောအခါ ကာနန်း ခေါ်သော တိုင်းပြည်ကို ရောက်၍ အခြေချနေကြ၏။ ထို ကာနန်း ပြည်ကား နောင်အခါ ပါလက်စတိုင်း ဟု ခေါ်တွင်သော တိုင်းပြည်ပင် ဖြစ်၏။ ကာနန်း ပြည်သားတို့က အေဗရာဟင် တို့ကို အိဗရိ(ဟဗရူး)များဟု ခေါ်ကြ၏။ တဘက်ကမ်းမှ မြစ်ကို ဖြတ်ကူးလာသူများ ဟု အဓိပ္ပာယ်ရ၏။

အဇ္ဇရေး၏ အစ     အေဗရာဟင် ၌ အိုက်ဇက် ဆိုသော သားတယောက် ရှိ၏။ အိုက်ဇက်၌ ဂျက်ကော့ (ယာကုတ်) ဆိုသော သားတယောက်ရှိ၏။ ဂျက်ကော့ ကို အဇ္ဇရေး ဟုလည်း ခေါ်ကြ၏။ ဂျက်ကော့ ခေါ် အဇ္ဇရေး၌ သား ၁၂ ယောက် ရှိ၏။ အဇ္ဇရေး၏ ကလေးများဟု ခေါ်ကြ၏။ ထိုကလေး ၁၂ ယောက်မှ အဇ္ဇရေး ကလေးပေါင်းမြောက်မြားစွာ ထွန်းပေါက်၏။ ဤနည်းဖြင့် အေဗရာဟင်၏ အနွယ် အဇ္ဇရေးများသည် ကာနန်းပြည်တွင် အင်အားကြီးမားသော သိုးကျောင်း လူမျိုးစုကြီး ဖြစ်လာ၏။

ွှွှွှအီဂျစ်သို့ ပြောင်းကြခြင်း     တချိန်တွင် ကာနန်း တပြည်လုံး ငတ်မွတ်ခေါင်းပါးခြင်း ဒုဗ႓ိက္ခန္တရကပ်ကြီး ဆိုက်သဖြင့် အဇ္ဇရေး အားလုံး အီဂျစ် ပြည်သို့ ရွှေ့ပြောင်းသွားကြပြီးလျှင် ဘုရင့်ထံ နေခွင့်တောင်းကြသဖြင့် ဂိုရှန် နယ်တွင် နေခွင့်ရကြ၏။ ယင်းသို့ နေထိုင်ခဲ့ကြရာ နှစ်ကြာလာသည်နှင့် အမျှ အဇ္ဇရေး လူဦးရေက အဆမတန် တိုးလာ၏။ မည်မျှပင် လူဦးရေ များသည်ဖြစ်စေ အဇ္ဇရေးတို့က အီဂျစ်တို့နှင့် မရောနှောပဲ သီးသန့် နေကြ၏။ အီဂျစ် ဘုရားကျောင်းများကိုလည်း မသွားကြပေ။ ဤသို့ သီးသန့် နေသည်ကို အီဂျစ်တို့က ကြိုက်လည်း မကြိုက်ကြ၊ ကြောက်လည်း ကြောက်ကြ၏။

ကျွန်ဘဝ     ထို့ကြောင့် အီဂျစ် ဘုရင်နှင့်မူးမတ်တို့ တိုင်ပင်ပြီလျှင် အဇ္ဇရေး အားလုံးကို ကျွန်ပြုလုပ်လိုက် ကြ၏။ အဇ္ဇရေးတို့သည် ကျွန် ဘဝ၌ ရက်စက်ကြမ်းကြုတ်သော နှိပ်စက် ညှင်းပန်းမှု အမျိုးမျိုးကို မရှုမလှ ခံနေကြရ၏။ အီဂျစ်မှ ထွက်ခွာခွင့်လည်း မရပေ။

ဤ အခြေအနေတွင် အဇ္ဇရေး မိသားစုများ အတွင်း၌ မိုးဇက် (မောရှေ) ဟု ခေါ်သော လူငယ် လူစွမ်းကောင်းတယောက် ပေါ်ပေါက်လာ၏။ မိုးဇက်သည် သူ့လူမျိုးများ အီဂျစ်ပြည်မှ လွတ်မြောက်နိုင်သည့် နည်းလမ်းကိုသာ ကြံစည်စဉ်းစားနေ၏။

လွတ်မြောက်ရေး     တနေ့တွင် ကျွန်ထိန်း တယောက်က ကျွန်နှစ်ယောက်အား ရက်စက်စွာ ရိုက်နှက်နေသည်ကို မိမိရှေ့တွင် မြင်တွေ့နေရသော မိုးဇက်သည် စိတ်မထိမ်းနိုင်ပဲ ဖြစ်သွားကာ ကျွန်ထိန်းကို သတ်ပစ် လိုက်၏။ ပြီးလျှင် အီဂျစ် ပြည်မှ ထွက်ပြေးရာ ဘုန်းကြီး ဂျေသရိုး ၏ ဥယျာဉ်ထဲသို့ ရောက်သွား၏။ ဥယျာဉ်ထဲ၌ ထိပ်တွင် စာလုံးများထွင်းထားသော တောင်ဝှေးတချောင်းကို တွေ့၍ တန်ခိုးရှိသော တောင်ဝှေးမှန်း သိသဖြင့် ဘုန်းကြီးထံမှ တောင်းယူခဲ့ပြီးလျှင် အီဂျစ်ပြည်သို့ ပြန်လာခဲ့၏။

ပညတ်တော် ၁၀ ပါး     မိုးဇက်သည် အီဂျစ်ဘုရင်၏ နန်းတော်ထဲ၌ တောင်ဝှေး၏ တန်ခိုး အမျိုးမျိုးကို ပြပြီးလျှင် ဘုရင်ကို ခြိမ်းခြောက်၍ အဇ္ဇရေး တို့ကို အီဂျစ်မှ ထွက်ခွာခွင့် ပေးရန် ပြော၏။ ကြောက်လန့်သော ဘုရင်သည် အဇ္ဇရေးတို့ကို သွားခွင့် ပြုလိုက်၏။ မိုးဇက်သည် အီဂျစ်မှ အဇ္ဇရေး အားလုံးကို ဦးဆောင်လျက် ဆိုင်နိုင်း တောင်ဆီသို့ရှေးရှု ခေါ်ဆောင်သွား၏။ အဇ္ဇရေးတို့သည် ဆိုင်နိုင်း တောင်ခြေတွင် ဂျေဟိုဗ ဘုရားသခင်ကို နွားသိုးကြီး အသွင်ဖြင့်ဖြစ်စေ။ ဇီးကွက်အသွင်ဖြင့် ဖြစ်စေ တွေ့ရလိမ့်မည်ဟု မျှော်လင့်ကာ ဝမ်းသာနေကြ၏။ မျှော်လင့်သည့်အတိုင်း တောင်ခြေတွင်ဘာကိုမျှ မမြင် မတွေ့ရသော အခါ စိတ်ပျက်ကြ၏။ မိုးဇက်သည် သူ့လူများကို တောင်ခြေ၌ ထားခဲ့၍ တောင်ပေါ် သို့ တက်သွားပြီးလျှင် ရက်ပေါင်း ၄၀ မျှ တောင်ပေါ်တွင် နေခဲ့ရာ ဂျေဟိုဗ ဘုရားသခင်နှင့် တွေ့ရုံမျှမက ပညတ်တော် ၁၀ ပါးကိုလည်း ဘုရားသခင်ထံမှ ရခဲ့၏။

