သာမဏေရ ပဗ္ဗဇ္ဇာ


အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤ သင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။





မွန်မြတ်သည့် အစဉ် အလာ     မြန်မာပြည်၌ ယောကျ်ားကလေး မှန်သမျှရှင်သာမဏေ ပြုပေးရမည် ဟူသော မွန်မြတ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ်အလာ ရှိလာခဲ့၏။ လွန်စွာ နှစ်လိုဖွယ် ကောင်းသော ယဉ်ကျေးမှု အစဉ်အလာ ဖြစ်၏။ ဤ အစဉ် အလာ ကြောင့်ပင် မြန်မာ ယောက်ျားကလေးတိုင်း ဘာသာ သာသနာနှင့် ထိတွေ့ခွင့်လေ့လာခွင့် ရရှိနေခြင်း ဖြစ်၏။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာမိဘများ၊ ရှင်သာမဏေလောင်းများ၊ ရှင်သာမဏေများသည် ရှင်သာမဏေ ပြုပေးခြင်းနှင့် စပ်ဆိုင်သော သိသင့် သိစရာများကို အထိုက်အလျောက် သိထားသင့်ပေသည်။

သို့ဖြစ်ရာ ဤအခန်၌ ဝိနည်းမဟာဝါ ပါဠိတော် နှင့် အဋ္ဌကထာ ၌ ပါရှိသော အချက်အလက် တို့ကို အခြေခံလျက် သိမှတ်ဖွယ်များကို အကျဉ်းချုံး၍ ရေးသား ဖော်ပြပါမည်။

မိဘ ခွင့်ပြုမှ ရှင်ပြုရ     ရှင်သာမဏေ ပြုလိုသူသည် ရှေးဦးစွာ မိဘထံ ရှင်သာမဏေ ပြုခွင့်ရရန် ခွင့်ပန်ရ၏။ မိဘ ခွင့်မပြုသော သူကို ရှင်မပြုပေးနိုင်ပေ။ မြတ်စွာဘုရားသည် ခုနစ်နှစ်သား သားတော်ကလေး ရာဟုလာက အမွေတောင်းသဖြင့် သာသနာ့ အမွေအဖြစ် အရှင်သာရိပုတ္တရာကို ရှင်သာမဏေ ပြုပေးစေ၏။ ရာဟုလာကို ထီးမွေ နန်းမွေဆက်ခံစေရန် မျှော်မှန်းထားသော သုဒ္ဓေါဒန ဘုရင်ကြီး စိတ်မချမ်းမသာ ဖြစ်ရ၏။ ထို့ကြောင့် မိဘ ခွင့်မပြုသောသားကို ရှင်ပြုမပေးပါရန် မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားက "မိဘ ခွင့်မပြုသော သားကို ရှင်ပြုမပေးရ" ဟု စည်းမျဉ်း ချမှတ်တော်မူ၏။

ဆံချရန် သံဃာကိုပန်ကြား     ရှင်သာမဏေ ပြုပေးရာ၌ လိုရင်း ကိစ္စမှာ သုံးခုသာ ရှိ၏။ (၁) ဆံချခြင်း၊ (၂) သင်္ကန်းဝတ်ပေးခြင်း၊ (၃) သရဏဂုံပေးခြင်း ဤသုံးခုသာ လိုရင်း ဖြစ်၏။ မိဘ ခွင့်ပြုသော ရှင်လောင်းကို ရှင်ပြုရန် ရှေးဦးစွာ ဆံချပေးရ၏။ ဆံချမပေးမီ ကျောင်းရှိ သံဃာများကို ပန်ကြားရ၏။ ရှင်လောင်းကို သံဃာတော်များအထံ ခေါ်သွား၍ "ဤရှင်လောင်း ဆံချရန် ပန်ကြားပါသည် ဘုရား" ဟု ဖြစ်စေ၊ "ဤရှင်လောင်း ရှင်ပြုရန်ပန်ကြားပါသည် ဘုရား" ဟု ဖြစ်စေ ပန်ကြားရ၏။ ရှင်လောင်းကို ခေါ်မသွားပဲ ရဟန်းငယ် တပါးပါး ဖြစ်စေ၊ သာမဏေ တပါးပါး ဖြစ်စေ သံဃာများထံ သွား၍ ပန်ကြားနိုင်၏။

ကျောင်းဝင်း အတွင်းရှိ သိမ်အတွင်း၌ ဆံချလျှင် သံဃာများကို ပန်ကြားဖို့ မလိုတော့ပေ။ ထို သိမ်အတွင်း၌ ရဟန်း တပါးပါးရှိနေလျှင်မူ ထိုရဟန်းကို ပန်ကြားရမည်။ ဆံချပြီးသား ရှင်လောင်း၊ ဆံ လက်နှစ်သစ်ထက် ပို၍ မရှည်သော ရှင်လောင်းများအတွက်၊ ဆံချမှုကိစ္စ မရှိ၍ ပန်ကြားဖို့ မလိုပေ။ လက်နှစ်သစ်ထက် ရှည်သော ဆံပင်ရှိလျှင် တချောင်းမျှပင် ရှိစေကာမူ သံဃာအား ပန်ကြားပြီးမှသာ ရိတ်ဖြတ်ရ၏။
( ဝိ-ဋ္ဌ ၃၊ ၂၈၄-၅ )

