ပညာ



ပညာနှစ်မျိုး     အဆိုပါ ပညာသည် (၁) ဝိပဿနာပညာ၊ (၂) မဂ်ဖိုလ်ပညာ ဟု နှစ်ပါးရှိ၏။ ရုပ် နာမ် နှစ်ပါး၏ သဘောမှန်ကို သိသော ပညာသည် ဝိပဿနာပညာ။ အရိယာ သစ္စာလေးပါးကို သိသော ပညာသည် မဂ်ဖိုလ်ပညာဖြစ်၏။




ဤ အခန်း၌ သီလ၊ သမာဓိ၊ ပညာ ဟူသော အကျင့် သုံးဖြာ သာသနာ သုံးရပ်ထဲမှ ပညာအကြောင်း အနည်းငယ် ဖော်ပြလိုပါသည်။

ပညာနှစ်မျိုး     အဆိုပါ ပညာသည် (၁) ဝိပဿနာပညာ၊ (၂) မဂ်ဖိုလ်ပညာ ဟု နှစ်ပါးရှိ၏။ ရုပ် နာမ် နှစ်ပါး၏ သဘောမှန်ကို သိသော ပညာသည် ဝိပဿနာပညာ။ အရိယာ သစ္စာလေးပါးကို သိသော ပညာသည် မဂ်ဖိုလ်ပညာဖြစ်၏။

အဆိုပါ ပညာ နှစ်ပါးကို ရရန် ပညာအကျင့် ဖြစ်သော ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွါးများ အားထုတ်ရသည်။

သမထပုဗ္ဗင်္ဂမဝိပဿနာ သုဒ္ဓဝိပဿနာ     ယင်းသို့ အားထုတ်ရာတွင် သမာဓိ အခန်း၌ ဖောပြခဲ့သော သမထကမ္မဋ္ဌာန်း တခုခုကို အားထုတ်ပြီးမှ ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်သော သမထပုဗ္ဗင်္ဂမ ဝိပဿနာနည်း၊ သမထကို အားထုတ်မနေတော့ပဲ ဝိပဿနာ သက်သက် ကိုသာ အားထုတ်သော သုဒ္ဓဝိပဿနာနည်း ဟု နှစ်နည်း ရှိ၏။

ဤ၌ ရက်တိုရက်ရှည် ယောဂီ နှစ်မျိုးလုံးအတွက် သင့်လျော်သော သုဒ္ဓဝိပဿနာနည်းကို အကျဉ်းမျှ ဖော်ပြပါမည်။

ဝိပဿနာဆိုတာ     ဝိပဿနာ ဆိုသည်မှာ ရုပ်နှင့် နာမ် တို့၌ ရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကို ရှုသိသော ဉာဏ်ပင်ဖြစ်သည်။
ဖြစ်ပြီးလျှင် ပျက်စီးသွားတတ်သောကြောင့်၊ မတည်မြဲသော သဘောသည် အနိစ္စ။
ဖြစ်မှုပျက်မှုတို့က မပြတ် နှိပ်စက်နေခြင်း သဘောသည် ဒုက္ခ။
အလိုအတိုင်း မဖြစ်သော သဘော၊ အစိုးမရသော သဘော၊ တည်မြဲသော ပုဂ္ဂိုလ် သတ္တဝါ အတ္တအသက် ဝိညာဉ် မဟုတ်သော သဘော၊ မရှိသော သဘောသည် အနတ္တ။

သတိပဋ္ဌာန် ဝိပဿနာ     ရုပ် နာမ်တို့၌ အမှန်တကယ် ရှိနေသော ဤ သဘောသုံးခုကို သဘာဝ အမှန် အတိုင်းသိအောင် ရုပ်နှင့် နာမ်ကို ရှိနေသည့်အတိုင်း၊ ဖြစ်နေသည့်အတိုင်း သတိဦးစီးသော စိတ်ဖြင့် စောင့်ရှု ရသည်။ ယင်းသို့ ရှုခြင်းကိုပင် သတိပဋ္ဌာန် အားထုတ်သည်၊ ဝိပဿနာ အားထုတ်သည်ဟု ခေါ်ဝေါ်ကြသည်။

မရွေးချယ်ရ     ယင်းသို့ ရှုရာတွင် မည်သည့် ရုပ် မည်သည့် နာမ်ကိုမှ ရှုမည်ဟု ရွေးချယ် မနေရ။ ယခု အချိန် ယခု ခဏ အခိုက်အတန့်၌ လောလောဆယ် ထင်ရှားစွာဖြစ်ပေါ်နေသော ရုပ်နာမ်ကိုသာ သတိဖြင့် စူးစိုက် ရှုရသည်။ ထို့ကြောင့် ယောဂီ၏ ခန္ဓာကိုယ်ဟု ခေါ်သည့် ရုပ်နှင့် စိတ်ဟုခေါ်သည့် နာမ်တွင် ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည့် သဘောမှန်သမျှကို သတိဖြင့် မလွတ်တမ်း စောင့်ရှုရသည်။