မိုးဇက်သည် ပညတ်တော် ၁၀ ပါးကို ယူပြီးလျှင် ဆိုင်နိုင်း တောင်ပေါ်မှ ဆင်းခဲ့၍ ပညတ်တော်များကို အဇ္ဇရေးတို့အားရှင်းပြ၏။ ထိုပညတ်တော် ၁၀ ပါးမှာ-
ဂျေဟိုဗ ဘုရားမှတပါး တခြားဘုရားကို မကိုးကွယ်ရ။
ရုပ်တုကို မကိုးကွယ်ရ။
မုသားနှင့်စပ်၍ ဘုရားသခင်၏ နာမတော်ကို မမြွတ်ဆိုရ။
ရက်သတ္တပတ်၏ ၇ ရက်မြောက်နေ့၌ အလုပ်မလုပ်ပဲနားရမည်။ ထိုနေ့ကို မြတ်သောနေ့ (Holy Day) ဟု ခေါ်ရမည်။
မိဘ တို့ကို ရိုသေရမည်။
လူကို မသတ်ရ။
မခိုးရ။
သူတပါး သားမယား မပြစ်မှား မကျူးလွန်ရ။
ကိုယ်နှင့် နီးစပ်သူ၏ သားမယား၊ ပစ္စည်း ဥစ္စာကို လိုချင် တပ်မက်စိတ် မရှိရ။
ဤ ပညတ်တော် ၁၀ ပါး အနက် များစွာသော ပညတ်ချက်တို့မှာ အီဂျစ်တို့အတွက် အစိမ်းသက်သက် မဟုတ်ပေ။ သူတို့ကိုယ်တိုင် သင်ပေးနေသော သဘောတရားများ ဖြစ်ကြ၏။ သို့သော် ပညတ်ချက် ၂ ခု မှာမူ အဇ္ဇရေးတို့ မသိသော အချက်များ ဖြစ်ကြ၏။

အဇ္ဇရေးတို့မှာ ကျွန် ဘဝနှင့် အီဂျစ် ပြည်တွင် ရက်သတ္တပတ်တိုင်း ၇ ရက်လုံးလုံး အနားမရပဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာဖြင့် အလုပ် လုပ်ခဲ့ကြရ၏။ မိုးဇက်သည် သူ့လူမျိုးများ၏ ဤ အခြေအနေကို ကို်ယ်တွေ့မျက်မြင် ဖြစ်ခဲ့၏။ သို့ဖြင့် "သင်တို့ ၆ ရက် အလုပ် လုပ်ရမည်၊ ၇ ရက်မြောက်နေ့သည် သင်တို့ နားသောနေ့ ဖြစ်ရမည်" ဟု ပညတ်ချက် ဖြစ်ပေါ်လာ၏။

နောက် ပညတ်ချက် တခုသည်လည်း အတွေ့အကြုံမှ ပေါ်ထွက်လာသော ပညတ်ချက် ဖြစ်၍ အရေးအပါဆုံး ဖြစ်၏။ ယင်းမှာ "ငါသည် သင်တို့ကို အီဂျစ်ပြည် အတွင်း အနှောင်အဖွဲ့ခံနေရခြင်းမှ ထုတ်ဆောင် ကယ်တင်လာသော သင်တို့၏ ဘုရား ဖြစ်၏။ သင်တို့သည် ငါမှတပါး တခြားဘုရားကို မကိုးကွယ်ရ" ဟူသော ပညတ်ချက်ပင်။

စနစ်ကျသော ဂျူးဘာသာ စတင်ချိန်     ဂျူးဘာသာသည် ရှေး ပဝေသဏီက စတင်ခဲ့သည်ဟု ဆိုသော်လည်း တစုံ တခုသော သဘောတရားအပေါ်တွင် အခြေခံ၍ စနစ်တကျ ဖွဲ့စည်း ပေါ်ပေါက်ခဲ့သည့် ဘာသာ မဟုတ်ပေ။ လူမျိုးစု၏ ဘိုးဘေးစဉ်ဆက် အစဉ်အလာ ယုံကြည်မှုအရ ကိုးကွယ်လာသည့် အခြေအနေ၌သာ ရှိနေခဲ့၏။ လမ်းညွှန် ကျင့်ဝတ်များလည်း စနစ်တကျ မရှိခဲ့သေးပေ။ ယခု မိုးဇက်က ဆိုင်းနိုင်း တောင်ပေါ်မှ ပညတ်တော် ၁၀ ပါးကို ယူဆောင်လာမှသာ လမ်းညွှန်ကျင့်ဝတ်များဖြင့် စနစ်ကျသော ဘာသာအဖြစ် စတင် ပေါ်ပေါက်လာခြင်း ဖြစ်၏။

ထို့ကြောင့် ဂျူးဘာသာ စတင် ပေါ်ပေါက်လာသည့် အချိန်ကို ပညတ်တော် ၁၀ ပါး ရရှိလာသည့် ဘီစီ ၁၂၃၀ ခုနှစ်ဟု သတ်မှတ်ကြခြင်း ဖြစ်၏။

ပါလက်စတိုင်းသို့     မိုးဇက်သည် ပညတ်တော် ၁၀ ပါးကို ရှင်းပြပြီးနောက် ဘုရားသခင် ကတိပြုထားသော ဒေသသို့ သွားမည်ဟု ဆိုပြီးလျှင် သူ့လူများကို မြောက်စူးစူး ဂျော်ဒန် မြစ်ဆီသို့ ခေါ်ဆောင်သွား၏ အဇ္ဇရေးတို့ ဘဝကား ခြေသလုံးအိမ်တိုင် သိုးကျောင်းသား ဘဝ ဖြစ်ရာ သွားရ လာရ ရွှေ့ရ ပြောင်းရသည်မှာ သူတို့ အတွက် ဘဝပေးတာဝန်ဖြစ်၍ မဆန်းတော့ပေ။ နှစ်ပေါင်းများစွာ သဲကန္တာရကြီးကို ဖြတ်၍ သွားကြပြီးနောက် ဂျော်ဒန်မြစ် အလွန်တွင် ဘုရားသခင် ကတိပြုထားသော ဒေသ ( The Promised Land ) ဟု သူတို့ ယူဆသည့် ပါလက်စတိုင်း သို့ ရောက်၍ အခြေတကျ နေကြပြီးလျှင် သိုးကျောင်းသားဘဝမှ ထွန်ယက် စိုက်ပျိုး စားရသော လယ်သမား ဘဝသို့ တဖြည်းဖြည်း ပြောင်းလဲသွားကြ၏။

နိုင်ငံ တနိုင်ငံ အဖြစ် ပေါ်ပေါက်လာခြင်း     မကြာမီပင် အဇ္ဇရေး လူမျိုးစု ၁၂ စု တို့ကို စုစည်းလိုက်ကြပြီးလျှင် ဆောလ် အမည်ရှိသော လယ်သမားကြီးကို ဘုရင်အဖြစ် ရွေးချယ်လိုက်ကာ ညီညွတ်သော အဇ္ဇရေးနိုင်ငံကို ဘီစီ ၁၀၂၅ ခုနှစ် လောက်တွင် တည်ထောင်မိကြ၏။

ဆောလ် ဘုရင်ကြီးနောက် ဘီစီ ၁၀၀၆ ခုနှစ်တွင် ဘုရင် ဒေးဗစ်က ထီးနန်း ဆက်ခံ၏။ ဘီစီ ၉၆၀ ခုနှစ်၌ ဆောလ်မုန် ဘုရင်က ထီးနန်းဆက်ခံ၏။ ဟီဗရူးနိုင်ငံသည် ဘုရင် သုံးဆက်၏ အုပ်ချုပ်မှုအောက်တွင် အလွန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စည်ကားလာ၏။ ဂျေရုဆလင် မြို့၌ ဂျေဟိုဗ ဘုရားသခင်၏ စံကျောင်းတော်ကိုလည်း ဆောလ်မုန် ဘုရင်ကြီးက ဆောက်လုပ်စေ၏။

တကွဲတပြား ဖြစ်ရ ပြန်ပြီ     သို့ရာတွင် ဘီစီ ၉၂၂ ခုနှစ်၌ ဆောလ်မုန် ဘုရင်ကြီး နတ်ရွာစံပြီး နောက်တွင်ကား အဇ္ဇရေးတို့ ညီညွတ်ရေး ပျက်ပြားကာ စည်းလုံးမှု ပြေသွားပြီးလျှင် မြောက်ဘက်၌ အဇ္ဇရေးနိုင်ငံ၊ တောင်ဘက်၌ ဂျုဒနိုင်ငံ ဟု နှစ်နိုင်ငံ ခွဲ၍ တည်ထောင်လိုက်ကြ၏။ အစုအစည်းကို ခွဲလိုက်လျှင် အင်အားနည်းသွားခြင်းမှာ ဓမ္မတာပင် ဖြစ်၏။

နှစ်နိုင်ငံ ခွဲလိုက်ပြီးနောက် နှစ်ပေါင်း နှစ်ရာအကြာ ဘီစီ ၇၂၁ ခုနှစ်တွင် အဆီးရီးယန်း တို့က မြောက်ပိုင်း အဇ္ဇရေး နိုင်ငံကို တိုက်ခိုက်သိမ်းယူလိုက်ကြ၏။

