ကြီးပွါးချမ်းသာရေး ဩဝါဒများ


ဗုဒ္ဓမြတ်စွာ၏ ဩဝါဒ အချုပ်

မကောင်းမှု မှန်မမျှ မပြုလုပ်နှင့်။
ကောင်းမှု မှန်သမျှ ပြုလုပ်ပါ။
စိတ်ကို ဖြူစင်အောင်ထားပါ။
  (ဓမ္မပဒ၊ ဗုဒ္ဓဝဂ်)




အောက်ပါတို့သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်များထဲမှ ကြီးပွါး ချမ်းသာကြောင်း လိုက်နာဖွယ်ရာ ဆုံးမ ဩဝါဒ ကောင်းများ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ ဩဝါဒ အချုပ်

မကောင်းမှု မှန်မမျှ မပြုလုပ်နှင့်။
ကောင်းမှု မှန်သမျှ ပြုလုပ်ပါ။
စိတ်ကို ဖြူစင်အောင်ထားပါ။
  (ဓမ္မပဒ၊ ဗုဒ္ဓဝဂ်)

ဆောင်ပုဒ်

မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား။
ခုလဲချမ်းသာ၊ နောင်ချမ်းသာ၊ မြတ်စွာ ဟောမိန့်ကြား။
အသားပဲ ဖြူဖြူ၊ အဝတ်ပဲ ဖြူဖြူ၊ စိတ်ဖြူဖို့သာ လိုရင်းဖြစ်သည်။
စိတ်ဖြူလျှင်၊ ကိလေသာစင်၊ နိဗ္ဗာန်ဝင်ရေး မဝေးတော့ပြီ။


ရိုသေခြင်း ရှိခိုးခြင်း၏ အကျိုး

မိမိထက် အသက်ကြီးသူ သီလ သမာဓိ ပညာ ဂုဏ်ကြီးသူ တို့ကို ရိုသေ ကိုင်းရှိုင်းလျှင် ရှိခိုးလျှင်
အသက်ရှည်ခြင်း၊
ရုပ်ဆင်းအင်္ဂါ ချောမော လှပခြင်း၊
ကိုယ်ရော စိတ်ပါ ချမ်းသာခြင်း၊
အားအင် ပြည့်ဖြိုးခြင်း အကျိုးများကို ရနိုင်၏။
( ဓမ္မ-ဋ္ဌ ၁၊  ၄၂၅ )

စိတ်ကို နိုင်အောင်ထိန်း

အနာထပိဏ်     သဌေးကြီး စိတ်ကို နိုင်အောင် စောင့်ထိန်းနိုင်လျှင် ကိုယ်နှင့် နှုတ်ကိုလည်း စောင့်ထိန်းနိုင်သည်။

စိတ်ကို နိုင်အောင် မစောင့်ထိန်းနိုင်လျှင် ကိုယ်နှင့် နှုတ်ကိုလည်း မစောင့်ထိန်းနိုင်ပေ။


အသီးတရာ၊ အညှာတခု၊ ပမာရှု၍၊ စိတ်ဟု မည်ငြား၊ ဤ တပါးမျှ၊ တရားကိုယ်ကြပ်၊ စောင့်စည်းကွပ်က၊ လူရပ် နတ်ရွာ၊ ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။
(မဃဒေဝ လင်္ကာသစ်)

စိတ်ကို ဆုံးမလျှင် ချမ်းသာ၏

နှိပ်ကွပ်ရန် ခဲယဉ်းသော၊ ပေါ့ပါး လျင်မြန်သော၊ သူသွားလိုရာ အာရုံသို့ သွားတတ်သော စိတ်ကို နိုင်နင်းအောင် ဆုံးမလျှင် ချမ်းသာ၏။   ( ဓမ္မပဒ၊ စိတ္တ ဝဂ် )

ကြီးပွါးကြောင်းတရား ခုနှစ်ပါး

ထကြွလုံ့လ ဝီရိယ ရှိခြင်း၊
သတိ ရှိခြင်း၊
အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်ခြင်း၊
စဉ်းစားဆင်ခြင်၍ ပြုလုပ်ခြင်း၊
ကိုယ် နှုတ် စိတ် သုံးပါးလုံးကို စောင့်ထိန်းခြင်း၊
တရားနှင့်အညီ အသက်မွေးဝမ်းကျောင်း ပြုခြင်း၊
ကုသိုလ်တရားတို့ကို မမေ့ခြင်း
ဤ အချက်တို့နှင့် ပြည့်စုံသော သူအား စည်းစိမ် ဥစ္စာ အခြံအရံ အကျော်အစောတို့ တိုးပွါး၏။
( ဓမ္မပဒ၊ အပ္ပမာဒဝဂ် )