ထိုင်ပုံ     သို့သော်လည်း စနစ်တကျ ရှုတတ်စေရန် ရှုခါစ၌ ကိုယ် လက် အင်္ဂါ အနေအထားမှန်ဖို့ အရေးကြီးသည်။ ထိုင်သောအခါ ခြေသလုံးနှစ်ဘက် ထပ်မထားပဲညာဘက် ခြေသလုံးက အတွင်း၊ ဗယ်ဘက် ခြေသလုံးက အပြင်အနေအထားဖြင့် အတွင်း အပြင် ယှဉ်လျက် ချထားရမည်။ ခါးကို ဖြောင့်မတ်စွာ ထားရမည်။ ရှေ့ကုန်း နောက်ကော့ မဖြစ်စေရ။

လည်ပင်းနှင့် ခေါင်းကိုလည်း ခန္ဓာကိုယ်နှင့် တတန်းတည်း တဖြောင့်တည်း တည်နေအောင် မတ်မတ် ရှိစေရမည်။ လက်ကိုရင်ခွင်ထက်တွင် ဗယ်ဘက်လက်က အောက်၊ ညာဘက်လက်က အထက် အနေအထားဖြင့် လက်ဖဝါးများ ပက်လက်လှန်လျက် လက်ချင်း ထပ်ထားရမည်။ ဒူး နှစ်ဘက်ပေါ်တွင် လက်နှစ်ဘက်ကို ပက်လက်လှန်လျက် တင်ထားလိုကလည်း တင်ထားနိုင်သည်။

မျက်စိ     မျက်စိကို မှိတ်၍ စိတ်ကို ချက်တဝိုက် ဝမ်းဗိုက်သို့ ရှေ့ရှု ထားရမည်။ ထိုင်နေသည့် အချိန်အတွင်း မျက်စိကို တကြိမ်တခါမျှ မဖွင့်ရ၊ ထိုင်ရာမှ ထသော အခါမှသာ မျက်စိကို ဖွင့်ရမည်။

စရှုပုံ     နေသားတကျ ထိုင်ပြီးသောအခါ ဝမ်းဗိုက်လှုပ်ရှားမှုဝါယော ရုပ်ကစ၍ ရှုပါ။ ဝမ်းဗိုက်က ဖောင်းကြွလာလျှင် "ဖောင်းတယ်" လို့ ရှုပါ။ ပိန်သွားလျှင် "ပိန်တယ်" လို့ရှုပါ။

[ ရှုမှတ်ပုံကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်စေရန်အရပ်သုံး ပြောစကားဖြင့် ရေးပါမည်။ သတိပဋ္ဌာန်သုတ် ဒေသနာတော်နှင့် အညီ ကျေးဇူးတော်ရှင် မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏ ပဋိပတ်တပည့်ကြီး ဖြစ်သည့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြသည့် နည်းနာနိဿယအတိုင်း ရေးပါမည်။ ]

ဝမ်းဗိုက်အတွင်းမှ လေ ရှေ့ဘက်သို့ ရွေ့ရှားတွန်းကန်မှုကို "ဖောင်းတယ်" လို့ သေသေချာချာ သိအောင် ရှုပါ။ နောက်ဘက်သို့ ရွေ့ရှားတွန်းကန်မှုကို "ပိန်တယ်" လို့ စူးစူးစိုက်စိုက်ရှုပါ။

ဝါယောဓာတ်     ဝမ်းဗိုက်ထဲက လေရဲ့ ရွေ့ရှားမှု တွန်းကန်မှုဟာ ဓာတုမနသိကာရ ပိုင်းမှာ လာတဲ့ ဝါယောဓာတ်ပါပဲ။ ပက္ကုသာတိ မင်းကြီးအား မြတ်စွာဘုရားဟောတော်မူတဲ့ ဝါယောဓာတ် ခြောက်မျိုးထဲက ကုစ္ဆိသယ ဝါယော= ဝမ်းတွင်းရှိ လေဓါတ်ပါပဲ။ ဝါယောဓာတ်ကို ရှုတာဖြစ်လို့ နာမည်တပ်ချင်ယင် ဓာတုမနသိကာရကမ္မဋ္ဌာန်း လို့လည်း နာမည် တပ်နိုင်ပါတယ်။

ရှုစမှာ ဖောင်းမှု ပိန်မှု သိပ် မသိသာယင် သိသလောက်ပဲရှုပါ။ ပိုထင်ရှားအောင် ဆိုပြီး အသက်ကို ပြင်းပြင်း မရှူပါနဲ့၊ ပုံမှန် ရှူနေကျအတိုင်း ရှူပါ။ ပြင်းပြင်း ရှူယင် ခဏနဲ့ မောလာပါလိမ့်မယ်။ စိတ်ကလေး ငြိမ်လာလို့ သမာဓိ ကလေးဖြစ်လာတဲ့အခါမှာ သူ့ဟာသူ သိသာထင်ရှားလာပြီး ရှုလို့ကောင်းလာပါလိမ့်မယ်။ ဖောင်းတာ အစ အလယ် အဆုံး၊ ပိန်တာ အစ အလယ် အဆုံး သိရမယ်ဆိုတဲ့ စိတ်နဲ့ စူးစူးစိုက်စိုက် ရှုပါ။