တဖန် နောက်ထပ် နှစ်ပေါင်း တရာ့ခြောက်ဆယ်ခန့်ကြာသော အခါ ဘီစီ ၅၈၇ ခုနှစ်တွင် တောင်ပိုင်း ဂျုဒနိုင်ငံ ကို ဗေဗီလုံ နိုင်ငံသားတို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးလျှင် အဇ္ဇရေး အများအပြားကို ဗေဗီလုံသို့ ခေါ်ဆောင်သွားကြ၏။ ဂျေရုဆလင် မြို့တော်ကိုလည်း ဆောလ်မုန်ဘုရင်ကြီး ဆောက်လုပ်ထားခဲ့သော ဂျေဟိုဗ ဘုရား၏ စံကျောင်းတော်ကြီးပါ မကျန်ရအောင် ဖျက်ဆီးသွားကြ၏။

အဇ္ဇရေး၏ ကလေးများကား တဖန် နေရာဒေသ အနှံ့အပြားသို့ တကွဲတပြား ပျံ့နှ့ံသွားရပြန်လေပြီ။ အီဂျစ်၏ ကျွန်အဖြစ်မှ လွတ်မြောက်ပြီး နှစ်ပေါင်း ၇၀၀ ခန့် အကြာတွင် ကျွန် ဘဝသို့ တဖန် ရောက်ရပြန်လေပြီ။

ထို့နောက် နှစ်ပေါင်း ၅၀ ခန့်အကြာ ဘီစီ ၅၃၈ ခုနှစ်၌ ဗေဗီလုံကို ပါရှင်း ဘုရင် ဆိုက်ရပ်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြန်၏။ ဟီဗရူးတို့မှာ သခင်တဦး၏ အောက်မှ တခြားသခင်တဦး၏ အောက်သို့ ရောက်ရပြန်၏။

ဂျူး ဘာသာ ပြောင်းလဲလာချိန်     ထို အချိန်တွင် ပါးရှားပြည်၌ တမန်တော် ဇိုရိုအက်စတား ကွယ်လွန်သည်မှာ ၃ နှစ်မျှသာ ရှိသေး၏။ ဇိုရိုအက်စတား ဘာသာ စည်ပင်ပြန့်ပွါး ထွန်းကားနေဆဲအချိန် ဖြစ်၏။ သို့ဖြစ်၍ ဗေဗီလုံသို့ ရောက်လာသော ပါရှင်း အရှင်သခင်တို့၏ ဘာသာ အယူဝါဒကို အဇ္ဇရေးတို့ လေ့လာကြရ၏။ ဇိုရိုအက်စတား ဘာသာမှ သဘောတရားများကို အတော် နားလည် သဘောပေါက်လာကြ၏။

သို့သော် ကမ႓ာမှာ အကောင်း အင်အားစု ဘုရား၊ အဆိုး အင်အားစု ဘုရားဟု ဘုရားနှစ်ဆူ ရှိနေခြင်းကို ဟီဗရူးတို့ မကြိုက်ကြ။ ကမ႓ာလောကကြီးကို ဖန်ဆင်းသော တန်ခိုးရှင်သည် နှစ်ဆူ မဖြစ်နိုင်။ တဆူတည်းသာ ဖြစ်ရမည်။ ထိုတဆူမှာလည်း ဂျေဟိုဗ ဘုရားသခင်သာလျှင် ဖြစ်ရမည်ဟု ဂျူးတို့ ယုံကြည်ကြ၏။ ယခင်ကမူ ဂျေဟိုဗ ဘုရားသခင်ကို ပါလက်စတိုင်း ဘုရား၊ ဂျူးတို့၏ ဘုရားဟုသာ နယ်ကျဉ်းစွာ ယုံကြည်ယူဆခဲ့ကြ၏။

သို့သော် ဇိုရိုအက်စတား ဘာသာကို လေ့လာရာမှ ရရှိသော အတွေးသစ် အမြင်သစ် အချို့ကိုမူ သူတို့ နှစ်ခြိုက်ကြသဖြင့် ဂျူး ဘာသာရေးသဘောတရားအဖြစ် သွတ်သွင်း လက်ခံလိုက်ကြ၏။ ယင်းတို့အနက် အရေးကြီးသော အချက် အချို့မှာ တမလွန်ဘဝရှိသည် ဟူသော အယူအဆ၊ ကောင်းကင်ဘုံနှင့် ငရဲ ရှိသည် ဟူသော အယူအဆတို့ ဖြစ်၏။

ဂျူး တို့ရော ပါရှင်း တို့ပါ ကယ်တင်ရှင် ပေါ်လာမည်ဟု ယုံကြည်ကြ၏။ သို့သော် ဂျူးတို့၏ ကယ်တင်ရှင်မှာ ဂျူးလူမျိုးတို့ကိုသာ ကယ်တင်မည့် အမျိုးသား သူရဲကောင်း ဖြစ်၏။ ပါရှင်း တို့၏ ကယ်တင်ရှင်မှာ တကမ႓ာလုံးကို အဆိုး အင်အားစုများမှ လွတ်မြောက်အောင် ကယ်တင်မည့်သူ ဖြစ်၏။ ဤအချက်၌လည်း ဂျူး တို့သည် ဇိုရိုအက်စတား ဘာသာမှ ကယ်တင်ရှင် အယူအဆကို ပို၍ သဘောကျကာ လက်ခံလိုက်ကြပြန်၏။

ဤနည်းဖြင့် ဗေဗီလုံတွင် ပါရှင်း တို့၏ အုပ်ချုပ်မှုအောက်၌ နေခဲ့ရသဖြင့် ဇိုရိုအက်စတား ဘာသာကို လေ့လာခွင့် ရခြင်းသည် ဂျူးတို့အတွက် အရှုံးထဲမှ အမြတ်ရခြင်း ဖြစ်၏။ ထိုအချိန်မှစ၍ ဂျူးဘာသာကို ပိုမို ကျေနပ်ဖွယ်ရှိအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြ၏။

ဂျေဟူဒီ ယေဟူဒီ ရဟူဒီ     ပါရှင်း တို့သည် ဟီဗရူး တို့ကို မနှိပ်စက်ကြပဲ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံကြ၏။ ပါရှင်းတို့က ဟီဗရူးတို့ကို ဂျေဟူဒီ=ယေဟူဒီ(Jehudis) ဟုခေါ်ကြ၏။ [ မြန်မာတို့ ခေါ်နေကြသော ယဟူဒီ=ရဟူဒီ=ရေဝတီ ဟူသော အသုံးအနှုန်းမှာ ထို ယေဟူဒီမှ ပြောင်းလဲလာဟန် တူပေသည်။ ] ထို ဂျေဟူဒီမှ ဂျူး (Jews) ဖြစ်လာ၍ ဂျူး တို့၏ ဘာသာကိုလည်း (Judaism) ဟုခေါ်ကြ၏။

ပါရှင်းဘုရင် ဆိုက်ရပ်သည် ဂျူးတို့ကို ပါလက်စတိုင်းသို့ ပြန်ခွင့်ပြုလိုက်၍ ဂျူး တို့သည် ဒုတိယအကြိမ် ပါလက်စတိုင်း နိုင်ငံကို တည်ထောင်ကြပြန်သည်။

ပြောင်းလဲတိုးတက်နေသော ဘာသာ     သို့သော်လည်း ဂျူး တို့၏ ဘဝကား တည်ငြိမ်မှု မရကြပေ။ နောင်တွင်လည်း ဂရိတ်၊ ရောမ၊ အီဂျစ်၊ အာရပ်နှင့် တူရကီ တို့၏ တိုက်ခိုက်သိမ်းယူခြင်း၊ အုပ်စိုးခြင်းကို ဆက်ခါဆက်ခါ ခံကြရ၏။ သို့သော် သခင် တဦးပြောင်းတိုင်း ဂျူးဘာသာတွင် ပြောင်းလဲ တိုးတက်မှုများ ပို၍ပို၍ ရရှိခဲ့သဖြင့် ဂျူးဘာသာကား အစဉ်သဖြင့် ပြောင်းလဲ တိုးတက်လာခဲ့သော ဘာသာဟု ဆိုနိုင်တန်ရာ၏။

