မေတ္တာ ဘာဝနာ


အိပ်လဲချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်မက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာကြည်လေ၊ မတွေဝေ၊ အသေ ကောင်းလှသည်။
ဗြဟ္မာ့ဘုံလား၊ ဆယ့်တပါး၊ ကျိုးများ မေတ္တာရည်။



မေတ္တာဘာဝနာသည် သမထ ကမ္မဋ္ဌာန်း လေးဆယ်တွင် ပါဝင်သော သမာဓိ ကမ္မဋ္ဌာန်းတခု ဖြစ်၏။ ဤ မေတ္တာ ဘာဝနာကို ပွါးများ အားထုတ်ခြင်းဖြင့် ဈာန် လေးဆင့်အနက် တတိယဈာန် သမာဓိအထိ ရနိုင်၏။ ထို့ကြောင့် ဤ မေတ္တာဘာဝနာ အခန်းကို သမာဓိ အခန်း၏ နောက်၌ ဆက်လက် ဖော်ပြရခြင်း ဖြစ်၏။

မေတ္တာ ဆိုသည်မှာ     မေတ္တာ ဆိုသည်မှာ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသော စိတ်၊ သတ္တဝါတို့ကို ချမ်းသာစေလိုသော စိတ်ပင် ဖြစ်သည်။ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားလျက် ချစ်ခင်သော စိတ်ဟုလည်း ဆိုနိုင်၏။ [အဘိဓမ္မာ၌ မေတ္တာသည် စေတသိက် ဖြစ်၏။ ဤ မေတ္တာဘာဝနာ အရာ​၌မူ ထိုမေတ္တာ စေတသိက်နှင့် ယှဉ်သော စိတ်ကို မေတ္တာ ဟုဆိုရသည်။]

တဏှာရာဂသည် မေတ္တာမဟုတ်     တစုံတယောက် အပေါ်၌ ငြိတွယ်လျက်ချစ်ခင်သော စိတ် (တဏှာရာဂ) သည် မေတ္တာ မဟုတ်ပေ။ ငြိတွယ်ခြင်းကင်းလျှက်ချမ်းသာစေလိုသော သဘောသက်သက်ဖြင့် ချစ်ခင်သော စိတ်သည်သာ မေတ္တာ အစစ် ဖြစ်၏။

ငြိတွယ်လျက် ချစ်သော တဏှာချစ် ရာဂချစ်သည် ပူလောင်၏။
ငြိတွယ်မှု ကင်းလျက် ချစ်သော မေတ္တာချစ်သည် အေးမြ၏

တဏှာချစ်ကြောင့် ဆင်းရဲရ     မိမိက တဏှာရာဂချစ်ဖြင့် ငြိတွယ်လျက်ချစ်ခင်နေသူ တယောက် မိမိနှင့် ခွဲခွာ၍ တရပ်တကျေး၌ သွားရောက်နေထိုင်သည့် အခါ ထိုသူ ထိုအရပ်၌ မည်မျှပင် ချမ်းချမ်းသာသာ နေရစေကာမူ ထိုသူ့ကို မမြင် မတွေ့ရသဖြင့် မိမိမှာ စိတ်ဆင်းရဲ ရ၏။ ထို့ကြောင့် ငြိတွယ်လျက် ချစ်သော တဏှာချစ် ရာဂချစ်သည် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။

ဤ ငြိတွယ်လျက် ချစ်သော အချစ်မျိုးသည် မိဘနှင့် သားသမီး၊ မောင်နှင့် နှမ၊ ဆွေမျိုး တဦးနှင့်တဦး၊ မိတ်ဆွေတဦးနှင့် တဦးတို့၏ အကြား၌ပင် များစွာ ဖြစ်တတ်သေး၏။ ဇနီးခင်ပွန်းတို့၏ အကြား၌ကား ပြောဖွယ် မလိုတော့ပေ။

မေတ္တာချစ်ကြောင့် ချမ်းသာရ     မိမိက ငြိတွယ်ခြင်း မရှိပဲ ချမ်းသာစေလိုသော သဘောသက်သက်ဖြင့် ချစ်ခင်နေသူ တယောက် မိမိနှင့် ခွဲခွာ၍ တရပ်တကျေး၌ သွားရောက်နေထိုင်သောအခါ ထိုသူမှာ ချမ်းသာနေသည် ဖြစ်စေ၊ ဆင်းရဲနေသည် ဖြစ်စေ ထိုသူ့ကို မမြင်မတွေ့ရသဖြင့် မိမိမှာ မည်သို့မျှ ဆင်းရဲခြင်း မဖြစ်ပေ။