ပန်ကြားရခြင်း အကြောင်းရင်း     မြတ်စွာဘုရား လက်ထက်တော် အခါက အိမ်မှ ထွက်ပြေးလာသော ကလေးတယောက်ကို ရှင်ပြုပေးရာ ရဟန်းတော်အများစု မသိလိုက်ကြသဖြင့် မိဘများ ကျောင်းသို့ရောက်လာ၍ ထိုကလေး ကျောင်း၌ ရှိ မရှိ မေးသောအခါ မရှိကြောင်းဖြေလိုက်ကြ၏။ မိဘများက ကျောင်းဝင်းထဲ၌ ရှာဖွေကြသောအခါ ရှင်သာမဏေ ဖြစ်နေသည်ကို တွေ့ရ၍ ရဟန်းတော်များကို မုသာဝါဒဖြင့် စွပ်စွဲကြ၏။ ဤ ဖြစ်ရပ်ကို အကြောင်းပြု၍ ရှင်လောင်းများ ဆံချဖို့ သံဃာအား ပန်ကြားရန် ပညတ်တော်မူခြင်း ဖြစ်၏။  ( ဝိ ၃၊ ၁၀၇ )

တစပဥ္စက နှလုံးသွင်း     ဆံချသောအခါ၌ ရှင်လောင်းကို တစပဥ္စက ကမ္မဋ္ဌာန်း ရွတ်ဆို ဆင်ခြင် စေလျက် ဆံချပေးရ၏။ ရေချိုးသောအခါ၌လည်း ရွတ်ဆို ဆင်ခြင် စေရ၏။ ကောင်းမွန်စွာ ဆင်ခြင်နိုင်စေရန် ဆံမချမီကပင် ရွတ်ဆိုနည်း ဆင်ခြင်နည်းကို သင်ပေး ထားရ၏။ "ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော" ဟု ပါဠိဘာသာဖြင့်ဖြစ်စေ၊ "ဆံပင်၊ မွေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ" ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆို ဆင်ခြင်စေရ၏။

ထိုဆံပင် စသည်တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာ အရပ်အားဖြင့် မတင့်မတယ် ရွံစဖွယ်ဖြစ်ပုံ၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပုံတို့ကို နားလည်အောင် ရှင်းပြသင်ကြားပေးပြီး ဆင်ခြင် နှလုံးသွင်းစေရမည်ဟု အဋ္ဌကထာ ဆရာမိန့်တော်မူသည်။   ( ဝိဋ္ဌ- ၃၊ ၂၄၉ )

တစပဥ္စက ကမ္မဋ္ဌာန်း     ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။
ဆံပင်၊ မွေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ။ အရေ၊ သွား၊ လက်သည်း ခြေသည်း၊ မွေးညှင်း၊ ဆံပင်။

ဤ ဆံပင် တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏။ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏။ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။
ဤ မွေးညှင်း  တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏။ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏။ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။
ဤ လက်သည်း ခြေသည်း  တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏။ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏။ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။
ဤ သွား  တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏။ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏။ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။
ဤ အရေထူ အရေပါး  တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏။ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏။ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။
ဤ တစပဥ္စက ကမ္မဋ္ဌာန်းကို ဆံချယင်း စီးဖြန်းပွါးများခြင်းကြောင့် တရားသားတက်ကာ အရဟတ္တဖိုလ်အထိ ရရှိကြသည့် သံကိစ္စသာမဏေ စသော သာမဏေကျော်များမှာ အားကျစရာ ကောင်းလှ၏။

လူနံ့ပျောက်အောင်     ဆံချ ပြီးလျှင် လူနံ့ ပျောက်အောင် ဦးခေါင်းကိုရော ခန္ဓာကိုယ်ကိုပါ နနွင်းမှုန့်ဖြင့် ဖြစ်စေ၊ နံ့သာမှုန့်ဖြင့် ဖြစ်စေ လိမ်းကျံ ပွတ်နယ်ပေးရမည်ဟု အဋ္ဌကထာ ညွှန်ကြား၏။

သင်္ကန်းပေးခြင်း     ထို့နောက်မှ ဥပဇ္ဈာယ်ဆရာ ကိုယ်တိုင် ဖြစ်စေ၊ အခြား ရဟန်း တပါးပါး၊ သာမဏေ တပါးပါး၊ ဥပသကာ တဦးဦးကို စေခိုင်း၍ ဖြစ်စေ ရှင်လောင်းအား သင်္ကန်းပေး၍ ဝတ်ပေးရ၏။ မစေခိုင်းပဲနှင့် သင်္ကန်းဝတ်လာလျှင် ထိုသင်္ကန်းကို ချွတ်စေ၍ တဖန် သင်္ကန်းပေး၍ ဝတ်စေရာ၏။

ဥပဇ္ဈာယ်ဆရာ ကိုယ်တိုင်ပေးသော သင်္ကန်းဖြင့် ဖြစ်စေ၊ ဥပဇ္ဈာယ်ဆရာက စေခိုင်း၍ ပေးသော သင်္ကန်းဖြင့် ဖြစ်စေ ရှင်ပြု ပေးမှသာလျှင် အပ်၏။

မိမိကိုယ်ပိုင် သင်္ကန်းကို ယူလာသော ရှင်လောင်းသည် မိမိသင်္ကန်းကို ဥပဇ္ဈာယ်ဆရာထံ အပ်နှံ၍ ဆရာက ပေးသော သင်္ကန်းကိုသာ ဝတ်ရုံပြီးလျှင် ရှင်သာမဏေအဖြစ် ခံယူရသည်။

ထို့ကြောင့်ပင် ဝိမတိဝိနောဒနီကာဋီရှင် က "သဗ္ဗ ဒုက္ခ နိဿရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ" ဟု ဆရာ့ထံ သင်္ကန်းအပ်ပုံ အစီအရင်ကို လည်းကောင်း၊ "ဣမံ ကာသာဝံ ဂဟေတွာ" နေရာ၌ "တံ ကာသာဝံ ဒတွာ" ဟု ပြောင်းလဲ ရွတ်ဆို၍ ဆရာ့ထံမှသင်္ကန်းတောင်းပုံ အစီအရင်ကို လည်းကောင်း စီစဉ် ညွှန်ကြားခဲ့ပေသည်။  ( ဝိမတိ-ဋီ ၂၊ ၉၅ )