ဗုဒ္ဓ ဘာသာ

တည်ထောင်သူ
-ဗုဒ္ဓမြတ်စွာဘုရား

ဖွားတော်မူသည့်နှစ်
-ခရစ်မပေါ်မီ ၆၂၄ (ဘီစီ ၅၆၃ တဝါဒ)။

တည်ထောင်သောနှစ်
-ခရစ်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တဝါဒ)။

ပရိနိဗ္ဗာန် စံသည့်နှစ်
-ခရစ်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တဝါဒ)။

စတင်ပေါ်ပေါက်ရာဌာန
-အိန္ဒိယပြည်။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-ဗုဒ္ဓမြတ်စွာဘုရား။

ပဓာနကျမ်းဂန်
-နိကာယ်ငါးရပ်၊ ပိဋကသုံးပုံ။

အခြေခံ ယုံကြည်ချက်များ     ကမ႓ာလောကကို ဖြစ်စေ၊ သတ္တဝါကို ဖြစ်စေ၊ ဖန်ဆင်းသူ တန်ခိုးရှင်မရှိ။ ကမ႓ာလောကရော သတ္တဝါများပါ သက်ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်ပေါ်လာကြသည်။ သက်မဲ့လောက၊ သက်ရှိလောက နှစ်ခုလုံး အကြောင်းကြောင့် ဖြစ်ပျက်နေကြသော ရုပ်အစဉ် နာမ်အစဉ် များသာ ဖြစ်သည်။ တည်မြဲသော ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ အတ္တ မရှိ။ ရုပ်နာမ် မှန်သမျှ ဖြစ်ပြီးလျှင် တစက္ကန့်တောင်မှ တည်တဲ့မနေပဲ ချက်ချင်း ပျက်စီးသွားကြ၍ မမြဲသော သဘော၊ မကောင်းသော သဘော၊ အခိုင်အမာ အနှစ်အသား မဟုတ်သော သဘောချည်း ဖြစ်ကြသည်။

သတ္တဝါတိုင်း မိမိ အလုပ်အားလျော်စွာ အကျိုးရကြသည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရသည်။ ဆိုးတာလုပ်လျှင် ဆိုးကျိုး ခံစားရသည်။

သတ္တဝါသည် တဘဝတည်းဖြစ်သည် မဟုတ်၊ ဘဝပေါင်းများစွာ ဖြစ်သည်။

ဆင်းရဲ၊ ဆင်းရဲ၏ အကြောင်း၊ ဆင်းရဲငြိမ်းခြင်း၊ ဆင်းရဲငြိမ်းကြောင်း အကျင့်လမ်းဟု အမှန်တရား လေးပါးရှိသည်။

ပေါ်ပေါက်လာပုံ     အခန်း(၁) နှင့် အခန်း(၂) ကို ပြန်ကြည့်ပါ။

ခရစ်ယာန်ဘာသာ

တည်ထောင်သူ
-ဂျူးလူမျိုး၊ ယေရှုခရစ်တော်။

မွေးဖွားသည့်နှစ်
-ဘီစီ ၄ ခန့်။

တည်ထောင်သည့်နှစ်
-သက်တော် ၃၀ (အေဒီ ၂၇ ခန့်)။

ကွယ်လွန်သည့်နှစ်
-သက်တော် ၃၃ (အေဒီ ၃၀ ခန့်)။

စတင်ပေါ်ပေါက်ရာဌာန
-ပါလက်စတိုင်းပြည်။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-ထာဝရဘုရားသခင်။

ပဓာနကျမ်းဂန်
-သမ္မာကျမ်းစာ (ဓမ္မဟောင်းနှင့် ဓမ္မသစ်)။

အခြေခံ ယုံကြည်ချက်များ     ကမ႓ာ လောကကြီးနှင့်တကွ သတ္တဝါများကို ထာဝရဘုရားသခင်က ဖန်ဆင်းသည်။ ထာဝရဘုရားသခင်သည် တဆူတည်းသော ဘုရားဖြစ်သည်။ ခမည်းတော်ဘုရား၊ သားတော်ယေရှုခရစ်ဘုရား အပြင် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရှိသည်ဟု ယုံကြည်ကြသည်။ ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးစလုံးသည် တဆူတည်းသော ထာဝရဘုရားသခင် ဖြစ်သည်ဟု ခံယူကြသည်။

ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံတော်မူပြီးနောက် ၃ ရက် မြောက်သောနေ့၌ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းမှု မှန်သမျှ လိုက်လံ နှောင့်ယှက်သော စာတန်မာရ်နတ် ရှိသည်။ တရားဆုံးဖြတ်သောနေ့တွင် ဘုရားသခင်က အပြစ် ရှိသူများကို ငရဲခံစေပြီးလျှင် အပြစ် ကင်းသူများကို ကောင်းကင်ဘုံ ချမ်းသာကို ဝင်စားစေမည်ဟု ယုံကြည်ကြသည်။

ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာ ဆက်စပ်ပုံ     ခရစ်ယာန် ဘာသာ၏ ဓမ္မဟောင်းကျမ်းနှင့် ဂျူးဘာသာတို့သည် အခြေခံအားဖြင့် တူညီကြသည်။ [ အထူးသဖြင့် ထာဝရဘုရားသခင်၏ ပညတ်တော်များ၊ ပရောဖက် တို့၏ ဟောကြားချက်များ၊ ဆာလံကျမ်း ကဲ့သို့သော ထာဝရဘုရားသခင်၏ ဂုဏ်တော်ချီးမွမ်းခြင်းများ ပါရှိသည်။ ]

သို့ရာတွင် ခရစ်ယာန်ဘာသာ၏ သမ္မာကျမ်းတွင် ဓမ္မဟောင်းကျမ်း အပြင် ဓမ္မသစ်ကျမ်းလည်း ပါဝင်သည်။ ဓမ္မသစ်ကျမ်း၌ ခရစ်တော်ယေရှု ၏ ဟောကြား သွန်သင်ချက်များ ပါရှိ၍ ဓမ္မဟောင်းကျမ်းမှ ပညတ်သဘောများကို ပိုမို လေးနက်ပီပြင်စွာ ကျင့်ဆောင်နိုင်ကြစေရန် သွန်သင်ထားသည်။ အထူးသဖြင့် ပညတ်သဘောထက် မေတ္တာသဘော ပို်၍ သက်ရောက်စေရန် ဖော်ပြသည်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စသော ဂုဏ်ကျေးဇူးတရားကို ပိုမို ပေါ်လွင်စေသည်။

ပေါ်ပေါက်လာပုံ     ဂျုဒနိုင်ငံ သို့မဟုတ် ပါလက်စတိုင်း နိုင်ငံသည် ရှေ့ဂျူး ဘာသာ အခန်း၌ ဖော်ပြခဲ့သည့် အတိုင်း နိုင်ငံခြား အုပ်စိုးမှုအောက်သို့ မကြာခဏ ရောက်ရ၏။ ယေရှု မပေါ်မီ ၆၃ နှစ်က စ၍ ရောမတို့ လက်သို့ ပါလက်စတိုင်း နိုင်ငံ ကျရောက်ခဲ့ရာ ယေရှု ပေါ်ပေါက်ချိန်၌ ရောမ ဘုရင် ဩဂတ်စတတ်ဆီဇာ အုပ်ချုပ်နေချိန် ဖြစ်၏။ သို့သော်လည်း ဘုရင်ခံထား၍ အုပ်ချုပ်ခြင်းဖြစ်၏။ ထို့ကြောင့် မြောက်ပိုင်း ပါလက်စတိုင်း၌ ပွန်းတီးယတ်ပီလိတ် ဘုရင်ခံက အုပ်ချုပ်၏။

ခရစ်တော် ဖွားမြင်ရာ ကာလသည် ဘာသာရေးအခြေအနေအရ သမ္မာကျမ်းစာအဆိုအတိုင်း ဘုရားသခင်က စေလွှတ်လိုက်မည်ဆိုသော ကယ်တင်ရှင် ရောက်ခါနီးပြီဆိုကာ လူတို့ မျှော်နေကြသော အချိန်ဖြစ်၏။ ဂျေရုဆလင် မြို့အတွင်းရှိ ဘုရားသခင်၏ စံကျောင်းတော် အတွင်း၌မူ ကုန်သည်များ၊ စားလမ်းပွင့်နေကြသော တာဝန်ရှိ ဘုန်းကြီးများ၊ ငွေ လဲလှယ်သူများ၊ လောလောလတ်လတ် ယဇ်ပူဇော်လိုသော ဘုရားဖူးများ အလွယ်တကူ ဝယ်ယူ ပူဇော်နိုင်ရန် သိုး၊ ဆိတ်၊ နွား ရောင်းသူများဖြင့် ရှုပ်ပွေနေကာ စိတ်ပျက်စရာ အချိန်ကာလ ဖြစ်နေပေပြီ။