ထိုသူ့ကို အာရုံပြု၍ ထိုသူ ချမ်းသာစေလိုသော စိတ်ထား မိမိ၏ စိတ်အစဉ်တွင် စိမ့်ဝင်ပျံ့နှ့ံနေရကား မိမိမှာ ချမ်းသာမြဲချမ်းသာနေ၏။ ထို့ကြောင့် ငြိတွယ်ခြင်း ကင်းလျက် ချစ်ခင်သော မေတ္တာချစ်သည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။

ထိုမျှမက မိမိ မေတ္တာပွါးသည့်အတိုင်း ထိုသူ ချမ်းသာနေလျှင် ဝမ်းမြောက် ဝမ်းသာ မုဒိတာ ပွါးရ၍ မချမ်းသာပဲ ဆင်းရဲနေလျှင်လည်း ကြင်နာသနား ကရုဏာ ပွါးနေရုံမျှသာ ဖြစ်၏။ စိတ်ဆင်းရဲမှုကား မိမိမှာ မဖြစ်ပေ။

ပွါးသူတို့ ကိုယ်တွေ့     သတ္တဝါ တဦးတယောက် အပေါ်၌ဖြစ်စေ၊ အများစု အပေါ်၌ ဖြစ်စေ၊ သတ္တဝါအားလုံး အပေါ်၌ ဖြစ်စေ၊ မေတ္တာစိတ်ထား အတော်ကြီးထားနိုင်၍ မိမိ သန္တာန်၌ မေတ္တာစိတ် တဖွားဖွား ဖြစ်ပေါ်သည်အထိ မေတ္တာပွါးနိုင်လျှင် ပွါးသူ၏ စိတ်သည် တည်ငြိမ်၏။ ကြည်လင်၏။ ငြိမ်းအေး၏။ ချမ်းမြေ့၏။ နှစ်သက် ဝမ်းမြောက်မှုပီတိ ပါမောဇ္ဇတို့ စိတ်အစဉ်၌ စိမ့်ဝင်ပျံ့နှံ့နေသဖြင့် မည်သည့် ချမ်းသာနှင့်မျှ မတူသော ချမ်းသာကို ခံစားရ၏။ ရုပ်သွင်လည်းတည်ကြည် ငြိမ်သက် ကြည်လင် ငြိမ်းအေး၏။ ထိုသူ့ကို တွေ့မြင်ရသူ မှန်သမျှ ဆက်ဆံရသူ မှန်သမျှ အလိုလို စိတ်ချမ်းသာ၏။ ထိုသူ့ကို မုန်းနေသူများပင် ချစ်ခင်စိတ် ဝင်လာတတ်၏။

ဤသည်တို့မှာ မေတ္တာကို အချိန်ယူ၍ ပွါးများသူတို့ ကိုယ်တွေ့ ကြုံရသော မေတ္တာ၏ အကျိုးတရားများ ဖြစ်ကြ၏။

အပြစ်ရှာသူ     တချိန်က ရန်ကုန်၌ မေတ္တာ ဘာဝနာ ပွါးသူ တပည့် အရာရှိ တဦးသည် ရက် နှစ်ဆယ်ခန့် မေတ္တာဘာဝနာကို အားထုတ်မိသောအခါ ဝိသုဒ္ဓိမဂ်၌လာသည့်အတိုင်း ကြည်ညို လေးစားအပ်သူ၊ ချစ်ခင်သူ မိတ်ဆွေနှင့် မချစ်မမုန်း သိကျွမ်းရုံမျှ ဖြစ်သူတို့ကို ကျေပွန်စွာ ပွါးပြီးနောက် ရုံး၌ သူ့ကို အမြဲတစေ အပြစ်မရှိ အပြစ်ရှာနေသော သူ၏ အထက်အရာရှိကို အာရုံထား၍ မေတ္တာ ပွါးကြည့်၏။ ရှေ့ပုဂ္ဂိုလ်များကို ပွါးသလိုပင် မေတ္တာစိတ် တဖွားဖွား ဖြစ်ပေါ်သည်ကို တွေ့ရ၍ တနေ့လုံး ထို အရာရှိကိုချည်း မေတ္တာပွါးနေ၏။