ယင်း အစီအရင်ကို မှီး၍ ယခုခေတ် "သကလ ဝဋ ဒုက္ခ နိဿရဏ" စသော သင်္ကန်းအပ် သင်္ကန်းတောင်း များကို ဆရာမြတ်တို့ စီစဉ်ထားကြခြင်း ဖြစ်၏။


ဆရာ့အထံ သင်္ကန်း အပ်ရန်

သကလ ဝဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

[ အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤ သင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။ ]

ဆရာ့ထံမှ သင်္ကန်းတောင်းရန်

သကလ ဝဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

[ အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။ ]

ရှင်သာမဏေအဖြစ် တောင်းခံရန်

အဟံ ဘန္တေ တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။


တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


[ အရဟတော = ပူဇော်အထူးကို ခံတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓဿ = သိစရာမှန်သမျှ တစမကျန် သယမ႓ူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော၊ တဿဘဂဝတော = ထိုမြတ်စွာဘုရားအား၊ နမော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။ ]


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။


ဒုတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည်ဆည်းကပ်ပါ၏။
မြတ်စွာဘုရား၏ တရားတော်မြတ်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ပါ၏။
မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်အပေါင်းကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ် ပါ၏။
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ သတ္တဝါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ သူတပါး၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ မမြတ်သော အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ မူးယစ် မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ နေမွန်းလွဲသော အခါမှ စ၍ နောက်တနေ့ အရုဏ်မတက်မီအတွင်း စားဖွယ် သောက်ဖွယ်ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ သာသနာတော်နှင့် မလျော် ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားတောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၈။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ ပန်းပန်ခြင်း၊ အမွှေးနံ့သာ လိမ်းကျံ ရှူရှိုက်ခြင်း၊ နံ့သာမှုန့် အရောင်တင်ဆီတို့ဖြင့် တင့်တယ် ပြေပြစ်အောင် ဖို့သိပ် ခြယ်သခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ တတောင့်ထွာထက် ပို၍ မြင့်သော အိပ်ရာ နေရာ၊ အလွန် ကောင်းမွန် ခမ်းနားသော အိပ်ရာ နေရာ တို့၌ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
၁၀။ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ ရွှေ ငွေ ဒင်္ဂါး အကြွေ ငွေစက္ကူ တို့ကိုကိုင်ခံခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
ဣဒံ မေ သီလံ မဂ္ဂဖလဉာဏဿ ပစ္စယောဟောတု။
[ တပည့်တော်၏ ဤ ဆယ်ပါးသီလသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အား ကျေးဇူးပြုသော အကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်း။ ]

ဥပဇ္ဈာယ်ယူရန်


ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။
ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။
ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။


[ အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ အပြစ်ကြီး အပြစ်ငယ် တို့ကို ကြည့်ရှု၍ ဆိုဆုံးမသော ဥပဇ္ဈာယ် ဆရာ ဖြစ်တော်မူပါ အရှင်ဘုရား။ ]

သရဏဂုံဖြင့် ရှင်ပြု     ရှင်သာမဏေလောင်းများသည် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာအဖြစ် ယုံကြည် ဆည်းကပ်ကြောင်း နှုတ်က ထုတ်ဖော်ပြောဆိုလျှင် သာမဏေ ဖြစ်တော့၏၊ ပါဠိဘာသာဖြင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသည်ကို ဆရာချပေးသည့်အတိုင်း လိုက်၍ ရွတ်ခြင်းသည် ယုံကြည် ဆည်းကပ်ကြောင်း ထုတ်ဖော် ပြောဆိုခြင်းပင်ဖြစ်၏။ ဤသည်ကို သရဏဂုံ ခံယူဆောက်တည်သည်ဟု ခေါ်ဝေါ် ပြောဆိုကြ၏။

သရဏဂုံကို ရွတ်ဆိုစေ၍ ရှင်ပြုပေးသော ဤ အစဉ်အလာသည် ကပ္ပိလဝတ်ပြည်၌ မြတ်စွာဘုရား၏ အမိန့်တော်အရ ရာဟုလာကို အရှင်သာရိပုတ္တရာ ရှင်ပြုပေးချိန်မှ ယခုအထိ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်များ ပြုပြင်ပြောင်းလဲမှု မရှိပဲ ကျင့်သုံးလာသော အစဉ်အလာ ဖြစ်၏။ ထို ရာဟုလာ ရှင်ပြုပွဲ၌ မြတ်စွာဘုရားက "ရဟန်းတို့၊ ဤ သရဏဂုံ သုံးပါးတို့ဖြင့် ရှင်ပြုပေးခြင်းကို ခွင့်ပြုတော်မူသည်" ဟု ခွင့်ပြုမိန့် ထုတ်တော်မူခဲ့၏။


အဓိပ္ပာယ်သိမှ ပိုကောင်းသည်     ရှင်တော် မြတ်ဘုရား၏ ဤ ခွင့်ပြုမိန့်တွင် "သရဏဂုံ၏ အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်အောင် ပြောပြ၍ သရဏဂုံ ပေးရမည်" ဟူသော သဘော တိုက်ရိုက် မပါရှိပေ။ သို့သော်လည်း ထိုခေတ်က ပါဠိ ဘာသာဖြင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟု ရွတ်ဆိုလျှင် အဓိပ္ပာယ်ပါ နားလည်ပြီး ဖြစ်၍ အထူး မိန့်တော်မမူခြင်း ဖြစ်သည်ဟု ယူဆလျှင် ပို၍ သင်လျော်ဖွယ် ရှိပါသည်။ မည်သို့ပင်ဖြစ်စေ သရဏဂုံ၏ အဓိပ္ပာယ်ကို အကြမ်းဖျင်းမျှပင်ဖြစ်စေ ရှင်သာမဏေလောင်း နားလည်အောင် ရှင်းပြပြီးမှ သရဏဂုံကို ပါဠိလိုရော မြန်မာလိုပါ ရွတ်ဆို၍ ခံယူတောက်တည်စေလျှင် အကောင်းဆုံး ရှင်ပြုပေးခြင်း ဖြစ်ဖွယ်ရှိပါသည်။