မကောင်းမှု၏ အကျိုး

မကောင်းမှု ပြုသူသည် ယခု ဘဝ၌လည်း စိုးရိမ်ပူဆွေးရ၏။ တမလွန် ဘဝ၌လည်း စိုးရိမ်ပူဆွေးရ၏။ ပစ္စုပ္ပန် တမလွန်ဘဝ နှစ်တန်လုံး၌ စိုးရိမ်ပူဆွေးရ၏။ ထိုသူသည် မိမိ၏ မစင်ကြယ်သော အလုပ်ကို သိမြင်ရသဖြင့် ပို၍ စိုးရိမ်ပူဆွေးရ၏။
( ဓမ္မပဒ၊ ယမကဝဂ် )

ကောင်းမှု၏ အကျိုး

ကောင်းမှု ပြုသူသည် ယခု ဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန် ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန်ဘဝ နှစ်တန်လုံး၌ ဝမ်းမြောက် ရ၏။ ထိုသူသည် မိမိ၏ စင်ကြယ်သော အလုပ်ကို သိမြင်ရသဖြင့် ပို၍ ဝမ်းမြောက်ရ၏။
( ဓမ္မပဒ၊ ယမကဝဂ် )

သူတော်ကောင်း၏ ဂုဏ်ရနံ့

စံပယ် ကြက်ရုံး ဂမုံး နှင်းဆီ စသော ပန်းတို့၏ အန့ံသည် လေညာသို့ ဆန်၍ မမွှေးကြိုင်နိုင်။ သူတော်ကောင်းတို့၏ ဂုဏ်ရနံ့သည်သာလျှင် လေညာသို့ ဆန်လျက် မွှေးကြိုင်နိုင်၏။ အရပ်ဆယ်မျက်နှာလုံးသို့ ပျံ့နှ့ံ၍ မွှေးကြိုင်နိုင်၏။

ဆောင်ပုဒ်

စံပယ် ကြက်ရုံး၊ ဂမုံး နှင်းဆီ၊ ပန်းထွေလီတို့၊ လေပြည်လေညှင်း၊ သူ ဆောင်ကြဉ်း၍၊ ပျံ့သင်း မွှေးကြိုင်၊လေအောက်လှိုင်လည်း၊ မလှိုင်လေညာ၊ မမွှေးသာဘူး၊ဆယ်ဖြာသုစရိ၊ စုံညီပြည့်မူ၊ ထိုသည့်သူ၏၊ မွှေးကြူသင်းပျံ့၊ ဂုဏ်ရနံ့ကား၊ ပျံ့နှ့ံအောက်ထက်၊ လေဆန်တက်၍၊ အဝဂ်တိုင်ထိ၊ ပျံ့လှိုင်ဘိသည်၊ သူ၏ သီလဖြူသောကြောင့်။
သူတော်ကောင်းနှင့် ပေါင်းသင်းပါ

သူတော်ကောင်းကိုသာ မှီဝဲ ဆည်းကပ်ရာ၏။ သူတော်ကောင်းနှင့်သာ ပေါင်းသင်း ဆက်ဆံရာ၏။ သူတော်ကောင်းနှင့် ပေါင်းသင်းဆက်ဆံမှသာ သူတော်ကောင်းတရား သိ၍ အသိ အလိမ္မာ ပညာ ရနိုင်၏။ သူမိုက် သူယုတ်ထံမှ အသိ အလိမ္မာ ပညာ မရနိုင်။   ( သဂါထာဝဂ္ဂသံယုတ် )

လူ ယောက်မ

လူမိုက်သည် ပညာရှိကို တသက်လုံး မှီဝဲ ဆည်းကပ်နေသော်လည်း တရားကို မသိနိုင်။ ဥပမာ- ယောက်မသည် ယင်း၏ အရသာကို မသိသကဲ့သို့ပင်။    ( ဓမ္မပဒ၊ ဗာလဝဂ် )