တလခွဲခန့်မျှ မေတ္တာဘာဝနာ အားထုတ်ပြီး၍ အိမ်သို့ပြန်ရောက်သောအခါ ထို အရာရှိသည် သူ တရားအားထုတ်နေစဉ်အတွင် သူ့အိမ်သို့ နှစ်ကြိမ် သုံးကြိမ်မျှ လာရောက်၍ သူ၏ ကျန်းမာကြောင်း စသည်ကို သတင်းမေးကြောင်း သူ့အစ်ကိုက ပြောပြ၍ သိရ၏။ ရုံးပြန်တက်သော အခါ၌လည်း သူ့ အရာရှိ၏ ရှေးကနှင့် လုံးဝမတူ ကြည်ဖြူသော မျက်နှာထားကို တွေ့ရရုံမျှမက အပြစ်ရှာမှု မရှိတော့ပဲ ရင်းနှီးခင်မင်စွာ ဆက်ဆံသဖြင့် လုပ်ငန်းခွင်တွင် အဆင်ပြေသွားကြောင်း လျှောက်ထားဖူး၏။

မကောင်းသတင်းလွှင့်သူ     မန​္တလေးမှ မေတ္တာဘာဝနာ အားထုတ်သူ တပည့် တဦးသည်လည်း ဆယ်ရက်ခန့် မေတ္တာပွါးမိသောအခါ သူ့ကို အမြဲလိုလိုမကောင်းသတင်း လွှင့်နေသော အမျိုးသမီး တဦးကို အာရုံပြုလျက် ပွါးကြည့်ရာ အခြားသူများကို ပွါးသလိုပင် မေတ္တာဓာတ်အင်အားကောင်းစွာ ဖြစ်ပွါးသည်ကို တွေ့ရ၏။ ထို့ကြောင့် ထိုအမျိုးသမီးကို အကြိမ်များစွာ မကြာခဏ မေတ္တာပွါး၏။

အိမ်သို့ ပြန်ရောက်သောအခါ ထိုအမျိုးသမီး မူပြောင်းနေသည်ကို တွေ့ရ၏။ သူ့အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာကာ ခင်ခင်မင်မင် ဆက်ဆံရုံမျှမက သူ့အကြောင်း မကောင်းသတင်းလည်း ထို အမျိုးသမီး မလွှင့်တော့ကြောင်း လျှောက်ထားဖူး၏။

ဗဒ္ဓဒေသနာတော်မှ အကျိုးများ     ယောကျ်ားများ၍ မိန်းမ နည်းသော အိမ်ကို သူခိုး ဒမြတို့ ဝင်ရောက် ခိုးယူလုယက်နိုင်ရန် လွန်စွာ ခဲယဉ်းသကဲ့သို့ မေတ္တာတရားဖြင့် မိမိစိတ်ကို ထုံမွှမ်းထားသူကို ဘီလူး စသူတို့က မနှောက်ယှက် မဖျက်ဆီးနိုင်ပေ။

ထက်လှသော လှံသွားကို ကိုင်၍ ကွေးခြင်း လိပ်ခြင်းကို ပြုလျှင် ပြုသူသာလျှင် လှံသွားရှ၍ ဆင်းရဲရသကဲ့သို့ မေတ္တာပွါးသူ၏ စိတ်ကို နှောက်ယှက် ဖျက်ဆီးရန် ဘီလူး စသူတို့ကြိုးစားလျှက် ထိုဘီလူး စသူတို့သာလျှင် ကိုယ် စိတ် ပင်ပန်းဆင်းရဲမှုကို ခံစားကြရ၏။  (နိဒါနဝဂ္ဂသံယုတ်၊ ၄၅၄-၅)

သာမာဝတီ၏ မေတ္တာစွမ်း     မာဂဏ္ဍီ၏ အကောက်ကြံမှုကြောင့် မေတ္တာရှင် သာမာဝတီနှင့် သူ၏အဖော် အပျိုတော်ငါးရာတို့ကို ဥတေနမင်းကြီး အထင်မှာ၍ စီတန်းရပ်စေပြီးလျှင် လေးဖြင့် ပစ်သတ်ရန် ချိန်လိုက်၏။ သာမာဝတီတို့တသိုက်ကား မေတ္တာပွါးလျက် နေ၏။