ဌာန် ကရိုဏ်း ပယတ်     ဤသို့ သရဏဂုံကို ရွတ်ဆို ဆောက်တည်ရာ၌ ဆရာရော တပည့်ပါ ဌာန် ကရိုဏ်း ပယတ် ပီပြင်အောင် ရွတ်ဆိုရမည်၊ ဥဘတောသုဒ္ဓိ ဖြစ်စေရမည် ဟု အဋ္ဌကထာဆရာ မိန့်တော်မူ၏။


ပါဠိ ဘာသာသည် အိန္ဒိယသားတို့၏ ဘာသာဖြစ်၍ ယင်းကို ရွတ်ဆိုရန် ဌာန် ကရိုဏ်း ပယတ် တို့ကိုလည်း အိန္ဒိယသားတို့၏ နှုတ်၊ အာ၊ လျှာ အနေအထားအလိုက် ရွတ်ဆိုနည်း စည်းမျဉ်းသတ်မှတ်ထားခြင်း ဖြစ်၏။ သို့ဖြစ်ရာ အိန္ဒိယသား နှင့် အိန္ဒိယနွယ်သီဟိုဠ်သားတို့အတွက် ဌာန် ကရိုဏ်း ပယတ် ပီပြင်အောင် ရွတ်ဆိုရန် ခဲယဉ်းမည် မဟုတ်ပေ။ အက္ခရာ ရွတ်ရာတွင် အိန္ဒိယ သားတို့နှင့် နှုတ်၊ အာ၊ လျှာ အနေအထား မတူသော မြန်မာတို့ အဖို့မှာမူ ကျမ်းဂန်လာအတိုင်း ရွတ်ဆိုရန် ခဲယဉ်းလှ၏။


တာလုဇ အက္ခရာ     ပါဠိအက္ခရာတို့ကို ရွတ်ဆိုရာ၌ မြန်မာနှင့် အိန္ဒိယသား သီဟိုဠ်သားတို့ နှုတ်၊ အာ၊ လျှာ အနေအထား မတူသဖြင့် အသံထွက် ကွဲပြား ခြားနားသော အက္ခရာ အချို့ရှိ၏။ မြန်မာတို့၏ စဆဇဈည အသံများကို အိန္ဒိယသား သီဟိုဠ်သားတို့က ကျချဂျဃျည ဟု အသံ ထွက်ကြသည်ကို အများအသိပင်။ ဤ အသံထွက်ပုံ နှစ်မျိုးကို တလှည့်စီ ထပ်ခါ ထပ်ခါ ရွတ်ဆိုကြည့်လျှင် ဌာန် ကရိုဏ်း ပယတ် မတူသည်ကို ရိပ်မိ သိရှိနိုင်၏။ မည်သည့် အသံက အာစောက်အရပ်( တာလုဌာန် ) ၌ ဖြစ်သော တာလုဇ အက္ခရာသံ ဖြစ်ဖွယ် ရှိသည်ကို စိစစ်ကြည့်သင့်၏။


မြန်မာကလေးငယ်တို့ စကားပြောတတ်စ အခါ၌ များသော အားဖြင့် "ထမင်း ချားတယ်၊ ထမင်း ကျားမယ်၊ အမေ ဂျေးသွားတယ်" စသည်ဖြင့် အိန္ဒိယအသံ သီဟိုဠ်သံ ထွက်လေ့ရှိကြ၏။ ကြီးလာ၍ ပြုပြင်ပြောသောအခါမှ မြန်မာသံ ထွက်လာကြ၏။


မုဒ္ဓဇ အက္ခရာ     မုဒ္ဓဌာန် (= လျှာထိပ်အရပ် = အာထိပ်အရပ်) ၌ ဖြစ်သည်ဟု ကျမ်းဂန်က သတ်မှတ်ထားသော ဋဌဍဎဏ အက္ခရာတို့ကို ရွတ်ဆိုရာ၌မူ မြန်မာ အိန္ဒိယ သီဟိုဠ် တို့ သုံးဦးလုံးပင် ဌာန် ကရိုဏ်း ပယတ် အနေဖြင့် တူညီကြသည်ဟု ထင်ပါသည်။


ဒန္တဇ အက္ခရာ     ဒန္တဌာန် (= သွားအရပ်) ၌ ဖြစ်သည်ဟု ကျမ်းဂန်က သတ်မှတ်ထားသော တထဒဓန အက္ခရာတို့ကို ရွတ်ဆိုရာ၌မူ မြန်မာ အများစု၏ သဘာဝအသံမှာ ဋဌဍဎဏ အသံအတိုင်းပင် လျှာထိပ် = အာထိပ်အရပ် (မုဒ္ဓဌာန်) ၌ အသံ ဖြစ်ပေါ်၍ အိန္ဒိယ သီဟိုဠ် တို့ကမူ လျှာဖျားနှင့် သွားကိုထိ၍ ရွတ်ကြသဖြင့် သွားအရပ် (ဒန္တဌာန်) ၌ အသံဖြစ်ပေါ်၏။ ဤ အချက်မှာ သတိပြုစရာ ဖြစ်၏။


ဒန္တောဋ္ဌဇ အက္ခရာ     သွား နှုတ်ခမ်း နှစ်ခု ပေါင်းအရပ် ( ဒန္တောဋ္ဌ) ၌ ဖြစ်သော အက္ခရာဟု ကျမ်းဂန်က သတ်မှတ်ထားသော "ဝ" အက္ခရာကို မြန်မာတို့က နှုတ်ခမ်းကို ဝိုင်း၍ သွားနှင့် မထိပဲ အသံထွက် ရွတ်ဆိုကြ၏။ အိန္ဒိယ သီဟိုဠ် တို့ကမူ နှုတ်ခမ်းဖျားကို သွားဖျားနှင့် စဉ်းငယ်ထိ၍ အသံထွက် ရွတ်ဆိုကြ၏။ ထို့ကြောင့်ပင် "ဝ" ကို အင်္ဂလိပ် အက္ခရာနှင့် ဖလှယ်သော အခါ အသံထွက်ပုံ နီးစပ်သည့် v အက္ခရာဖြင့် va ဟု စာလုံးပေါင်းကြ၏။