ဆောင်ပုဒ်

သန္ဓေစိတ်ဓာတ်၊ ယုတ်ညံ့လတ်က၊ သူမြတ်တို့ထံ၊
တသက်ပန်မျှ၊ နည်းခံရလည်း၊ မောဟဖုံးဘိ၊ မှောင်
အတိမို့၊ မသိတရား၊ ယောက်မလား၊ များလှအပြစ်တွေ။


လူလျှာ

ပညာဉာဏ်ပြည့်သူ လူလိမ္မာသည် ပညာရှိကို တခဏကလေးမျှ မှီဝဲ ဆည်းကပ်ရစေဦးတော့ တရားကို သိ၏။ ဥပမာ- လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ပင်။
( ဓမ္မပဒ၊ ဗာလဝဂ် )

ဆောင်ပုဒ်

သနေ​္တစိတ်ဓာတ်၊ ကောင်းမွန်လတ်က၊ သူမြတ်တို့ထံ၊
ခါတရံမျှ၊ နည်းခံရလည်း၊ ခဏဖြင့်ပင်၊ ဉာဏ်သက်
ဝင်၍၊ သိမြင်တရား၊ လျှာ အလား၊ များလှအကျိုးတွေ။

ရွှေအိုးကို လက်ညှိုးထိုးပြသူ

မိမိ၏ အပြစ်ကို ထောက်ပြ၍ မညှာမတာ ပြောဆို ဆုံးမ တတ်သော ပညာရှိကို ရွှေအိုးညွှန်ပြသူကဲ့သို့ သဘောထား၍ မှီဝဲ ဆည်းကပ်ရာ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဆည်းကပ် ခြင်းကြောင့် အကျိုးရဖို့သာ ရှိ၏။ အကျိုး မယုတ်ပေ။   ( ဓမ္မပဒ၊ ပဏ္ဍိတဝဂ် )

ဆောင်ပုဒ်

မေတ္တာ ကရုဏာ၊ ရှေးရှုကာဖြင့်၊ နာနာကျင်ကျင်၊
အပြစ်မြင်တိုင်း၊ သွန်သင်တတ်ရိုး၊ ပဏ္ဍိတ်မျိုးကို၊
ရွှေအိုးညွှန်ကြား၊ သူအလားသို့၊ ဝပ်တွားဆည်းကပ်၊
ဆက်ဆံတတ်၊ များမြတ် အကျိုးတွေ။

တောထဲက ကျွဲကန်း

ကိုယ်ပိုင်ဉာဏ်လည်း မရှိ၊ ဆရာ့ထံမှ ကျိုးနွံစွာ နည်းခံသင်ယူထားသော နေနည်း ထိုင်နည်း အသိ အလိမ္မာလည်း မရှိသော သူသည် တောကြီးမျက်မည်း အတွင်းမှ ကျွဲကန်းကြီး ကဲ့သို့ ဒုက္ခလှလှကြီး ရောက်တတ်၏။   ( သတ္တကနိပါတ်၊ ဂန္ဓာရဇာတ် )

ဆောင်ပုဒ်

ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံကြံကျင့်၊ ပညာ
ပွင့်သော်၊ ကိုယ်ကျင့်စုံညီ၊ စိတ်တည်ကြည်၊ ရွှင်ကြည်
ချမ်းမြေ့ပါသတည်း။

တန်ဖိုးရှိသော စကား

အကျိုးစီးပွါးနှင့် မစပ်သော စကားခွန်း တထောင်သည် အကျိုးစီးပွါးနှင့် စပ်သဖြင့် ကြားရသူ၏ စိတ်ကို ချမ်းမြေ့ စေသော စကားတခွန်းလောက် တန်ဖိုး မရှိပေ။  ( ဓမ္မပဒ၊ သဟဿဝဂ် )

ဝီရိယ တန်ဖိုး

လုံ့လ ဝီရိယ မရှိပဲ ပျင်းရိ ဖင့်နွှဲလျက် နှစ်ပေါင်းတရာ အသက်ရှင်နေသော သူထက် ထကြွ လုံ့လ ဝီရိယခိုင်မြဲ ဇွဲ ကောင်းကောင်းဖြင့် တရက်မျှ အသက်ရှင်နေရသူက ပို၍ မြတ်၏။  ( ဓမ္မပဒ၊ သဟဿဝဂ် )