မင်းကြီး လေးညှို့ ခလုတ်ကို ဖြုတ်လိုက်ရာ မြားသည် သာမာဝတီတို့ဆီသို့ တည့်တည့်ကြီး ဦးတည် ပြေးသွား၏။ သို့သော်လည်း သာမာဝတီ၏ အနီးသို့ရောက်လျှင် သက်ရှိသတ္တဝါတဦးကဲ့သို့ ရုတ်ချည်း ပြန်ကွေ့ကာ မင်းကြီး အထံသို့ပြေးလာပြီးလျှင် မင်းကြီး၏ခြေရင်း၌ အရှိန်ပြင်းစွာကျသွား၏။

ထိုအခါ မင်းကြီးသည် "သူတော်ကောင်းရဲ့ ဂုဏ်ကို သက်မဲ့မြားကမှ သိသေးသည်၊ ငါ ရေမြေ့အရှင် ဘုရင်က မသိသားဆိုးရွားလှချည်လား" ဟု ထိတ်လန့် သံဝေဂရကာ သာမာဝတီကို ရှိခိုးတောင်းပန်လေသည်။

မေတ္တာပွါးခြင်း၏ အကျိုးကား ကြီးမားလှ၏။

မေတ္တာပွါးခြင်း၏ အကျိုးတဆယ့်တပါး

မေတ္တာပွါးသူသည်-
ချမ်းသာစွာ အိပ်ရခြင်း၊
ချမ်းသာစွာ နိုးရခြင်း၊
အိပ်မက်ကောင်း မက်ခြင်း၊
လူအများ ချစ်ခင်ခြင်း၊
နတ်တို့ ချစ်ခင်ခြင်း၊
နတ်တို့ စောင့်ရှောက်ခြင်း၊
လက်နက်၊ အဆိပ်၊ မီး စသည်တို့ကြောင့် မသေခြင်း၊
စိတ်တည်ကြည် ငြိမ်သက်ခြင်း၊
မတွေမဝေပဲ သတိရှိလျက် သေရခြင်း၊
သေသောအခါ ဗြဟ္မာဖြစ်ရခြင်း အကျိုးများကို ရ၏။ 
( အင်္ဂုတ္တရ၊ ဧကာဒသက၊ ၅၄၁ )

ဆောင်ပုဒ်

အိပ်လဲချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်မက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာကြည်လေ၊ မတွေဝေ၊ အသေ ကောင်းလှသည်။
ဗြဟ္မာ့ဘုံလား၊ ဆယ့်တပါး၊ ကျိုးများ မေတ္တာရည်။

မေတ္တာပို့     ထို မေတ္တာစိတ်ကို မိမိသန​္တာန်၌ အထိုက်အလျောက် ဖြစ်ပွါးရုံမျှ "သတ္တဝါမှန်သမျှ ချမ်းသာကြပါစေ" ဟု မိနစ် အနည်းငယ်မျှ ဆင်ခြင် နှလုံးသွင်းပွါးများခြင်းကို မေတ္တာပို့သည် ဟုခေါ်ကြသည်။

မေတ္တာဘာဝနာ ပွါးများ     မိမိသန္တာန်၌ သာမန် မေတ္တာစိတ်ဖြစ်ပွါးရုံမျှ မဟုတ်ပဲ မေတ္တာစိတ်ထား အင်အားကောင်းစွာ တဖွားဖွား ဖြစ်ပေါ်လာကာ တကိုယ်လုံး စိမ့်ဝင်ပျံ့နှံ့အောင် "ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ" ဟု အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် နှလုံးသွင်း ပွါးများခြင်းကို မေတ္တာဘာဝနာ ပွါးသည်ဟု ခေါ်ရသည်။

ဩဓိမေတ္တာ အနောဓိ မေတ္တာ     ယင်းသို့ မေတ္တာဘာဝနာ ပွါးများအားထုတ်ရာတွင် ပုဂ္ဂိုလ် တဦးတည်းကို ဖြစ်စေ၊ ပုဂ္ဂိုလ်တစုကို ဖြစ်စေ ပိုင်းခြား ကန့်သတ်၍ ပွါးများလျှင် ဩဓိမေတ္တာ ဖြစ်၏။ မည်သည့် ပုဂ္ဂိုလ်ဟု မပိုင်းခြား မကန့်သတ်ပဲ တလောကလုံးရှိ သတ္တဝါ အားလုံးကို အာရုံပြု၍ ပွါးများလျှင် အနောဓိမေတ္တာ ဖြစ်၏။