စိတ်ပျံ့လွင့်ယင်     ဖောင်းတာ ပိန်တာ ရှုစမှာ စိတ်ဟာ မကြာခဏ ပျံ့လွင့်တတ်ပါတယ်။ တခြား အာရုံတွေဆီ ရောက်သွားပြီး အဲဒီ အာရုံတွေကို ကြံစည်နေ၊ စဉ်းစားနေ၊ တွေးနေ၊ စိတ်ကူးနေတတ်ပါတယ်။ လက်ဦးတော့ အဲဒီစိတ် ပျံ့လွင့်တာကို ယောဂီက မသိသေးပါဘူး။ ရှုဆဲ အာရုံကို ရှုနေတယ်လို့ပဲ ထင်နေတတ်ပါတယ်။ တော်တော်ကြာမှ၊ သို့မဟုတ် ခဏကြာမှ စိတ်ပျံ့လွင့်နေမှန်း သိလာတတ်ပါတယ်။ ဘယ်အခါမှပဲ သိသိ၊ သိတဲ့အခါမှာ "ပျံ့တယ်" "လွင့်တယ်" "ကြံစည်တယ်" "စဉ်းစားတယ်" "တွေးတယ်" "စိတ်ကူးတယ်" စသည်ဖြင့် အဲဒီ စိတ်ကိုပဲ တိတိကျကျ တင်းတင်းရင်းရင်း ထပ်ခါထပ်ခါ ရှုရ ပါမယ်။ ဘယ်လောက်ကြာအောင် ရှုရမည်လဲဆိုယင် အဲဒီ ပျံ့လွင့်စိတ် ပျောက်သွားသည်အထိ ရှုပါ။ ပျောက်သွားယင် မူလ အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ပြန်ပြီးရှုပါ။

စိတ်ကို ပြန်မဆွဲနှင့်     သမထကမ္မဋ္ဌာန်း အားထုတ်ရာမှာတော့စိတ် ပျံ့လွင့်နေယင် ပျံ့လွင့်နေတဲ့ စိတ်ကို မူလ အာရုံဆီ ပြန်ဆွဲပြီး တင်ပေးရပါတယ်။ ဝိပဿနာမှာတော့ ဒီလို မလုပ်ရပါဘူး။ စိတ်ကို မူလ အာရုံဆီ ပြန်မဆွဲရပါဘူး။ ပျံ့လွင့်တဲ့စိတ်ကိုပဲ အရှိအတိုင်းသိအောင် ရှုရပါတယ်။ ဒီလို ရှုတာကတော့ ဝိပဿနာရဲ့ အခြေခံသဘောအတိုင်း ပျံ့လွင့်စိတ်ဆိုတဲ့ နာမ်တရားရဲ့ သဘောမှန်ကို ပိုင်းပိုင်းခြားခြား သိရအောင် ရှုရတာပါပဲ။

ပျံ့လွင့်စိတ်ကိုသာ မဟုတ်ပါဘူး၊ ဘာစိတ်ပဲ ဖြစ်ဖြစ် ဖြစ်ပေါ်လာသမျှ စိတ်တွေကို ကောင်းကောင်းဆိုးဆိုး အားလုံးရှုသိနေရမှာချည်းပါပဲ။ ဒေါသစိတ် ဖြစ်ယင်လဲ "စိတ်ဆိုးတယ်" "ဒေါသဖြစ်တယ်" စသည်ဖြင့် ရှုရပါတယ်။ စိတ်ဆင်းရဲယင်လဲ "စိတ်ဆင်းရဲတယ်" လို့ ရှုပါ။ ဝမ်းနည်းယင် "ဝမ်းနည်းတယ်" ဝမ်းသာယင်လဲ "ဝမ်းသာတယ်" လို့ ရှုပါ။ စူးစူးစိုက်စိုက် ရှုလို့ ရှုစိတ်က အားကောင်းလာယင် အရှုခံစိတ်တွေ ဆက်မဖြစ်တော့ပဲနှင့် ရပ်သွား ပျောက်သွား ပါတယ်။ အဲဒီလို ရပ်သွားပျောက်သွားယင် မူလ အာရုံဖောင်းမှု ပိန်မှုကို ပြန်ရှုရပါတယ်။

မူလ အာရုံကို တွယ်ကပ်မနေပါနှင့်     တခု သတိထားဖို့က ဒီလို ပျံ့လွင့်စိတ်၊ စိတ်ဆိုးစိတ် စသည်တွေ ထင်ထင်ရှားရှား ဖြစ်နေတာကို သိပါလျက်နှင့် စိတ်ငြိမ်အောင် ရည်ရွယ်ချက်နှင့် ဖောင်းမှု ပိန်မှုကို အတင်း တွယ်ကပ်ပြီး ရှုမှတ် မနေရပါဘူး။ အဲဒီလိုလုပ်ယင် မှားပါတယ်။ စိတ် သဘာဝဟာ ပိုထင်ရှားတဲ့ အာရုံဆီကို သွားတတ် သိတတ်တာဖြစ်လို့ ဘယ်လိုပဲ ဖောင်းမှု ပိန်မှုကို ကပ်ရှုနေနေ အဲဒီအခိုက်အတံ့မှာ ပိုထင်ရှားတဲ့ အပြင် အာရုံကိုပဲ သွားသိနေတတ်ပါတယ်။ ပြီးတော့ ဝိပဿနာဆိုတာ ပိုထင်ရှားတဲ့ ဖြစ်ပေါ်နေဆဲ ရုပ်နာမ်ကို ရှုရ ပါတယ်။ ဒါကြောင့် မူလ အာရုံကို တွယ်ကပ်မထားပဲ ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့ ပျံ့လွင့်စိတ် စသည်ကိုသာ စူးစိုက် ရှုရပါမယ်။