အကုသိုလ်အကျိုးပေး ရှောင်ပြေးလို့ မရ

သမုဒ္ဒရာ၏ အလယ်ကိုပဲ သွားသွား၊ တောင်ကြားကိုပဲ ဝင်ဝင်၊ ကောင်းကင်မှာပဲ ပျံပျံ၊ မကောင်းမှု ကံ၏ ဆိုးကျိုးမှ လွတ်နိုင်သည့် နေရာတော့ လောကမှာ မရှိပေ။  ( ဓမ္မပဒ၊ ပါပဝဂ် )

ဒီဃဇာဏုသုတ်

ကြီးပွါးချမ်းသာကြောင်း တရား ၄ ပါး     မြတ်စွာဘုရားသည် ကောလိယ တိုင်း တက္ကရပတ္တ ရွာကြီး၌ သီတင်းသုံးတော်မူစဉ် ကောလိယ တိုင်းသား ဗျဂ ္ဃပဇ္ဇ အနွယ်ဖြစ်သော ဒီဃဇာဏု ဥပသာကြီးက မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏။

"ရှင်တော်မြတ်ဘုရား၊ တပည့်တော်တို့ လူ ဒကာများမှာ လောကီရေးရာ ကာမဂုဏ်မှုတွေမှ မလွတ်နိုင်ကြသေးပါ။ သို့ဖြစ်ပါ၍ ခု ဘဝအကျိုး၊ နောင် တမလွန်ကျိုး နှစ်မျိုးလုံး ပါဝင်သော ဆုံးမ ဩဝါဒ စကားကို မိန့်ကြားတော်မူပါ ဘုရား"

"ဗျ ဂ ္ဃပဇ္ဇ၊ လောကမှာ ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံခြင်း=ဥဋ္ဌာနသမ္ပဒါ၊ စောင့်ရှောက် ထိန်းသိမ်းမှုနှင့် ပြည့်စုံခြင်း=အာရက္ခသမ္ပဒါ၊ မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်း=ကလျာဏမိတ္တသမ္ပဒါ၊ ဝင်ငွေ ထွက်ငွေ မျှတအောင် အသက်မွေးခြင်း=သမဇီဝိတာ ဆိုတဲ့ ပြည့်စုံမှု လေးမျိုး ရှိသူကား ယခုမျက်မှောက်ဘဝမှာ ကြီးပွါးချမ်းသာတယ်"

၁။ ဥဋ္ဌာနသမ္ပဒါ = မိမိ အသက်မွေးဝမ်းကျောင်းမှု ပြုသော လုပ်ငန်း၌ ကျွမ်းကျင်၍ ပညာဉာဏ်ဖြင့် စူးစမ်းမြော်မြင်ဆင်ခြင်လျက် တက်တက်ကြွကြွ လုံ့လဝီရိယဖြင့် ဆောင်ရွက်ရမည်။

၂။ အာရက္ခသမ္ပဒါ = မိမိ၏ ဉာဏ်အား၊ ဝီရိယအား၊ လက်ရုံးအားဖြင့် နဖူးကချွေး ခြေမ ကျအောင် အားထုတ်လုပ်ကိုင်မှ စင်ကြယ်စွာရသည့် စည်းစိမ်ဥစ္စာကို ရန်သူမျိုး ငါးပါး မဖျက်ဆီးရအောင် လုံခြုံစွာ စောင့်ရှောက် ထိန်းသိမ်း နိုင်ရမည်။

၃။ ကလျာဏမိတ္တတာ = ဖော်ပြပါ အချက်နှစ်ချက် ပြည့်စုံရန် မိတ်ဆွေကောင်း လိုအပ်သည်။ ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ရတနာ သုံးပါးကို ယုံကြည်မှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ ပေးကမ်းလှုဒါန်းလေ့ ရှိမှု၊ အသိအလိမ္မာ ပညာရှိမှု တည်းဟူသော အရည်အချင်းများရှိလျှင် ဆက်ဆံပေါင်းသင်းထိုက်သော၊ အတုယူထိုက်သော မိတ်ဆွေကောင်း ဖြစ်သည်။

၄။ သမဇီဝိတာ = ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် စီမံသုံးစွဲရမည်။