အပျိုစင်မှ သားမွေး     ထိုအချိန်တွင် ဘက်သလီဟမ်မြို့မှ လက်သမားဆရာ ဂျိုးဇက် နှင့် ဇနီး မာရီတို့မှ ယေရှုခရစ်ကို ဖွားမြင်၏။ ယေရှုကို ဖွားသောအခါ တည်းခိုဇရပ်တွင် နေရာ မရနိုင်သဖြင့် သူငယ်တော်ကို နွားစာခွက်တွင်သိပ်ထားရသည်။ မာရီသည် သူ့ခင်ပွန်းသည် ဂျိုးဇက်နှင့် မပေါင်းရသေးမီကပင် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်ကြောင့် ပဋိသန္ဓေ စွဲခဲ့ပြီးလျှင် ယေရှုကို ဖွားခြင်းဖြစ်၏။

ဟဲရဒ် ဘုရင်သည် မင်းလောင်းပေါ်သည်ဟု ကြားရသဖြင့် တိုင်းပြည်အတွင်းရှိ ၂ နှစ်အရွယ် ကလေးများကို သတ်စေအမိန့် ထုတ်၏။ ဂျိုးဇက်တို့ ဇနီးမောင်နှံမှာ အိပ်မက်အရ ကြိုတင် သိသဖြင့် သားကလေးကို ချီကာ အီဂျစ် ပြည်သို့ ပြေးကြ၏။ မကြာမီပင် ဟဲရဒ်ဘုရင် နတ်ရွာစံလေ၏။ ဤသတင်းကို ဂျိုးဇက်တို့ ကြားသိသောအခါ ပါလက်စတိုင်းသို့ ပြန်လာပြီးလျှင် ဂယ်လီလီနယ်ရှိ နာဇရက်မြို့၌ အခြေချကာ နေကြ၏။

ဂျွန်နှင့် ယေရှု တွေ့ဆုံခြင်း     ယေရှု၏ အလုပ်ကား သူ့ဖခင်လိုပင် လက်သမား အလုပ်ဖြစ်၏။ အသက် ၃၀ ရောက်သောအခါ ဘက်ပတစ်ဂျွန်ထံ ရေနှစ်ခံရအောင်သွားခဲ့၏။ ထိုအချိန်သည် ဂျူးဘာသာဝင်တို့ အထဲမှ တမန်တော်ဘက်ပတစ်ဂျွန်သည် ကယ်တင်ရှင် လာတော့မည်ဖြစ်ကြောင်းကြေငြာဖို့ ပြင်ဆင်နေချိန် ဖြစ်၏။ တနေ့တွင် ဂျော်ဒန် မြစ်ကမ်းပါး၌ လူအများကို ရေနှစ်မင်္ဂလာ ပြုပေးရန် ပြောသောအခါ ဂျွန်က "သင့်ကို ရေနှစ်မင်္ဂလာ ပြုမပေးနိုင်၊ သင်ကသာလျှင် ကျွနု်ပ်ကို ရေနှစ်မင်္ဂလာ ပြုပေးရမည် ဖြစ်ပါသည်" ဟုပြော၏။ သို့သော်လည်း ယေရှု၏ တောင်းပန်မှုကြောင့် ယေရှုအား ဂျွန်က ရေနှစ်မင်္ဂလာ ပြုပေးလိုက်၏။

ယေရှု အိမ်ပြန်ရောက်သောအခါ နေ့စဉ် တယောက်တည်း သဲကန္တာရထဲသို့ သွား၍ တရားထိုင်၏။ သဲကန္တာရထဲမှ ပြန်လာသောအခါ ယေရှု၏ နှလုံးသားသည် လူသားအချင်းချင်း ညီရင်းအစ်ကိုသဖွယ် ချစ်ခင်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးတို့ဖြင့် ပြည့်နေ၏။

တကိုယ်တော် တော်လှန်ရေး     ပဆိုဗာပွဲတော် နီးကပ်နေသဖြင့် ယေရှုသည်ဂယ်လီလီ၌ ကြာကြာမနေပဲ ဂျေရုဆလင်သို့သွားပြန်၏။ မြို့တော်အတွင်းဘုရားသခင်၏ ကျောင်းတော်ကြီးသို့ ရောက်သောအခါ ရှေးကလိုပင် နွားများ၊ သိုးများ၊ ဆိတ်များ၊ ကုန်သည်များ ငွေ လဲလှယ်သူများနှင့် ရှုပ်ထွေး ပွေလီနေသည်ကို တွေ့ရပြန်၏။

ကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာ၊ ဘုရားသခင်၏ အသရေတော်နှင့် မလျော်သော ထိုမြင်ကွင်းကို သည်းမခံနိုင်သော ယေရှုသည် မြေပေါ်တွင် ကျနေသည် ကြိမ်တံပြာ တချောင်းကို ကောက်ကိုင်လိုက်ပြီးလျှင် ထိုသို့ မတော် မတရား ပြုသူများကို ရိုက်နှက် မောင်းထုတ်ပစ်လိုက်၏။ ငွေ လဲလှယ်သူတို့၏ စားပွဲများကိုလည်း တွန်းလှဲပစ်လိုက်၏။

တရားစတင်ဟောခြင်း     ပဆိုဗာပွဲပြီး၍ အိမ်ပြန်ရောက်သောအခါ ယေရှုသည် သဲကန္တာရထဲမှ သူဆင်ခြင်ခဲ့သော တရားကို နာဇရက်မြို့၌ လူအများအား ဟောကြားလေ၏။ လက်သမားသား ဟောသော တရားကို အရေးမထားရုံမျှမက သရော်လှောင်ပြောင် ပြုလုပ်ကြ၏။ သို့ဖြင့် ယေရှုသည် ဂယ်လီလီကန်ကြီး၏ အနီး၌ရှိသော ကပါနောင် တံငါရွာသို့ သွားပြီးလျှင် သူ့တရားကို ဆက်လက်ဟောကြားခဲ့၏။ မကြာခဏ ရေအိုင်ဆီသို့ သွားကာ တံငါများကို တရားဟောလေ၏။

ယေရှု၏ ဂုဏ်သတင်းမှာ တဖြည်းဖြည်း ရွာအနှံ့ မြို့အနှံ့ ကျော်စောလာ၏။ ထို့ကြောင့် တရားနာရန်နှင့် ယေရှုထံမှအကူအညီတောင်းရန် ကပါနောင် တံငါရွာကလေးသို့ လာရောက်ကြသူများမှာ တနေ့ထက် တနေ့ များပြားလာ၏။

တောင်ပေါ်မှ တရား     တနေ့တွင် ရေအိုင်ကြီး၏ တောင်ကုန်းတခုပေါ်တွင် ကြီးမားလှသော လူစုလူဝေးကြီး ဖြစ်နေရာ ထိုလူထုကြီးအား ယေရှုက ထင်ရှားကျော်ကြားသော တရားကို ဟောလေ၏။ ထိုတရားသည် "တောင်ပေါ်မှ တရား" ဟု ထင်ရှား၏။ ထိုတရား၌ လူသားအချင်းချင်း ငဲ့ညှာရေး၊ သနားကြင်နာရေး၊ သည်းခံရေး၊ စိတ်ကောင်းထားရး သဘောတရားများကို အခြေခံထား၍ ဟောကြားခြင်း ဖြစ်ရာ အချို့သော နေရာများ၌ ဓမ္မဟောင်းကျမ်း၌ ပါဝင်သော ပညတ်များနှင့် ဆန့်ကျင်နေသည်က များ၏။

ရန်သူ့မြေသို့     ယေရှုသည် ရန်သူများရှိရာ ဂျေရုဆလင်သို့ နောက်ပါ အခြံအရံများနှင့်အတူ ထွက်ခွာသွားလေ၏။ သူနှင့် အကြီးမားဆုံး ပဋိပက္ခဖြစ်နေသူမှာ ကုန်သည်ကြီးများ၊ ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်များ၊ ဖာရီရှဲ ခေါ်သည့် သမာရိုးကျကို အစွဲကြီးသော ဘုန်းတော်ကြီးများ ဖြစ်ကြ၏။ သူသည် ဂျေရုဆလင် အနီးမှ တီသနီ မြို့ကလေး၌ နေလျက် ဂျေရုဆလင် မြို့သို့ကြွ၍ တရားဟောလေ့ ရှိ၏။