ဖောင်းမှု ပိန်မှုကို ရှုဆဲမှာ အသံကြားတာ ထင်ရှားယင် "ကြားတယ်" လို့ အကြိမ်ကြိမ် ရှုပါ။ အန့ံနံယင် မွှေယင် "နံတယ်" "မွှေးတယ်" လို့ ရှုပါ။ ပျောက်သွားယင် မူလ အာရုံကို ပြန်ရှုပါ။

ဒုက္ခဝေဒနာ     ထိုင်ပြီး ရှုမှတ်တာ ကြာလာလို့ ညောင်းမှု၊ ကျဉ်မှု၊ ထုံမှု၊ ကိုက်ခဲမှု စတဲ့ ဒုက္ခဝေဒနာဖြစ်လာယင် မူလ ရှုမြဲ အာရုံကို လွှတ်ပြီး "ညောင်းတယ်" "ကျဉ်တယ်" "ထုံတယ်" "နာတယ်" စသဖြင့် အဲဒီ ဝေဒနာရှိနေသမျှ ထပ်ခါထပ်ခါ ရှုပါ။ ဝေဒနာ ပြင်းထန်လာယင်လဲ သည်းခံပြီး ရှုနိုင်သမျှ ရှုပါ။ ဒီလို ရှုတာဟာ ခံစားမှု = ဝေဒနက္ခန္ဓာရဲ့ သဘောကို သဘာဝအတိုင်းသိရအောင် ရှုနေခြင်းပါပဲ။ ဒုက္ခဝေဒနာ ပျောက်သွားပြေသွားအောင် ရှုရတာ မဟုတ်ပါဘူး။ သို့သော်လဲ ရှုပါများလို့ စိတ်တည်ငြိမ်မှု သမာဓိအားကောင်းလာတဲ့ အခါမှာ ဝေဒနာဟာ လျော့ယင်လဲသွားတတ်ပါတယ်။ ဆက်မဖြစ်တော့ပဲ အဖြစ်ရပ်ပြီး ပျောက်ယင်လဲ ပျောက်သွားတတ်ပါတယ်။ ဒီလို ရှုတာဟာ "ဒုက္ခံဝါဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ" ဆိုတဲ့ ဝေဒနာနုပဿနာ တရားတော်အတိုင်း ရှုခြင်းပါပဲ။

နိဗ္ဗာန်တံခါးသော့     ဝေဒနာကို သည်းခံနိုင်သမျှ သည်းခံပြီး ဇွဲစိတ်နှင့် ရှုသင့်ပါတယ်။ ဘာကြောင့်လဲဆိုယင် ဝေဒနာဟာ နိဗ္ဗာန်တံခါးကိုဖွင့်တဲ့သော့ ဖြစ်လို့ ပါပဲ။ ဝေဒနာကို ရှုလို့ ဝေဒနာရဲ့ ဖြစ်မှု ပျက်မှု အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိမြင်ယင် နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ သီဟိုဠ်ကျွန်းမှာ ရောဂါဝေဒနာ အနှိပ်စက်ခံရတဲ့ မထေရ် တပါးဟာ အဲဒီ ရောဂါဝေဒနာကို ရှုတာနှင့် ကိလေသာခပ်သိမ်း ငြိမ်းပြီး ရဟန္တာ ဖြစ်သွားကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ပ-တွဲ၊ ၄၆) မှာ ဖောပြထားပါတယ်။

သည်းမခံနိုင်တော့လျှင်     ဒုက္ခဝေဒနာဟာ ပိုမို ပြင်းထန်လာလို့ သည်းမခံနိုင်တော့တဲ့ အခြေအနေရောက်လာယင် မိနစ်သုံးဆယ်ထက်မနည်း မပြင်ပဲ ထိုင်နိုင်သူများဟာ ပြင်ပြီး မထိုင်ပါနှင့်၊ ထပြီး စင်္ကြံလျှောက် အားထုတ်ပါ။ မိနစ်သုံးဆယ် ပြည့်အောင် မပြင်ပဲ ထိုင်လို့ မရသေးသူများကတော့ တကြိမ် ပြင်ထိုင်ပြီး ဆက်ရှုမှတ်ပါ။ ဒုတိယအကြိမ် အထိုင်ပြင်ဖို့ အခြေအနေ ဖြစ်လာယင်တော့ မပြင်ပဲနှင့် ထပြီး စင်္ကြံလျှောက် အားထုတ်ပါ။

အထိုင်ပြင်စ ရှိယင် စိတ်အကျင့်ပါပြီး ပြင်ဖို့ပဲ စိတ်ကူးနေတတ်ပါတယ်။ ဒါကြောင့် မပြင်မိအောင် အထူး ကြိုးစားပါ။ တထိုင်ထက်တထိုင် ပိုပြီး ကြာကြာ ထိုင်နိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ပြီး ကြိုးစားဖို့ လိုပါတယ်။ ကြာကြာ ထိုင်နိုင်လေ သမာဓိ အရှိန် ပိုရလေပါပဲ။