လက်ဦးသိထားနှင့်ရန်     ပုဂ္ဂိုလ် ပိုင်းခြား ကန့်သက်၍ ဩဓိ အနေဖြင့် ပွါးများလိုသူသည် ပွါးရမည့် ပုဂ္ဂိုလ် မပွါးရမည့် ပုဂ္ဂိုလ်တို့ကို ရှေးဦးစွာ သိထားဖို့ လိုပေသည်။
မိမိ မချစ်ခင်သော မုန်းသော ပုဂ္ဂိုလ်ကို အစဆုံးမေတ္တာ မပွါးရ။ မုန်းသူကို အစဆုံး မေတ္တာပွါးလျှင် မေတ္တာစိတ် မဖြစ်ပေါ်နိုင်ပေ။
အလွန်ချစ်ခင်သူကိုလည်း အစဆုံး မေတ္တာ မပွါးရ။ အလွန်ချစ်ခင်သူကို အာရုံပြု၍ အစဆုံး မေတ္တာပွါးလျှင် ထိုသူ၏ အနည်းငယ်မျှသော ဆင်းရဲဒုက္ခကိုပင် တွေးဆင်ခြင်မိက ငိုမိမလောက် စိတ်ဆင်းရဲရသဖြင့် မေတ္တာစိတ် မဖြစ်ပေါ်နိုင်ပေ။
မချစ်မမုန်း သိကျွမ်းရုံမျှသာ ဖြစ်သော အလယ် အလတ် ပုဂ္ဂိုလ်ကိုလည်း အစဦး မပွါးရ။ မချစ်မမုန်း ပုဂ္ဂိုလ်ကို ချစ်ခင်သူအဖြစ် ထား၍ ဆင်ခြင်နှလုံးသွင်းလျှင် ပင်ပန်း၏။
ရန်သူကိုလည်း အစဆုံး မပွါးရ။ ရန်သူကို အစဆုုံးပွါးလျှင် မေတ္တာစိတ် မဖြစ်ပေါ်ပဲ ဒေါသစိတ် ဖြစ်လာတတ်၏။
အမျိုးသမီးက အမျိုးသားကို၊ အမျိုးသားက အမျိုးသမီးကို ဩဓိမေတ္တာ အနေဖြင့် ပိုင်းခြားကန့်သတ်၍ မပွါးရ၊ ပွါးလျှင် ရာဂ ဖြစ်တတ်သည် ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဆို၏။

ဤအဆိုကို မေတ္တာ ဘာဝနာ ပွါးမှု အသားမကျသေး မနိုင်နင်းသေးမီ အခြေအနေကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ယူသင့်၏။ အဘယ်ကြောင့်ဆိုသော် လက်တွေ့ မေတ္တာဘာဝနာ အားထုတ်သူများသည် နိုင်နင်းကျေပွန်စွာ ပွါးမိသောအခါ ဝိသဘာဂ အာရုံကိုလည်း အခက်အခဲမရှိပဲ မေတ္တာစိတ်ဖြစ်အောင် ပွါးများ၍ ရကြသောကြောင့်ပင်။
သေသူကို မေတ္တာပွါးလျှင် ဥပစာရ သမာဓိကိုလည်း မဖြစ်စေနိုင်၊ အပ္ပနာ သမာဓိကိုလည်း မဖြစ်စေနိုင်ပေ။ ထို့ကြောင့် သေသူကို မပွါးအပ်သည်သာတည်း။

(ဝိသုဒ္ဓိမဂ် ၁၊ ၂၈၇-၂၈၈)

ဆောင်ပုဒ်

မုန်းသူစင်စစ်၊ အလွန်ချစ်၊ မချစ် မမုန်းသူ။
ရန်သူထည့်ကာ၊ လေးယောက်မှာ၊ စစွာ မပွါးဟူ။
လိင်မတူကား၊ သီးပိုင်းခြား၊ မပွါးရသသူ။
သေသူမှန်က၊ ဘယ်တော့မှ၊ ပွါးရ မဖြစ်ဟူ။