ပျက်စီးကြောင်း တရား ၄ ပါး     မြတ်စွာဘုရားသည် ယခု မျက်မှောက် ဘဝ၌ ကြီးပွါးချမ်းသာကြောင်း ဖြစ်သော သမ္ပဒါလေးပါးကို ရှင်းပြပြီးနောက် ပျက်စီးကြောင်းတရား ၄ ပါးကို ဆက်လက် မိန့်ကြားတော်မူ၏။

"ဗျ ဂ ္ဃပဇ္ဇ၊ ယခု ပြောခဲ့တဲ့ သမ္ပဒါလေးပါးနဲ့ ပြည့်စုံလို့ ရထားတဲ့ စည်းစိမ်ဥစ္စာဟာ (၁) အမျိုးသမီးများနဲ့ အပျော်အပါး လိုက်စားယင် ဖြစ်စေ၊ (၂) အရက်သေစာ အသောက်အစား ကြူးယင် ဖြစ်စေ၊ (၃) အလောင်းအစား ကစား ကြူးယင် ဖြစ်စေ၊ (၄) မိတ်ဆွေယုတ်နှင့် ပေါင်းမိယင် ဖြစ်စေ ပျက်စီး ဆုံးရှုံးတတ်တယ်။ ဒါကြောင့် ဒီ ပျက်စီးကြောင်း လေးပါးကို ရှောင်ရတယ်" 

တမလွန်ချမ်းသာကြောင်း တရား ၄ ပါး     ထို့နောက် မြတ်စွာဘုရားသည် တမလွန် ကြီးပွါး ချမ်းသာရေး အတွက် (၁) ယုံကြည်မှု=သဒ္ဒါ၊ (၂) ကိုယ်ကျင့်တရားကောင်းမှု=သီလ၊ (၃) စွန့်ကြဲပေးကမ်း လှူဒါန်းမှု=စာဂ၊ (၄) အလိမ္မာ ပညာမှ စ၍ ဥဒယဗ္ဗယပညာ အထိ ပြည့်စုံရမည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြားတော်မူ၏။

စီးပွါးပျက်ကြောင်း တရားများ

သေရည် သောက်စား၊ ပြုသူများ၊ စီးပွါး ပျက်မည်မှတ်။
ညဥ့်ခါပျော်ပါး၊ လှည့်လည်သွား၊ စီးပွါး ပျက်မည်မှတ်။
ပွဲလမ်းကြိုက်ငြား၊ အသွားများ၊ စီးပွါး ပျက်မည်မှတ်။
ကစားလောင်းစား၊ ပြုသူများ၊ စီးပွါး ပျက်မည်မှတ်။
လူမိုက်နှင့်ကား၊ ပေါင်းသင်းငြား၊ စီးပွါး ပျက်မည်မှတ်။
ပျင်းရိလေငြား၊ ထိုသူအား၊ စီးပွါး ပျက်မည်မှတ်။
( ဒီ ၃၊  ၁၄၈ )

ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဩဝါဒများ

စိတ်သည် တောမျောက်ကဲ့သို့ လော်လည်၏။ အလိုမလိုက်ရာ။
အချိန်ကို လူက မစားလျှင် အချိန်က လူကို စားသည်။
တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။ သည်းခံခြင်း လက်နက် ဆောင်လျှင် ဒေါသမီး မလောင်။
ငါသာ ငါ့ပြင် ငါမမြင်ဟု ဒုရင်တဆူ ပြုမိမူ ထိုသူ သူ့အောက် နေ့ချင်းရောက်လိမ့်။
မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရတတ်သည်။
သလေးနှံ အဆံမပြည့်ခင် ထောင်သည်၊ အဆံပြည့်လျှင် ငိုက်သည်။
မျက်ကွယ် တစောင်းမဆိုနှင့်၊ မျက်မှောက် မရှုတ်ချနှင့်၊ အပြစ်တင် မစောနှင့်။
ရေကန်၌ မှော်ကို ဖယ်၍ သောက်ရေ ခတ်ရသည်။
မသူတော်၌ အပြစ်ကို ဖယ်၍ ဂုဏ်ကို ရှာရသည်။
သူတပါး၏ အပြစ်ကို မိမိ၏ နှလုံးအိမ်တွင် ကြာကြာ မစိမ်နှင့်။