စင်္ကြံ လျှောက်လျှင်     စင်္ကြံ လျှောက်တဲ့ အခါမယ် စင်္ကြံဦးမှာ ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ် ထားပြီးရပ်ပါ။ လက်ပိုက် ထားပါ။ ဒါမှ မဟုတ်ယင် လက်ကို နောက်ဘက် ပစ်ထားပြီး လက်ချင်း ယျက်ထားပါ။ လက်နှစ်ဘက်ကို နံဘေး တဘက်တချက်မှာ တွဲလဲ ချမထားပါနှင့်။

ခေါင်းကို သိပ် ငုံ့မထားပါနှင့်။ ခြေထောက်ရှေ့ သုံးလေးတောင်ခန့် ဝေးတဲ့ နေရာကို မျက်လွှာချထားတဲ့ မျက်စိနှင့် သာမန် ကြည့်ဖြစ်နိုင်ရုံ ခေါင်းကို စဉ်းငယ်မျှ ညွှတ်ကိုင်းထားပါ။ သိပ် ငုံ့ထားယင် မကြာခင် ဇက်ကြော တက်လာတတ် ခေါင်းမူးလာတတ်ပါတယ်။

မျက်စိကို ထိန်းပါ     စင်္ကြံလျှောက်နေတဲ့ တချိန်လုံး အဝေးကို ဘေးကို မကြည့်မိအောင် မျက်စိကို ထိန်းပါ။ တခြား မကြည့်ဘူးလို့လဲ ဆုံးဖြတ်ပါ။ ကြည့်ချင်စိတ်ဖြစ်ပေါ်လာယင်လဲ ကြည့်ချင်စိတ်ကို ရှုမှတ်ပါ။ ရှုမှတ်လိုက်ယင်ကြည့်ချင်စိတ် ပျောက်သွားပြီး တခြားကို မကြည့်ဖြစ်တော့ဘူး။ စိတ်ရဲ့ အလိုလိုက်ပြီး ကြည့်ချင်စိတ် ဖြစ်ပေါ်တိုင်း မျက်စိက လျှောက်ကြည့်နေယင်တော့ မျက်စိသွားရာ စိတ်လိုက်ပါနေပြီး သမာဓိ ပျက်ပျက်နေတာနှင့် စင်္ကြံလျှောက်ရာမှာ ဘာတရားမှ တွေ့မယ် သိမယ် မဟုတ်ပါဘူး။

စင်္ကြံလျှောက်ရာမှာ မျက်စိကို ထိန်းနိုင်ဖို့၊ မျက်စိ လုံဖို့အရေးအကြီးဆုံးပါပဲ။

စရှုပုံ     စင်္ကြံ စရှုတဲ့အခါ စိတ်ကို ခြေထောက် ရွေ့ရှားမှုှဆီရှေးရှု တည်ထားပါ။ ခြေလှမ်း လှမ်းလိုက်တဲ့အခါမှာ "သွားတယ်၊ သွားတယ်" လို့ ဖြစ်စေ၊ "လှမ်းတယ်၊ လှမ်းတယ်" လို ဖြစ်စေ၊ "ဗယ်လှမ်းတယ်၊ ညာလှမ်းတယ်" လို့ ဖြစ်စေ စိတ်အဆိုကလေး ဆိုပြီး ရှုမှတ်ပါ။ စိတ်အဆိုက လိုရင်းမဟုတ်သော်လဲ အားထုတ်စမှာ အကူအညီ အထောက်အပံ့ ဖြစ်ပါတယ်။

စင်္ကြံလျှောက်ယင်း စိတ် တခြားကို ပျံ့သွား လွင့်သွားယင် ပျံ့စိတ် လွင့်စိတ်ကို ရှုပြီးမှ ခြေလှမ်းကို ပြန်ရှုပါ။ ရံဖန်ရံခါမှာ လွင့်စိတ် တွေးစိတ် တာရှည်နေယင် ရပ်ပြီးမှ စိတ်ကို ရှုမှတ်ပါ။ လွင့်စိတ် တွေးစိတ် ပျောက်သွားမှ စင်္ကြံ ပြန်လျှောက်ပြီးရှုမှတ်မြဲ ရှုမှတ်ပါ။

ဖြည်းဖြည်း ခြေလှမ်းစိပ်စိပ်     စင်္ကြံလျှောက် အားထုတ်တဲ့ အခါမှာ စင်္ကြံကို ဖြည်းဖြည်း လျှောက်ပါ။ ခြေလှမ်းကို သိပ် မကျဲပါစေနဲ့ ခြေဖဝါးတပြန်စာ၊ သို့မဟုတ် တပြန်စာ သာသာကလေး လှမ်းပါ။ ဒါမှရှုလို့ ကောင်းပါတယ်။ ခြေဖဝါးချင်း ရှေ့နောက်စဉ်ပြီး မလှမ်းပါနှင့်၊ ယိုင်တတ် လဲတတ်ပါတယ်။