သိထိလ နှင့် ဓနိတ     ဗျာကရုဏ်း ကျမ်းများ၌ ငါးလုံးစု အက္ခရာများထဲမှ ပထမနှင့် တတိယ အက္ခရာတို့ကို သိထိလ(= သံလျော့) အက္ခရာများဟု သတ်မှတ်၍ ဒုတိယနှင့် စတုတ္ထ အက္ခရာများကို ဓနိတ(=သံတင်း) အက္ခရာများဟု သတ်မှတ်ထား၏။ က ဂ၊ စ ဇ၊ ဋ ဍ၊ တ ဒ၊ ပ ဗ၊ တို့သည် သိထိလ။ ခ ဃ၊ ဆ ဈ၊ ဌ​ ဎ၊ ထ ဓ၊ ဖ ဘ တို့သည် ဓနိတ အက္ခရာများဖြစ်ကြ၏။


ပထမ နှင့် ဒုတိယ     မြန်မာတို့သည် ပထမ အက္ခရာ (သိထိလ) များနှင့် ဒုတိယ အက္ခရာ (ဓနိတ) များကို အထူး ဂရုမစိုက်ရပဲ လျော့သံ တင်းသံ( သိထိလ ဓနိတ) ကွဲပြားအောင် အသံထွက်၍ ရွတ်ဆိုနိုင်ကြ၏။ ရွတ်လဲ ရွတ်ဆိုနေကြ၏။ ပုံစံမှာ က နှင့် ခ၊ စ နှင့် ဆ၊ ဋ နှင့် ဌ၊ တ နှင့် ထ၊ ပ နှင့် ဖ တို့ဖြစ်ကြ၏။ အချို့သော သီဟိုဠ်သားများ ယင်း အက္ခရာအစုံတို့ကို သံလျော့ သံတင်း ပီပြင် ထင်ရှားစွာ ကွဲပြားအောင် မရွတ်ဆိုနိုင်ကြသည်ကို တွေ့ဖူး၏။


တတိယ နှင့် စတုတ္ထ     ထို့အတူပင် တတိယ(သိထိလ) အက္ခရာများနှင့် စတုတ္ထ(ဓနိတ) အက္ခရာများကို အိန္ဒိယ သီဟိုဠ်သားတို့ သံလျော့ သံတင်း (သိထိလ ဓနိတ) ကွဲပြားအောင် ရွတ်ဆိုကြ၏။ ပုံစံမှာ ဂ နှင့် ဃ၊ ဇ နှင့် ဈ၊ ဍ နှင့် ဎ၊ ဒ နှင့် ဓ၊ ဗ နှင့် ဘ တို့ ဖြစ်ကြ၏။ ယင်း အက္ခရာ အစုံအစုံတို့ကို မြန်မာ အများစုက သံလျော့(သိထိလ) သံတင်း (ဓနိတ) အသံထွက် ကွဲပြားအောင် ရွတ်ဆိုဖို့ အတန်ခဲယဉ်းပေသည်။

မြန်မာရွတ်ပုံ     မြန်မာတို့သည် သိထိလ အက္ခရာကို ထွက်နေကျသံမှန်အတိုင်း သက်သက်သာသာရွတ်၍ ဓနိတ အက္ခရာကို ပြင်းပြင်းထန်ထန် အသံထွက် ရွတ်ခြင်းဖြင့် သိထိလ နှင့် ဓနိတ အသံကွဲပြားအောင် ရွတ်ကြ၏။ ထို့ကြောင့် "ဂေါ" ကို သံမှန်ဖြင့် ရွတ်၍ "ဃော" ကို ပြင်းပြင်း ရွတ်ဆိုကြရ၏။ အခြားသော ဇဈ၊ ဍဎ၊ ဒဓ၊ ဗဘ တို့ကို လည်း ထိုနည်းတူ ကွဲပြားအောင် ရွတ်ကြရ၏။


အိန္ဒိယ သီဟိုဠ်တို့ ရွတ်ပုံ     အိန္ဒိယ သီဟိုဠ် တို့ကမူ ထိုသို့ မရွတ်ပေ။ သိထိလ ဓနိတ နှစ်မျိုးလုံးကိုပင် သံမှန်ဖြင့် အသံထွက် ကွဲပြားအောင်ရွတ်ကြ၏။ သူတို့ရွတ်နည်းမှာ သိထိလ အက္ခရာ၏ မူလ အသံ၌ မပီသ မထင်ရှားလှသော ဟ သံကလေးစဉ်းငယ် ယှဉ်တွဲလျက် ရွတ်သည့်နည်းဖြစ်၏။ ထို့ကြောင့် သူတို့ ရွတ်သည့်အတိုင်း ပါဠိအက္ခရာတို့ကို အင်္ဂလိပ် အက္ခရာတို့ဖြင့် ဤသို့ စာလုံးပေါင်းကြ၏။