သစ္စာဖောက်     ကျင်းပတော့မည့် ပဆိုဗာပွဲတော် မတိုင်မီ တညတွင် တပည့်တယောက်၏ အိမ်၌ လက်ရွေးစင်တပည့် ၁၂ ယောက်နှင့်အတူ ညစာ စားကြပြီးနောက် မြို့ပြင်ရှိသွားနေကျ ဥယျာဉ်သို့ သွားကြ၏။ ဥယျာဉ်သို့ရောက်၍ မကြာမီပင် တပည့်ကြီးများ အိပ်ပျော်ကုန်ကြ၏။ ဂျုဒအစ္စကယ်ရီရော့ အမည်ရှိ တပည့်ကြီးမှ တပါး တပည့် ၁၁ ယောက် သူနှင့်အတူရှိနေ၏။  ဂျုဒအစ္စကယ်ရီရော့ မှာမူ ညစာစားပြီး ခပ်စောစောကပင် တနေရာသို့ ထွက်သွား၏။ သူ့ကို ရည်ရွယ်၍ပင် "သင်တို့ထဲက တယောက်ယောက် ငါ့ကို သစ္စာဖောက်လိမ့်မယ်" ဟု ညစာ စားပွဲ၌ ယေရှုက ပြောခဲ့၏။

နောက်ဆုံးည     ည သန်းခေါင်ကျော် အချိန်တွင် ဥယျာဉ်တွင်းသို့ အကြီးအကဲတို့ စေလွှတ်သောသူနှင့် စစ်သည်များသည် မီးတုတ်များနှင့် လက်နက်များ ကိုင်ဆောင်ကာ ဝင်လာကြ၏။ သူတို့ကို တပည့်ကြီး ဂျုဒအစ္စကယ်ရီရော့ကခေါ်လာခြင်းဖြစ်၏။ ယေရှုက ထ၍ တွေ့သောအခါ ရန်သူများက ယေရှုကို ဖမ်းဆီး၍ လက်ပြန်ကြိုးတုပ်လိုက်ရ၏။ ထို့နောက် နာယက ဘုန်းကြီးကျောင်းသို့ ခေါ်သွားပြီးလျှင် ဘုရားသခင်ကို ပုတ်ခတ်ဟောပြောပြစ်၊ ဘာသာတရား ပုတ်ခတ်ဟောပြောပြစ် တို့ဖြင့် စွပ်စွဲ စစ်ဆေး နှိပ်စက်ကြ၏။

နံနက်လင်းသောအခါ ဂျူး ဘာသာတရား၌ စိတ်လည်း မဝင်စား၊ ယေရှုတွင် အပြစ်လည်း မတွေ့၍ လွှတ်ပစ်လိုသော ဘုရင်ခံ ပီလိတ်ကို ဘုန်းကြီးများ မရမနေ သေဒဏ် အမိန့် အချ ခိုင်းကြ၏။ ပီလိတ်လည်း သေဒဏ် အမိန့်ချလိုက်၏။

ဤသို့လျှင် ယေရှု ခရစ်တော်သည် ဘာသာတရားကို ဗန်းပြကာ စားလမး်ထွင်နေကြသော လူကြီးလူကောင်း ဆိုသူများနှင့် ဘုန်းကြီးများ၏ လက်ချက်ဖြင့် ခရစ်ယာန် သာသနာပြုသက် ၃ နှစ်မျှသာ ရသေးသည့် အချိန်တွင် လက်ဝါးကပ်တိုင်၌ ရိုက်ထားလျက် အသေသတ်ခြင်းကို ခံတော်မူရရှာလေသည်။ ထို့နောက် ၃ ရက်မြောက်သောနေ့တွင် ဘုရားသခင်၏ အကြံတော်အတိုင်း သေခြင်းမှ ထမြောက်တော်မူ၍ ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဟု ကျမ်းစာတွင် ပြဆိုထားပေသည်။

အစ္စလာမ် ဘာသာ

တည်ထောင်သူ
-အာရပ်လူမျိုး မိုဟာမက်။

မွေးဖွားသည့်နှစ်
-ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။

တည်ထောင်သည့်နှစ်
-ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။

မဒီနာသို့ထွက်ခွာသည့်နှစ်
-ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။

ကွယ်လွန်သည့်နှစ်
-ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။

စတင်ပေါ်ပေါက်ရာဌာန
-အာရေဗျ နိုင်ငံ၊ မက္ကာမြို့။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-အလ္လာဟ်ဘုရားသခင်။

ပဓာနကျမ်းဂန်
-ကိုရန်ကျမ်းမြတ်။

အခြေခံ ယုံကြည်ချက်များ     "အစ္စလာမ်" သည် အာရဗီ ဘာသာစကား ဖြစ်၏။ "နာခံခြင်း" ဟု အဓိပ္ပာယ်ရ၏။ အလ္လာဟ် ဘုရားသခင်၏ အမိန့်တော်ကို နာခံခြင်းကိုပင် အစ္စလာမ်ဟု ခေါ်ခြင်းဖြစ်သည်။ အလ္လာဟ်ဘုရားသခင်၏ အမိန့်တော်ကို နာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော မူဆလင်များ ဖြစ်ကြသည်။ ဘာသာကို အစ္စလာမ် ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟု ခေါ်ခြင်းဖြစ်သည်။ မိုဟာမက် တည်ထောင်သော ဘာသာဖြစ်၍ မဟာမေဒင် ဘာသာဟုလည်း ခေါ်ကြသည်။

ကမ႓ာကြီးနှင့် သတ္တဝါတွေကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ႓ာ၏ ပထမဆုံး လူသားအဖြစ် အာဒမ် ( Adam ) အမျိုးသား နှင့် ဧဝ ( Eve ) အမျိုးသမီးတို့ကို ဖန်ဆင်းသည်။ သူတို့ နှစ်ယောက် လူသားတွေ ဆက်ကာဆက်ကာ ပေါက်ပွါးလာကြ၏။

အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံကြည်ရမည့် အချက်ကြီးများမှာ-
ကမ႓ာကို ဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။
အလ္လာဟ် ၏ အမိန့်အတိုင်း ဆောင်ရွက်ရသော ကောင်းကင် တမန်များကို ယုံကြည်ရမည်။
တမန်တော်ကြီး၊ တမန်တော်ကလေးများကို ယုံကြည်ရမည်။ တမန်တော်ကြီးများမှာ အာဒမ်၊ နောဧ၊ အေဗရာဟင်၊ မိုးဇက်၊ ယေရှုတို့ ဖြစ်ကြသည်။ မိုဟာမက်မှာ အကြီးမြတ်ဆုံး တမန်တော်ဖြစ်သည်။
တရား ဆုံးဖြတ်မည့်နေ့ကို ယုံကြည်ရမည်။ တရား ဆုံးဖြတ်မည့်နေ့တွင် လူတွေအားလုံး သေရာမှ ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးဖြတ် ခံရမည်။
တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။
အစ္စလာမ် ဘာသာ၌ အခြေခံ အချက်ကြီး ငါးချက်ရှိသည်။
ယင်းတို့မှာ-
အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင် ဖြစ်သည်။ မိုဟာမက် သည် အကြီးမြတ်ဆုံးသော တမန်တော် ဖြစ်သည်။
တနေ့လျှင် ၅ ကြိမ် ဘုရား ဝတ်ပြုရမည်။
ဆင်းရဲသားများအား ကျွေးမွေး ပေးကမ်း ရမည်။
ရမ်မဇမ်လ၌ ဥပုသ် စောင့်ရမည်။
ငွေကြေး တတ်နိုင်သူများ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူး သွားရမည်။ ( ဟာ့ဂျ် သွားသည် ဟု ခေါ်ကြသည်။ )
အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တခုမှာ "ရုပ်တုကို ရှိမခိုးရ၊ မကိုးကွယ်ရ" ဟူ၍ ဖြစ်သည်။