ပရိကံ     မေတ္တာဘာဝနာနှင့် ပတ်သက််၍ သိသင့် သိထိုက်သည်များကို လေ့လာ နားလည်ပြီးသော မေတ္တာဘာဝနာ အားထုတ်သူသည် မိမိ မေတ္တာပွါးမည့် အချိန်ပိုင်းအတွင်း၌ ကြောင့်ကြ ပလိဗောဓများ ကင်းရှင်းအောင် စီမံထားပြီးနောက် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေမိုးချိုးဆေးကြော သန့်စင်ပြီးလျှင် တိတ်ဆိတ်သော အချိန်တွင် တိတ်ဆိတ်သော နေရာ၌ စိတ်ရော ကိုယ်ပါ လျှော့ချလျက် ပျော့ပျောင်း သက်သာစွာ ထိုင်ရမည်။ ထိုု့နောက် ရတနာ သုံးပါး၊ ဆရာသမား မိဘ တို့ကို ရှိခိုးကန်တော့ရမည်။

ပွါးပုံအစဉ်     မေတ္တာပွါးရန် အဆင်သင့် ဖြစ်သောအခါ (၁) မြတ်နိုးကြည်ညို ရိုသေလေးစားအပ်သူ၊ (၂) ချစ်ခင်သော မိတ်ဆွေ၊ (၃) မချစ် မမုန်း သိကျွမ်းရုံမျှ ဖြစ်သူ၊ (၄) ရန်သူတို့ကို တဦးစီ အပေါ်၌ မေတ္တာစိတ်ထား တဖွားဖွား ဖြစ်ပေါ်လာသည်အထိ ကျေပွန်အောင် အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်ပွါးများပြီးမှ နောက်တဦးကို အစဉ်အတိုင်း ပွါးရသည်။

မိမိကိုယ်ကို သက်သေထားပါ     ဖော်ပြပါအတိုင်း မေတ္တာပွါးမည့်သူသည် ပထမဆုံး "ငါ ချမ်းသာရပါလို၏၊ ငါဆင်းရဲကင်းရပါလို၏" ဟု မိမိကိုယ်ကိုသက်သေအဖြစ် ထားရန် နှစ်မိနစ် သုံးမိနစ်ခန့် ပွါး ရမည်။ ထိုသို့ ပွါးခြင်းဖြင့် "မိမိ ချမ်းသာချင်သလို အခြား သတ္တဝါများလည်း ချမ်းသာလိုကြသည်။ မိမိ ဆင်းရဲကင်းချင်သလို အခြား သတ္တဝါများလည်း ဆင်းရဲကင်းလိုကြသည်" ဟု ကိုယ်ချင်းစာကာ အခြား သတ္တဝါများ၏ အကျိုးစီးပွါးကို လိုလားသော မေတ္တာစိတ်ထား ဖြစ်ပေါ်လာနိုင်ပေသည်။

ပွါးပုံ     ယင်းသို့ ပွါးပြီးမှ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်သော မြတ်နိုးကြည်ညို ရိုသေ လေးစားအပ်သော ဆရာသမား၊ ဆရာသမားနှင့် အလားတူသော ပုဂ္ဂိုလ်၊ ဥပဇ္ဈာယ် ဆရာ၊ ဥပဇ္ဈာယ်ဆရာနှင့် အလားတူသော ပုဂ္ဂိုလ် တဦးဦးကို အာရုံပြု၍ အမည်ကို ဖော်လျက် "ဦးနာဂ ချမ်းသာပါစေ" ဟု ဖြစ်စေ၊ "ဦးနာဂ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ" ဟု ဖြစ်စေထိုသူ၏ ချမ်းသာရေး ဆင်းရဲကင်းရေးကို လိုလားသည့် မေတ္တာစိတ်ထား မိမိသန္တာန်၌ ဖြစ်ပွါးလာအောင် ဆင်ခြင် ပွါးများရမည်။

ယင်းသို့ ပွါးရာ၌ ထို ပုဂ္ဂိုလ်၏ စိတ်ထား ကောင်းခြင်း၊ နှုတ်ပြော ချိုသာခြင်း၊ သူတပါးကို ကူညီတတ်ခြင်း၊ အများအကျိုးဆောင်ခြင်း၊ ပေးကမ်း လှူဒါန်းတတ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းခြင်း စသော ကောင်းဂုဏ်တို့ကို ဆင်ခြင် အောက်မေ့၍ ပွါးရမည်။