သိထိလ
ဂ     ga
ဇ     ja
ဍ     da
ဒ     da
ဗ     ba


ဓနိတ
ဃ     gha
ဈ      jha
ဎ      dha
ဓ      dha
ဘ     bha

မတူလို့ ခက်ခဲ     ဤ ဖော်ပြပါ အချက်အလက် များမှာ ဤ စာရေးသူ သတိထား၍ လေ့လာမိသမျှသာ ရှိသေး၏။ အခြားသော ကွဲလွဲချက်များလည်း ရှိနိုင်ပေသေးသည်။ သို့ဖြစ်ရာ အိန္ဒိယဖြစ် သီဟိုဠ်ဖြစ် ကျမ်းဂန်များ၌ အိန္ဒိယသား သီဟိုဠ်သားတို့ သူတို့၏ နှုတ်၊ အာ၊ လျှာ အနေအထားအရ ရွတ်ဖတ်နည်း စည်းကမ်း သတ်မှတ်ထားသည့် ဌာန် ကရိုဏ်း ပယတ် များနှင့် ညီညွတ်အောင် သူတို့နှင့် နှုတ်၊ အာ၊ လျှာ အနေအထား မတူသော စာရေးသူတို့ မြန်မာများက ရွတ်ဆိုရန်မှာ အတော်လေး ခက်ခဲသော ကိစ္စ ဖြစ်၏။

သို့သော် သူတို့၏ အသံထွက်ပုံ ထွက်နည်း ရွတ်ပုံရွတ်နည်းကို နားလည် သဘောပေါက်အောင် လေ့လာ၍ ကြိုးကြိုးစားစားလေ့ကျင့် သင်ယူလျှင်ကား သဘာဝသံ မဟုတ်သော လုပ်သံဖြင့် အတော်အသင့်တော့ ရွတ်နိုင် ဖတ်နိုင် တန်ရာပေသည်။ အဋ္ဌကထာဆရာကြီး ညွှန်ကြားသော ဥဘတောသုဒ္ဓိ ဖြစ်တန်သလောက် ဖြစ်နိုင်တန်ရာပေသည်။

သိက္ခာပုဒ် ဆောက်တည်သင့်

မြဲရာသံပတ်     ရှင်သာမဏေလောင်းတို့သည် သရဏဂုံ ခံယူဆောက်တည်ပြီးလျှင် ပြီချင်း ရှင်သာမဏေအဖြစ်သို့ ရောက်လေ၏။ ဆယ်ပါး သီလသည်လည်း သရဏဂုံ သုံးပါးနှင့်အတူ ရှင်သာမဏေသစ်၏ သန္တာန်၌ တည်ရှိလာတော့၏။ ဆယ်ပါးသီလကို သီးခြား ခံယူဆောက်တည်ရန် မလိုပေ။ သို့သော်လည်း မြဲရာသံပတ် ဆိုသကဲ့သို့ နောက်အခါ၌ ကောင်းစွာ စောင့်စည်းစိမ့်သောငှာ ထပ်မံ ခံယူစေသင့်၏။  ( ဝိ-ဋ္ဌ ၃၊ ၂၉၆ )

ရဟန်းတော်များမှာ သိမ်အတွင်း၌ ဥပသမ္ပကမ္မဝါစာ ဆုံးလျှင်ဆုံးချင်း ရဟန်းအဖြစ်သို့ ရောက်လေသည်။ ထိုအချိန်ထိုခဏကစ၍ အကျဉ်းအားဖြင့် ၂၂၇ ပါးသော ပါတိမောက္ခသံဝရ သီလတို့ကို ( အထူး ဆောက်တည် မနေရပဲ) စောင့်ထိန်းဖို့ တာဝန် ရှိလာတော့၏။ ထို့အတူပင် ရှင်သာမဏေများသည်လည်း ရှင်သာမဏေ ဖြစ်လျှင်ဖြစ်ချင်း ဆောက်တည်နေစရာမလိုပဲ ဆယ်ပါးသီလ တည်ရှိလာပြီဖြစ်၍ သီခြား ဆောက်တည် သည်ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ ထို ဆယ်ပါးသီလကို စောင့်စည်းထိန်းသိမ်းဖို့ တာဝန် ရှိလာတော့၏။ ရှင်သာမဏေတို့၏ သရဏဂုံသည် ရဟန်းတော်တို့၏ ဥပသမ္ပဒကမ္မဝါစာနှင့် အလားတူ၏။  ( ဝိ-ဋ္ဌ ၃၊ ၂၉၆ )

ဆယ်ပါးသီလနှင့် လိင်ဒဏ်     ရှင်သာမဏေများ စောင့်ထိန်းရသော သီလဆယ်ပါးအနက် ပါဏာတိပါတ မှ သုရာမေရယ အထိ ရှေ့သီလငါးပါးတွင် တပါးပါးကို ကျူးလွန်လျှင် ခံယူ ဆောက်တည်ထားသော သရဏဂုံပျက်စီးသွားပြီ ဖြစ်၍ ရှင်သာမဏေ မဟုတ်တော့၊ လူ ဖြစ်သွားလေပြီ။ သင်္ကန်းဝတ်ထားသဖြင့် ရှင်သာမဏေ၏ အသွင်သာလျှင် ကျန်တော့၏။ သင်္ကန်းဝတ်လူ ဖြစ်နေပေပြီ။

လိင်ပြန်ခြင်း     ထို့ကြောင့် ဤ သင်္ကန်းဝတ် လူကို သူ့မှာ သရဏဂုံရော သီလပါ ပျက်စီးသွားပြီ ဖြစ်၍ သင်္ကန်းနှင့် မထိုက်တန်တော့သဖြင့် လူဝတ်လဲကာ လူ့အသွင်အပြင်သို့ ပြန်လည် ပြောင်းလဲ ပေးရ၏။ ဤသည်ကိုပင် လိင်ပြန်သည်ဟု ခေါ်ဝေါ်ကြ၏။ လိင်္ဂ ဆိုသည်မှာ "အသွင် အပြင်" ဟု အဓိပ္ပာယ် ရ၏။ ထို့ကြောင့် လိင်ပြန်ခြင်း ဟူသည် လူ၏အသွင် အပြင် ပြန်လည် ပြောင်းလဲပေးခြင်းပင် ဖြစ်၏။