ရှုမှတ်ချက် တိုးပါ     ရှေ့နားမှာ ပြောခဲ့တဲ့အတိုင်း "သွားတယ်" လို့ ဖြစ်စေ၊ "လှမ်းတယ်" လို့ ဖြစ်စေ၊ "ဗယ် လှမ်းတယ်၊ ညာ လှမ်းတယ်" လို့ ဖြစ်စေ ရှုမှတ်လို့ ၂ ရက်လောက် ရှိယင် ရှုစိတ်နှင့် အရှုခံ အာရုံတည့်လာပြီး ရှုလို့ ကောင်းလာပါလိမ့်မယ်။ ဒီအခါမှာ "ကြွတယ်၊ ချတယ်" လို့ ခြေတလှမ်းကို နှစ်ပိုင်းသိအောင် တိုးပြီး ရှုပါ။ အဲဒီ ရှုမှတ်ချက် နိုင်နင်းလာတဲ့ အခါမှာ "ကြွတယ်၊ လှမ်းတယ်၊ ချတယ်" လို့ ခြေတလှမ်းကို သုံးပိုင်းသိအောင် တိုးရှုပါ။

အဲဒီ နည်းအတိုင်း ရှုမှတ်ချက် တိုးတိုးသွားယင် စင်္ကြံ လျှောက်ခိုက်မှာ ဝိပဿနာ သတိ၊ သမာဓိ၊ ဉာဏ်တွေ အားကောင်းလာတဲ့အတွက် ပိုပိုပြီး ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင် တွေ့သိလာပါလိမ့်မယ်။

စင်္ကြံလမ်းအဆုံးမှာ     စင်္ကြံလျှောက်တဲ့အခါ ဟိုနားလျှောက်လိုက်၊ ဒီနားလျှောက်လိုက်နှင့် မလျှောက်ပါနဲ့။ အဲဒီလို လျှောက်လို့ အားကောင်းတဲ့ သမာဓိကို မရနိုင်ပါဘူး။ စင်္ကြံလမ်းကြောင်း တကြောင်းတည်းမှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်ပါ။

စင်္ကြံအဆုံးရောက်ယင် မလှည့်သေးပဲနှင့် စုံရပ်လိုက်ပါ။ ပြီးမှ ရပ်နေတဲ့ ထောင်ထောင်သဘောကို စိတ်အာရုံစိုက်ပြီး "ရပ်တယ်၊ ရပ်တယ်" လို့ မိနစ်ဝက်လောက် ဖြစ်စေ၊ တမိနစ်လောက်ဖြစ်စေ ရပ် ဣရိယာပုထ်ကို ရှုမှတ်ပါ။ ပြီးမှ ပြန်လှည့်ချင်တဲ့ စိတ်ကို သေသေချာချာသိအောင် အကြိမ်ကြိမ် ရှုပါ။ ပြီးမှ တဖြည်းဖြည်း နောက်ပြန်လှည့်တာကို ရှုပါ။ နောက်ပြန် မျက်နှာမူမိယင် ရပ်လိုက်ပြီး ရပ်တာကို ရှုပါ။ ပြီးမှ "ကြွတယ်၊ လှမ်းတယ်၊ ချတယ်" စသည်ဖြင့် ရှုမှတ်မြဲ ရှုမှတ်သွားပါ။

စင်္ကြံကို ဂရုစိုက်ပါ     စင်္ကြံ တကြိမ်လျှောက်ယင် တရားမရင့်သေးမီမှာ အနည်းဆုံး တနာရီလျှောက်ပါ။ မလျော့ပါစေနှင့်၊ ပိုယင်သာ ပိုပါစေ။ စင်္ကြံမှာ အရှုခံအာရုံထင်ရှားလို့ သမာဓိ ပိုပြီး ရလွယ်ပါတယ်။ ဉာဏ်လဲ ပိုပြီး ဖြစ်လွယ်ပါတယ်။ ခြေထောက်ရဲ့ ကြွရွေ့သဘော၊ လှမ်းရွေ့သဘော၊ ချရွေ့သဘောဟာ အလွန်ထင်ရှားပါတယ်။ ဒါကြောင့် ရှုရတာ လွယ်ကူတဲ့အတွက် သမာဓိ ရလွယ်ပါတယ်။ မြတ်စွာဘုရားက စင်္ကြံရဲ့ အကျိုးငါးပါးကို ဟောတော်မူတော့ "စင်္ကြံသမာဓိဟာ ကြာရှည်တည်တံ့တယ်" လို့ မိန့်တော်မူပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ နာရီပိုင်းအလိုမှာ မြတ်စွာဘုရားထံ တရားလာမေးတဲ့ အရှင်သုဘဒ္ဒဟာ ကုသိနာရုံ အင်ကြင်းဥယျာဉ်ထဲမှာ စင်္ကြံလျှောက်ယင်း ရှုမှတ်တာနှင့်ပဲ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရပြီး ရဟန္တာ ဖြစ်သွားပါတယ်။ စင်္ကြံတရား အရေးကြီးပါတယ်။