ထိုသို့ ပွါးဖန်များလာ၍ အပွါးခံ ပုဂ္ဂိုလ်ကို သေချာစွာအာရုံပြုလာနိုင်သောအခါ နာမည်ကို မဖော်တော့ပဲ "ချမ်းသာပါစေ၊ ချမ်းသာပါစေ" "ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ" စသည်ဖြင့် လွယ်ကူသလို ပွါးရမည်။ "ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ အစစ အရာရာ အဆင်ပြေပါစေ" စသော စကားများဖြင့်လည်း ပွါးများနိုင်သည်။ ပွါးစတွင် နှုတ်ကပါ ရွတ်ဆိုဖို့ လိုကောင်း လိုပေမည်။ ပွါးမှု အသားကျလာသောအခါ စိတ်ဖြင့်သာ ဆင်ခြင် ပွါးများရမည်။

တိုးတက်မှု     ဤ ပထမ ပုဂ္ဂိုလ်ကို အကြိမ်ကြိမ် အဖန်ဖန် ပွါးခြင်းဖြင့် သမာဓိ ရလာ၍ ကြည်လင်မှု၊ ငြိမ်သက်မှု၊ နှစ်သက် ဝမ်းမြောက်မှု၊ ငြိမ်းအေးမှု၊ ချမ်းသာမှု၊ ကိုယ်စိတ်နူးညံ့မှု စသည်တို့ကို ခံစားလာရသောအခါ အလားတူ ပုဂ္ဂိုလ်တို့ကို တဦးပြီးတဦး ပြောင်း၍ ပွါးရမည်။ ဤသို့ဖြင့် မေတ္တာဈာန်သမာဓိကို ရလာနိုင်၏။

ထို ပထမပုဂ္ဂိုလ် အမျိုးအစားကို ကျေပွန် နိုင်နင်းအောင်ပွါးများပြီးမှ ဒုတိယ၊ တတိယ၊ စတုတ္ထ ပုဂ္ဂိုလ် အမျိုးအစားတို့ကို အစဉ်အတိုင်း ဆက်လက်၍ ပွါးရမည်။

ဩဓိမှ အနောဓိသို့     ထို့နောက်မှ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံ ပိုင်းခြား ကန့်သတ်လျက် တဖြည်းဖြည်း အပွါးခံ နယ်ပယ်ကို ချဲ့၍ ချဲ့၍ ပွါးသင့်သည်။ ထို့နောက်မှ တိုင်ကြီး တတိုက်လုံး၊ တကမ႓ာလုံး တစကြာဝဠာလုံး၊ တလောကလုံး စသဖြင့် တိုးချဲ့ပွါးများလျှင် အပိုင်းအခြား ရှိသော ဩဓိမေတ္တာမှ အပိုင်းအခြား မရှိသော အနောဓိမေတ္တာသို့ ပြောင်းလဲပွါးများပြီး ဖြစ်ပါလိမ့်မည်။

ပဋိသမ႓ိဒါမဂ် ပါဠိတော်နည်းအတိုင်း အရပ် ဆယ်မျက်နှာ ကို တမျက်နှာစီ ပိုင်းခြား ကန့်သတ်၍ ဒိသာဖရဏ မေတ္တာအဖြစ် ပွါးများပြီးမှ တလောကလုံးကို ပွါးများလျှင်လည်း ပို၍ သင့်လျော်ဖွယ် ရှိပါသည်။

ငါးရာနှစ်ဆယ်ရှစ်သွယ်မေတ္တာ     ပဋိသမ႓ိဒါမဂ် ပါဠိတော်လာ ငါးရာ့နှစ်ဆယ်ရှစ်သွယ်မေတ္တာ ပွါးနည်းသည် အပ္ပနာသမာဓိ ရပြီး သူအားသာ ပြည့်စုံနိုင်သည်ဟု ကျမ်းဂန် (ဝိသုဒ္ဓိမဂ် ၁၊ ၃၀၂) အဆို ရှိ၏။ သို့သော်လည်း ဤကျမ်းငယ်၏ အဆုံး၌မူ ယင်းပွါးနည်းကို မေတ္တာပို့ အဖြစ်ဖြင့် ကုသိုလ် ပွါးနိုင်ကြစေရန် ဖော်ပြပါဦးမည်။