မီးခိုးမရှိလျှင် မီးငြိမ်းကြောင်းသိ     ရှေ့ဖြစ်သော သီလ ငါးပါးမှ တပါးပါးပျက်စီးသွားခြင်းကြောင့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်မှု သရဏဂုံပါ ပျက်သွားသည့်သဘော ဖြစ်၏။ မှန်ပေသည်၊ ရတနာသုံးပါးကို ယုံကြည်မှု မရှိတော့ခြင်းကြောင့်၊ သို့မဟုတ် ယုံကြည်မှု အလွန်အားနည်းသွားခြင်းကြောင့် သီလသိက္ခာကို ဖောက်ဖျက် ကျူးလွန်ခြင်း ဖြစ်သည်ဟု ယူဆနိုင်၏။

ယုံကြည်မှု မရှိခြင်း၊ အလွန် အားနည်းခြင်းသည်အကြောင်း၊ သိက္ခာပုဒ်ကို ကျူးလွန် ဖောက်ဖျက်ခြင်းသည် အကျိုး ဖြစ်၏။ မိးခိုး မရှိတော့၍ မီးငြိမ်းသွားပြီဟု သိရသကဲ့သို့ သိက္ခာပုဒ်ကို ဖောက်ဖျက်ခြင်း ဟူသော အကျိုးကို တွေ့ရသဖြင့် ယုံကြည်ဆည်းကပ်မှု သရဏဂုံ ပျက်သွားပြီ၊ သို့မဟုတ် အလွန်အားနည်း သွားပြီဟု သိနိုင်၏။

သရဏဂုံ ပြန်ထပ်     တကြိမ်တခါ မတော်တဆ ကျူးလွန်မိခြင်းဖြစ်၍ နောင်အခါ၌ မကျူးလွန်မိအောင် စောင့်စည်းလိုစိတ် ထက်သန်သော သူကိုမူ လူဝတ် မလဲစေ လိင် မပြန်စေပဲ သရဏဂုံ ထပ်မံ ပေးရ၏။ သရဏဂုံဖြင်ပင် သီလ ပေးမှု ကိစ္စပါ အလိုအလျောက် ပြီးစီသွားပေပြီ။ သီးခြားပေးစရာ မလိုတော့ပေ။ သို့သော်လည်း စောင့်စည်းလိုစိတ် ပိုမို ထက်သန်စေရန် သီလ ထပ်မံပေးခြင်းက ပို၍ ကောင်း၏။ ဥပဇ္ဈာယ်ကိုမူ ထပ်မံ ပေးရမည်။  ( ဝိ-ဋ္ဌ ၃၊ ၂၉၆ )

နောက် ငါးပါးပျက်လျှင် ဒဏ်     ဆယ်ပါးသီလအနက် ဝိကာလဘောဇန မှ ဇာတရူပရဇတ အထိ တပါးပါးပျက်စီလျှင် လိင်ပြန်စေဖို့မလို၊ ဒဏ်ပေးရ၏။ "ကိုရင်၊ သည်ကျောင်းကို မလာနှင့်" ဟု ပိတ်ပင် တားမြစ်သော "အာဝရဏဒဏ်" ကို ဖြစ်စေ၊ အခြားသော သဲဒဏ်၊ ရေဒဏ် စသည် သင့်လျော်သော ဒဏ်ကို ဖြစ်စေ ပေးရ၏။


လိင် ဆယ်ပါး
အောက်ပါ အချက်တို့တွင် တချက်ချက်ကို ကျူးလွန်သော ရှင်သာမဏေကို လူဝတ် လဲပေးရ၏။ လိင် ပြန်ပေးရ၏။

၁။ သတ္တဝါ၏ အသက်ကို သတ်ခြင်း။
၂။ သူတပါး၏ ပစ္စည်းကို မတရားယူခြင်း။
၃။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း။
၄။ မမှန်သော စကားကို ပြောခြင်း။
၅။ အရက်သေစာ သောက်စားခြင်း။
    (ဤ ငါးချက်သည် ဆယ်ပါးသီလ၌ ပါဝင်ပြီးဖြစ်၏။)
၆။ မြတ်စွာဘုရားကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။
၇။ တရားတော်ကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။
၈။ သံဃာတော်ကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။
၉။ မိစ္ဆာဒိဋ္ဌိ အယူ ယူခြင်း။
၁၀။ ဘိက္ခူနီမကို ဖျက်ဆီးခြင်း။

ဤ ဖောပြပါ ဆယ်ချက်အနက် တချက်ချက်ကို ကျူးလွန်လျှင် ရှင်သာမဏေ၏ အသွင်ကိုဖျက်၍ လူဝတ် လဲပေးရလောက်အောင် အပြစ်ကြီးသဖြင့် "လိင် ကျသည်" ဟု ပြောကြ၏။

ယင်း ဆယ်ချက်အနက် စတုတ္ထအချက်နှင့် ပက်သက်၍ သတိပြုသင့်သည်မှာ ရယ်စရာအဖြစ် ပြောင်လှောင်၍ လိမ်ညာပြောလျှင်ပင် သီလ ပျက်စီး၍ လိင်ကျသည်ဆိုသော အချက်ပင်။

ပဥ္စမ အချက်၌ အရက်သေစာမှန်းသိလျက် သောက်မှသာ ရှင်သာမဏေ လိင်ကျ၏။ မသိပဲ သောက်မိလျှင်ကား လိင်မကျပေ။ ရဟန်းတော်များမှာမူ မသိပဲ သောက်မိလျှင်လည်း အာပတ်သင်၏။
( ဝိ-ဋ္ဌ ၃၊ ၂၉၈ )

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတွင် တပါးပါး၏ ဂုဏ်တော်တို့ကို ထိပါးပုတ်ခတ်၍ အပြစ်ပြောသော သာမဏေကို ဆရာဥပဇ္ဈာယ်တို့က ရတနာသုံးပါးကို အပြစ်ပြောခြင်းကြောင့် ရနိုင်သော ဆိုးကျိုးတို့ကို ပြောပြ၍ အပြစ်မပြောရန်တားမြစ်ရမည်။