စင်္ကြံ ရှုမှတ်မှု ရည်ရွယ်ချက်     ဒါကြောင့် စင်္ကြံလျှောက် ရှုမှတ်တာဟာ အညောင်းပြေရုံ၊ ဣရိယာပုထ် အပြောင်းအလဲဖြစ်ရုံ၊ သမာဓိအားကောင်းရုံမျှ ရည်ရွယ်တာမဟုတ်ပါဘူး။ စင်္ကြံလျှောက်ခိုက်မှာ ဖြစ်ဆဲ ရုပ်နာမ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘာဝတွေကို သိဖို့ ရည်ရွယ်ချက်က ပဓာနပါ။ ပြီးတော့ စင်္ကြံလျှောက်တုန်းမှာ ရရှိတဲ့ ဝိပဿနာသတိ၊ သမာဓိ၊ ဉာဏ် တို့ကို ထိုင်သည်အထိ ပါသွားအောင် အဆက်မပြတ် ရှုမှတ်ပြီး သယ်သွားယင် ထိုင် ရှုမှတ်ရာမှာ အများကြီး အထောက်အပံ့ ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကြံကို အလျင်လျှောက်ပြီးမှ ထိုင် ရှုမှတ်တာက ပိုကောင်းပါတယ်။

စင်္ကြံတလှည့် အထိုင်တလှည့် ရှုမှတ်ဖို့ပါပဲ။ သို့သော်လဲ စင်္ကြံနှင့် အထိုင် အချိန် ညီမျှဖို့ မလိုပါဘူး။ တရား အခြေအနေအရ အတိုးအလျော့ ရှိရပါတယ်။

သမ္ပဇညပိုင်း ရှုပုံ     သတိပဋ္ဌာန် ဝိပဿနာရဲ့ အခြေခံ သဘောဟာ ရုပ်နှင့် နာမ်မှာ ခဏမစဲ ဖြစ်ပေါ် နေတဲ့သဘောတွေကို စက္ကန့်မလပ် မိနစ်မလပ် တရစပ်စောင့်ကြည့်ရှုသိနေရပါတယ်။ မရှုမိပဲ လပ်သွားတဲ့ မိနစ်ပိုင်း စက္ကန့်ပိုင်း ကလေးမျာပဲ မရှုမိလိုက်တဲ့ ရုပ်နာမ်နှင့် ပတ်သက်လို့ ကိလေသာက ဝင်လိုက်တော့တာပဲ။

ဒါကြောင့် စင်္ကြံ လျှောက်တဲ့ အခါနှင့် ထိုင်တဲ့ အခါလေးမှာသာ ရှုရုံမျှနဲ့ မလုံလောက်ပါဘူး။ နိုးနေသမျှ တချိ်န်လုံး လှုပ်ရှားမှု၊ ပြုမူမှု၊ ကိုယ် အမူအရာ မှန်သမျှကိုရော စဉ်းစား၊ ကြံတွေး၊ လိုချင်တပ်မက်၊ စိတ်ပျက်၊ စိတ်ဆိုးတဲ့ စိတ်သဘောမှန်သမျှကိုပါ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း အမြဲတစေ ရှုသိနေရပါတယ်။

ရှုပုံ နည်းပြ     လှုပ်ရှားပြုမူ အသေးစိတ် အမူအရာမှန်သမျှ ရှုမှတ်ပုံကို မဟာသတိပဋ္ဌာနသုတ်၊ သမ္ပဇညပိုင်းမှာ နည်းပြ အနေနှင့် မြတ်စွာဘုရား ညွှန်ကြားတော်မူခဲ့ပါတယ်။ ရှေ့ကိုသွားတိုင်း၊ နောက်ကို ဆုတ်တိုင်း၊ ကွေးတိုင်း၊ ဆန့်တိုင်း၊ ထိုင်တိုင်း၊ ထတိုင်း၊ သင်္ကန်း ကိုင်တိုင်း၊ သပိတ်ကိုင်တိုင်း၊ အဝတ် ဝတ်တိုင်း၊ စားသောက်တိုင်း၊ ရေချိုးတိုင်း၊ တပိုတပါး သွားတိုင်း စသည်မှာ ပါဝင် ဖြစ်ပျက်နေတဲ့လှုပ်ရှားမှု ပြုမူမှုတွေကို "ကွေးတယ်" "ဆန့်တယ်" "ထိုင်တယ်" "ထတယ်" စသည်ဖြင့် ဖြစ်နေ ရှိနေတဲ့ အတိုင်း အမြဲ မပြတ် သတိကပ်ပြီး ရှုသိနေရပါတယ်။

မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတွေ့တိုင်း၊ ကြံတွေးတိုင်းလဲ "မြင်တယ်" "ကြားတယ်" စသည်ဖြင့် မလွတ်ရအောင် ရှုသိ နေရပါတယ်။