ပေါ်ပေါက်လာပုံ     အာရေဗျနိုင်ငံ မက္ကာမြို့သည် တမန်တော် မိုဟာမက် မပေါ်ထွွန်းမီ အေဒီ ၆ ရာစု အစပိုင်းကတည်းက ဘုရားဖူးများဖြင့် စည်ကား၏။ ယင်းသို့ စည်ကားခြင်းမှာ ဘာသာရေး အရ အချက်အချာ ကျသောကြောင့်သာ မဟုတ်၊ အရှေ့တောင်ဘက်တွင် အိန္ဒိယပြည်နှင့် ပါးရှားပြည်၊ မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် အီဂျစ် နိုင်ငံများရှိရာ ကုန်သွယ်ရေး လမ်းကြောင်း ဗဟို၌ တည်ရှိနေသဖြင့် စီးပွါးရေး အရ အချက်အချာ ကျသောကြောင့်လည်း ဤမျှ စည်ကားနေခြင်း ဖြစ်ဟန်တူပေသည်။

ဤ အချက်သည်ပင် အစ္စလာမ်ဘာသာ ပေါ်ထွန်းလာရခြင်း၏ အကြောင်း တစိတ်တဒေသ ဖြစ်နိုင်ပေသည်။ နိုင်ငံရပ်ခြား စီးပွါးရေးသမားများသည် ဘာသာရေးသမားများစုဝေးရာဖြစ်သော ကအာဗာ ဝတ်ကျောင်းတော်နှင့် အစ္စမေးလ် ၏ ရေကြည်တော်တွင်းတို့၌ လူစည်ကားနေသည်ကို တွေ့ရသောအခါ စီးပွါးရေး လာဘ်မြင်သူများ ဖြစ်ကြသည့်အတိုင်း စီးပွားရေးအရ အမြတ်ထုတ်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် မက္ကာသည် ဈေးမြို့ ဖြစ်လာရုံမျှမက ကအာဗာ ဝတ်ကျောင်းတော် တဝိုက်သည်လည်း ဈေးရပ်ကွက်သဖွယ် ဖြစ်လာရဟန်တူပေသည်။

ဤသို့သော နေရာများသည် အပျော်အပါး လောင်းကစားသမားများ၊ အမူးသမားများ ကျက်စားစရာ ဖြစ်ပေသည်။ လူမျိုးစုံသော နေရာ၌ ကိုးကွယ်မှုမျိုးစုံလာကာ ကိုးကွယ်စရာ ရုပ်တုတွေလည်း များပြားလာခြင်း ဖြစ်ပေသည်။

ကအာဗာ ဝတ်ကျောင်းတော်၌ ဘုရားဖူး စည်ကားသည်ကို ထောက်ဆခြင်းအားဖြင့် တမန်တော် မိုဟာမက် မပေါ်ထွန်းမီအချိန်က ဂျူးဘာသာ ခရစ်ယာန် ဘာသာတို့ကို ကိုးကွယ်သူများကြဟန် တူပေသည်။ ဇိုရိုအက်စတား ဘာသာဝင်များလည်း မရှိဟု မဆိုနိုင်ချေ။ သို့သော် အများစုသည် စင်ကြယ်သော ဘာသာတရားကို ကိုးကွယ်ကြဟန် မတူပေ။

မိုဟာမက် ဖွားမြင်ခြင်း     ဤသို့သော အခြေအနေတွင် တမန်တော် မိုဟာမက်ကို မွေးဖွားလာခြင်း ဖြစ်၏။ သူသည် မက္ကာမြို့တွင် ခရစ်နှစ် ၅၇၀ ခုနှစ်၌ ဖွားမြင်သူဖြစ်သည်။ မိခင်မှာ အာမေနတ်၊ ဖခင်မှာ အဗ္ဗဒူလာ ဖြစ်သည်။ သူ မမွေးဖွားမီကလေးတွင် ဖခင် ကွယ်လွန်သွား၍ ဖခင်၏ မျက်နှာကို သူ မမြင်လိုက်ရပေ။ မိခင်သည်လည်း သူခြောက်နှစ်သား အရွယ်တွင် ကွယ်လွန်သွား၏။ သူ့ကို သူ့ ဦးလေး အဘူတလစ်က ကျွေးမွေး စောင့်ရှောက်ထားရ၏။

မိုဟာမက် လူလားမြောက်လာသောအခါ ဆီးရီးယား နိုင်ငံသို့ကုလားအုပ်များဖြင့် ကုန်ကူးသွားသော ကုန်သည်များကို ဦးဆောင်လမ်းပြ လုပ်ရ၏။ သူ၏ အလုပ်အကိုင် ကျွမ်းကျင်မှုကြောင့် ပစ္စည်းချမ်းသာလှသော ကလေးသုံးယောက် မိခင် မုဆိုးမကြီး ခဒီဂျာက မိုဟာမက်ကို သူ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ အဆိုပါ နိုင်ငံများသို့ ကုန်ကူးသန်းရန် စေလွှတ်၏။ မိုဟာမက်၏ ကျွမ်းကျင်မှု၊ သစ္စာရှိမှု၊ စိတ်ကောင်းရှိမှုတို့ကြောင့် ခဒီဂျာက မိုဟာမက်ကို အိမ်ထောင်ဘက်အဖြစ် ရွေးလိုက်၏။ ထိုအချိန်၌ ခဒီဂျာက အသက် ၅၀ ရှိပြီ ဖြစ်၍ မိုဟာမက်က ၂၅ နှစ်မျှသာ ရှိသေး၏။ သို့သော် အိမ်ထောင်ရေးသုခကို ရကြသည်ဟု ဆို၏။

အစ္စလာမ်ဘာသာ၏ အစ     ခဒီဂျာနှင့် လက်ထပ်ပြီးသောအခါ မိုဟာမက်၌ အချိန်အား ရသဖြင့် အားလပ်သည့် အချိန်များတွင် တဦးတည်း တိတ်ဆိတ်စွာ ထိုင်လျက် တရားနှလုံးသွင်း ဆင်ခြင်၏။ အထူးသဖြင့် သူသည် မက္ကာ၏ လက်ရှိ ဘာသာရေး အခြေအနေကို ဘဝင်မကျနိုင်သဖြင့် ဘာသာတရားကို ပိုမို တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မည့် နည်းလမ်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ် ရှာဖွေနေ၏။

ထိုသို့ ဆင်ခြင် သုံးသပ်နေစဉ် တညတွင် ကောင်းကင်တမန် ဂေဗရီယယ် သူ့ရှေ့၌ ပေါ်လာပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ပေး၍ အဖတ်ခိုင်း၏။

မိုဟာမက်သည် ဝမ်းသာအားရနှင် အိမ်သို့ ပြေးသွားပြီးလျှင် သူ၏ ထူးဆန်းသော အဖြစ်အပျက်များကို သူ့ဇနီးအားပြောပြ၏။ ခဒီဂျာက အကြွင်းမဲ့ ယုံကြည်၏။ ကာလ အတန်ကြာသော် မိုဟာမက်သည် သူ့ကိုယ်သူ ဘုရားသခင် ရွေးချယ်သော တမန်တော်အဖြစ် ယုံကြည်ယူဆကာ သူ့မိသားစုနှင့် ဆွေမျိုးများကို စ၍ တရားဟောတော့၏။

ဘုရားဖူးသူများအား တရား စဟောခြင်း     ဆွေမျိုးများထဲမှ သူ့တရားကို ယုံကြည်လက်ခံသူ အတော်များများ ရှိလာသော အခါ ကအာဗာ ဘုရား ဝတ်ကျောင်းတော်သို့ သွား၍ ဘုရားဖူးသူများအား တရားဟောလေသည်။ သူ့တရားကို "အလ္လာဟ် အရှင်မြတ်မှတပါး ဘုရားမရှိ၊ မိုဟာမက်ဟာ အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်" ဟူသော စကားမှ စ၍ ဟောသည်။ လူတွေက သူ့တရားကို မယုံကြည်ကြရုံမျှမက သူ့ကို ပြောင်လှောင် ရယ်မောကြ၏။

သို့သော် မိုဟာမက်ကား မလျှော့။ ဆက်လက်၍ ဟောမြဲ ဟောလေ၏။

မဒီနာသို့ ရွှေ့ပြောင်းရခြင်း     အတန်ကြာသော် တမန်တော် မိုဟာမက်သည် ရုပ်တု ကိုးကွယ်မှု ဆန့်ကျင်ရေး၊ အရက်နှင့် လောင်းကစား ဆန့်ကျင်ရေးတရားများကိုပါ ဟောလေသည်။ ကအာဗာ ဝတ်ကျောင်း တော်နှင့် အစ္စမေးလ် ရေကြည်တော်တွင်းကို မှီ၍ စီးပွါးရှာနေကြသော စီးပွါးရေးသမားများ၏ မူမမှန်သော လုပ်ရပ်များကိုပါ ထုတ်ဖော် ထိပါး၍ ဟောကြား၏။ ဤတရားများက တမန်တော်ကို ရန်များလာစေသည်။