ထိုသို့ တားမြစ်ခြင်းကြောင့် အပြစ်ပြောမှုကို ရှောင်ကြဉ်ပါမည်ဆိုလျှင် ထို သာမဏေအား သဲဒဏ် ရေဒဏ် စသည် ပေးပြီးနောက် သံဃာ့အလယ်၌ သူ၏ အပြစ်ကို ထုတ်ဖော် လျှောက်ထား၍ ကန်တော့စေပြီးမှ သရဏဂုံ ပေးရမည်။ သီလပေး၍ ဥပဇ္ဈာယ် ယူစေရမည်။

ထိုသို့ ပြောပြ တားမြစ်ပါလျှက် မရှောင်ကြဉ်သော သာမဏေကို လိင်ပြန်ပေးရမည်။
( ဝိ-ဋ္ဌ ၃၊ ၂၉၆။ ဝိမတိ-ဋီ ၂၊ ၁၁၈ )

ခြားနားချက်     နောက်ဆုံး အချက်သည် တတိယ အချက်တွင် ပါဝင်ပြီး ဖြစ်စေကာမူ အပြစ် အကြီးအသေး အနေဖြင့် ခြားနားသောကြောင့် သီးခြား ပညတ်တော်မူခြင်း၏။ ခြားနားပုံမှာ တတိယ အချက်အရ ဘိက္ခူနီမ မဟုတ်သူတဦးဦးနှင့် မမြတ်သော အကျင့်ကို ကျင့်သော ရှင်သာမဏေသည် နောက်အခါ စောင့်စည်းလိုစိတ် ထက်သန်လျှင် သရဏဂုံပြန်ဆောက်တည်၍ ရှင်သာမဏေ ပြန်ဖြစ်နိုင်၏။ ရဟန်းလည်းပြုပေးနိုင်၏။ ဘိက္ခူနီမနှင့် မေထုန်ဆက်ဆံသော ရှင်သာမဏေမှာမူ ယခုဘဝ၌ ရှင်သာမဏေ ပြန်ဖြစ်ခွင့် မရှိတော့ပေ။ ရဟန်းဖြစ်ခွင့် မရှိတော့သည်မှာကား ဆိုဖွယ် မလိုတော့ပေ။ ( ဝိ-ဋ္ဌ ၃၊ ၂၉၇ ) သို့သော် ယခုခေတ်၌ ဘိက္ခူနီမ မရှိတော့၍ ယခုခေတ်ကိုရင်များအတွက် ဤ အချက်နှင့် ပတ်သက်၍ စိတ်ချရ၏။

ဒဏ် ဆယ်ပါး

အောက်ပါ အချက် ဆယ်ချက်ကို ကျူးလွန်သော ရှင်သာမဏေသည် အာဝရဏဒဏ်၊ သဲဒဏ်၊ ရေဒဏ် စသော ဒဏ်တခုခုကို ပေးသင့် ပေးထိုက်သူ ဖြစ်၍ ထို သာမဏေအားဒဏ်ပေးရမည်။ ဒဏ်ထိုက်သည်ဟု ခေါ်ရ၏။
နေလွဲ ညစာ စားခြင်း။
က ဆို တီးမှုတ်ခြင်း၊ ယင်းတို့ကို ကြည့်ရှု နားထောင်ခြင်း။
ပန်းပန်ခြင်း၊ သနပ်ခါး ပေါင်ဒါ မိတ်ကပ် အမွှေး အကြိုင် လိမ်းကျံ ရှူရှိုက်ခြင်း။
မြင့်သောနေရာ မြတ်သော နေရာတို့၌ နေထိုင် အိပ်စက်ခြင်း။
ရွှေ ငွေ ဒင်္ဂါး အကြွေ ငွေစက္ကူတို့ကို ကိုင်ခံခြင်း။
( ဤ ငါးပါးမှာ ဆယ်ပါးသီလတွင် ပါဝင်ပြီးဖြစ်၏။ )
ရဟန်းတော်များ လာဘ် မရအောင် အားထုတ်ခြင်း။
ရဟန်းတော်များ အကျိုးပျက်စီးအောင် အားထုတ်ခြင်း။
ရဟန်းတော်များ နေမြဲကျောင်း၌ မနေရအောင် အားထုတ်ခြင်း
ရဟန်းတော်များကို ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း။
ရဟန်းတော်အချင်းချင်း ကွဲပြားအောင်ကုန်းတိုက်ခြင်း။
ပစ္စည်းလေးပါး ပစ္စဝေက္ခဏာ ဆင်ခြင်ရန်

သင်္ကန်း     ချမ်း ပူ ကို ဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ လွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ် အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤ သင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။

ဆွမ်း     ဤသည့် စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာ ဓာတ်ဆောင်၊ ဤ ကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ် မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

ကျောင်း     ချမ်း ပူ ကို ဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ ဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို ကိန်းအောင်း မှီခိုပါသတည်း။

ဆေး     ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။

အလုံးစုံ တခါတည်း     ဖိနပ် ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူ သစ်ငုတ်၊ ခလုတ် ဆူးငြောင့်၊ မနှောင့် ဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာ ကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

ဤ ပစ္စည်းလေးပါးကို ဆင်ခြင် သုံးစွဲရတွင် သင်္ကန်းကို ပြင်ဝတ်တိုင်း၊ ဆွမ်းကို ဆွမ်းလုတ်တိုင်း၊ ကျောင်းကို ကျောင်းဆောင်ထဲ ဝင်တိုင်း၊ ဆေးဝါးကို သုံးဆောင်တိုင်း ဆင်ခြင်ရ၏။ ထိုသို့မှ မဆင်ခြင်နိုင်လျှင် အနည်းဆုံး တနေ့ တကြိမ်တော့ ဆင်ခြင်ရ၏။