ရှုမှတ်မှုချင်း ဆက်စပ် မိမှ     တနေ့လုံး ရှုသိမှုချင်း ဆက်စပ်မိပြီး သတိတစပ်တည်း ဖြစ်အောင် ရှုနိုင်လေ သမာဓိဉာဏ်တွေ တိုးတက် လာလေပါပဲ။ ထိုင်တဲ့အချိန်နှင့် စင်္ကြံလျှောက်တဲ့ အချိန်မှာသာ ရှုမှတ်ပြီး ကျန်တဲ့ အချိန်တွေမှာ အဲဒီ ပြုမူလှုပ်ရှားမှု အမူအရာတွေကို အရှုပဲ လွှတ်ထားယင် ရှေ့သတိနှင့် နောက် သတိ၊ ရှေ့သမာဓိနှင့် နောက် သမာဓိ၊ ရှေ့ဉာဏ်နှင့်နောက် ဉာဏ် အဆက်ပြတ်ပြီးဟာနေတဲ့ ကွက်လပ်ကြီးတွေ ကြားက ခံနေလို့ သတိ၊ သမာဓိ၊ ဉာဏ်တွေ အရှိန် ပျက်ပျက် သွားတဲ့အတွက် တိုးတက်မှု အလွန်နှေးပါတယ်။ ဒါကြောင့် တနေ့လုံးဆက်စပ်မိအောင် ရှုမှတ်ဖို့ အထူး ကြိုးစားရပါတယ်။

ကြောင်းကျိုး ဆက်သွယ်ပုံ     ရှုမှတ်မှု သတိတွေ ဆက်စပ်မိယင် တည်ငြိမ်မှု သမာဓိတွေ ဆက်စပ်မိလာလို့ အားကောင်းလာပါတယ်။ သမာဓိ အားကောင်းလာယင် "သမာဟိတော ယထာဘူတံ ပဇာနာတိ=စိတ်တည်ငြိမ်သူသည် အမှန်အတိုင်း သိ၏" ဆိုတဲ့ ဗုဒ္ဓ ရှင်တော်မြတ်၏ မိန့်ခွန်းတော်အတိုင်း အရှုခံ ရုပ်၊ အရှုခံ နာမ် တို့ရဲ့ အရှိ သဘာဝဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို အမှန်အတိုင်း သိတဲ့ ဝိပဿနာဉာဏ်တွေ ရှင်းလင်း ပီသစွာ ဖြစ်ပေါ်လာပါတယ်၊ ဒီ ဝိပဿနာဉာဏ်တွေ ရင့်ကျက်ပြီဆိုယင် အရိယသစ္စာ လေးပါးကို ထိုးထွင်းသိတဲ့ မဂ််ဉာဏ် ဖိုလ်ဉာဏ်တွေ ဖြစ်ပေါ်ပြီး ဆင်းရဲခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တယ်ဆိုတာကတော့ ဘုရားဟော ဒေသနာတော် အရရော သဘာဝဖြစ်စဉ်အရပါ မလွဲနိုင်တဲ့ ကြောင်းကျိုး နိယာမ တရားကြီးပါပဲ။

အခု ဖော်ပြခဲ့တဲ့ ရှုမှတ်ပုံတွေထဲက-

ရုပ်ကို ရှုသိတာက          ကာယာနုပဿနာ သတိပဋ္ဌာန်၊
ခံစားမှုကို ရှုသိတာက          ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊
စိတ်ကို ရှုသိတာက          စိတ္တာနုပဿနာ သတိပဋ္ဌာန်၊
သဘောကို ရှုသိတာက          ဓမ္မနုပဿနာ သတိပဋ္ဌာန်။

အဲဒီလို မြတ်စွာဘုရား လေးမျိုးခွဲခြားပြီး ဟောတော်မူထားပါတယ်။ သို့သော်လဲ ရှုတဲ့အခါမှာတော့ ဘယ် သတိပဋ္ဌာန်ဖြစ်အောင် ရှုမယ်လို့ ရွေးချယ် မနေရပါဘူး။ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ သဘောကို ရှုသိနေရုံပါပဲ။

ဒီ သတိပဋ္ဌာန် လေးမျိုးကို ရှုပွါးယင်-

ကိလေသာ စင်ကြယ်ခြင်း အကျိုး၊
စိုးရိမ် ပူဆွေးမှု ကင်းခြင်း အကျိုး၊
ငိုကြွေးမှု ကင်းခြင်း အကျိုး၊
ကိုယ်ဆင်းရဲ ငြိမ်းခြင်း အကျိုး၊
စိတ်ဆင်းရဲ ငြိမ်းခြင်း အကျိုး၊
မဂ်ဉာဏ်ကို ရခြင်း အကျိုး၊
နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း အကျိုးများကို ရနိုင်ကြောင်း မြတ်စွာဘုရား မိန့်ကြားတော်မူပါတယ်။

ဆောင်ပုဒ်

ကိလေစင်ရေး၊ စိုးပူဆွေး၊ ငိုကြွေးကင်းလိုလျှင်။
ကိုယ်စိတ်ဆင်းရဲ၊ မရှိပဲ၊ အမြဲငြိမ်းလိုလျှင်။
မဂ်နှင့် နိဗ္ဗာန်၊ တရားမှန်၊ အမြန်ရလိုလျှင်။
ရုပ်နာမ် ဖြစ်ဆဲ၊ သတိစွဲ၊ ပွါးမြဲတလမ်းပင်။
တလမ်းတည်းမှန်၊ သတိပဋ္ဌာန်၊ ပွါးရန်ဘယ်သို့နည်း။
ရုပ်ဖြစ်တိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
ခံစားတိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
စိတ်ဖြစ်တိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
သဘောတိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
ရှုလျှင် ရှုလျှင်၊ အမှန်မြင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။