သို့နှင့် အထိပါးခံရသူများသည် တမန်တော်ကို သတ်ရန်စီစဉ်ကြ၏။ သူတို့၏ အစီအစဉ်ကို တမန်တော် ကြိုတင် သိ၍ သတ်မည့်ညတွင် ကုလားအုပ်စီးလျက် နောက်ပါ အချို့နှင့် အတူ ယသရစ်မြို့သို့ရွှေ့ပြောင်းလွတ်မြောက်သွား၏။ ယသရစ်မြို့ကိုလည်း မဒီနာဟု နာမည်ပြောင်းလိုက်၏။

ယင်းသို့ ထွက်ပြေးသွားသော နှစ်မျာ ခရစ်နှစ် ၆၂၂ ခုနှစ် ဖြစ်၏။ ထို အချိန်တွင် တမန်တော်၏ အသက် ၅၃ နှစ်ရှိပေပြီ။

ခုနှစ် ရေတွက်ပုံ     အစ္စလာမ် ဘာသာ၌ တမန်တော် မဒီနာ သို့ ရွှေ့ပြောင်းသော ညသည် အလွန်အရေးပါလှ၏။ အကြောင်းမှာ မိုဟာမက်၏ တရားတော်များကို မဒီနာမှစ၍ ထိရောက်စွာ ဟောပြော ဖြန့်ဖြူးနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် မူဆလင်တို့သည် ခုနှစ်ကို ရေတွက်လျှင် တမန်တော် မိုဟာမက် မဒီနာသို့ ထွက်ခွာသောနှစ်မှ စ၍ ရေတွက်ကြ၏။ သို့ဖြစ်ရာ ခရစ်နှစ် ၆၂၂ ခုနှစ်သည် မူဆလင်တို့ ဟိဂျရိ နှစ်အရ ၁ နှစ် ဖြစ်လေသည်။

ဗုဒ္ဓသာသနာနှစ် ရေတွက်ပုံမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံသောနှစ်မှ စ၍ ရေတွက်၏။ ကမ႓ာသုံး ခရစ်နှစ် ရေတွက်ပုံမှာ ယေရှုခရစ် မွေးဖွားသော နှစ်မှ စ၍ ရေတွက်၏။ ထို့ကြောင့် ယေရှုခရစ် မမွေးဖွားမီ နှစ်များကို (B.C) ဟု အတိုကောက် ရေး၍ မွေးဖွားပြီးနောက် နှစ်များကို (A.D) ဟု အတိုကောက် ရေးကြ၏။

တိုက်ယင်း ဖြန့်     မဒီနာမြို့၌ တမန်တော် မိုဟာမက်၏ တရားများကို လူ အများအပြား ယုံကြည်လက်ခံကြ၏။ ဂျူးတို့ကမူ လက်မခံကြချေ။ မိုဟာမက် ကို မဒီနာမြို့သားတို့ လေးစားချစ်ခင်ကြ၏။ မြို့၏ အကြီးအကဲ အဖြစ် တင်မြှောက်ကြ၏။

မက္ကာမှ တမန်တော်၏ ရန်သူများသည် တမန်တော်ကို မဒီနာအထိ လိုက်၍ သတ်ရန် စီစဉ်ကြ၏။ သူသည် ထိုရန်ကို ခုခံ တွန်းလှန်နိုင်ရန် စစ်သားများ စုဆောင်း၍ စစ်တပ် ဖွဲ့လိုက်ပြီးလျှင် ရန်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရာ တဖြည်းဖြည်း စစ်ပွဲအဖြစ် ရောက်သွားတော့၏။ စစ်ပွဲပေါင်း များစွာတွင် တမန်တော်၏ တပ်သားများက အောင်နိုင်ကြ၏။ ဤ နည်းဖြင့် မိုဟာမက်သည် အစ္စလာမ် သာသနာကို တည်ထောင် ဖြန့်ဖြူးရ၏။ မက္ကာကိုကား မသွားနိုင်သေးပေ။

အောင်ပွဲ     ခရစ်နှစ် ၆၃၀ ခုနှစ်၊ တိဂျရိ (အစ္စလာမ်နှစ်) ၈ နှစ်မြောက်သောအခါ မိုဟာမက်သည် တပ်သားတသောင်းပါဝင်သော တပ်မကြီးဖြင့် မက္ကာသို့ ချီတက်သွားရာ မက္ကာ မြို့သားတို့က ကြောက်လန့်၍ မြို့မှ ထွက်ပြေးကြ၏။ တမန်တော်သည် မည်သူ့ကိုမျှ ရန်မပြုပဲ ကအာဗာ ဝတ်ကျောင်းတော်သို့သာ တန်းတန်း မတ်မတ် ချီတက်သွားပြီးလျှင် သုံးရာခြောက်ဆယ်သော ရုပ်တုတို့ကို ဖျက်ဆီးစေပြီးနောက် အေးဆေးစွာ ဘုရားဝတ်ပြုနေလေ၏။

ဟာ့ဂျ် သွားခြင်း၏ ရည်ရွယ်ချက်     ကအာဗာ (Kaaba) ဆိုသည်မှာ ကျောက်တုံးနက် ဖြစ်၏။ ယင်း ကျောက်တုံးနက်ကို ကမ႓ာဦးလူ တမန်တော်အာဒမ်က ကောင်းကင်ဘုံမှ ယူခဲ့ပြီးလျှင် ဤမက္ကာမြို့ ဖြစ်လာမည့်နေရာ၌ ကျောင်းဆောက်ကာ သိမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဆို၏။ မက္ကာသို့ ကမ႓ာ့နိုင်ငံ အနှ့ံအပြားမှ ဘုရားဖူးသွားကြသူများသည် ဤ ကျောက်တုံးနက်ကို ဖူးမြော်ရန် သွားကြခြင်းဖြစ်သည်။ အခြား ဝတ်ပြုမှုတွေ ရှိသေးသော်လည်း ဤကျောက်တုံးနက်သည် လိုရင်း ဖြစ်သည်ဆို၏။

မက္ကာ မြို့သားတို့သည် မိုဟာမက် ရန်ပြုရန် လာခြင်းမဟုတ်ကြောင်း သိကြသောအခါ မြို့သို့ ပြန်လာပြီးလျှင် မိုဟာမက်ထံ စုဝေး ရောက်လာကြ၏။ တမန်တော်က ဆုံးမ ဩဝါဒစကား ပြောကြားပြီးလျှင် တရားဟော၏။ မြို့သား အများစု ကျေကျေနပ်နပ်ဖြင့် တမန်တော်၏ တရားကို ယုံကြည်လက်ခံကြ၍ မူဆလင်တွေ ဖြစ်လာကြ၏။

နောက်ဆုံး ဩဝါဒ     တမန်တော် မိုဟာမက်သည် စစ်သား တယောက်မျှ မက္ကာတွင် ချန်မထားခဲ့ပဲ မဒီနာသို့ အေးဆေးစွာ ပြန်ခဲ့၏။ နောင် ၂ နှစ် အကြာတွင် မက္ကာသို့ ဘုရားဖူး တဖန် သွားပြန်ပြီးနောက် မဒီနာသို့ ပြန်ရောက်သောအခါ တပည့်တို့ကိုခေါ်၍ နောက်ဆုံး ဩဝါဒကို ပေးလေသည်။ ယင်း ဩဝါဒမှာ "အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။ ရုပ်တုကို ဘယ်တော့မှ မကိုးကွယ်ရ။ ဆင်းရဲသူများကို သနားကြင်နာရမည်။ အလုပ်သမားကို သူ၏ ကိုယ်မှ ချွေးမခြောက်မီ သူ၏ လုပ်ခကို ပေးရမည်" ဟု စသော ဟောနေကျ တရားများပင် ဖြစ်၏။

သုံးလ ကြာသောအခါ အသက် ၆၃ နှစ် အရွယ်တွင် တမန်တော် မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားလေသည်။