ဒုစရိုက်နှင့် သုစရိုက်



သတ်မှု ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
မုသားကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ် မပါ၊
ပြောဆိုတာ၊ လေးဖြာ ဝစီကံ။
သူ့ပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ဖန်ဖန်
စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက်တရား၊ ပြုသူများ၊ လားရ ပါယ်လေးတန်။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး
သုစရိုက်ကံ။
သုစရိုက်တရား၊ ပြုသူများ၊ လားရ နတ်နိဗ္ဗာန်။




ဒုစရိုက် ဆယ်ပါး

ဒုစ္စရိတ ဟူသော ပါဠိကို ဒုစရိုက် ဟု ခေါ်ကြသည်။ ဒုစရိုတ် ဟုလည်း တချို့ သုံးကြသည်။ အဓိပ္ပါယ်မှာ မကောင်းသော အကျင့်၊ မကောင်းမှု၊ အကုသိုလ် ဟု ဆိုလိုသည်။ အပြစ်မကင်းသော အလုပ်မှန်သမျှ ဒုစရိုက် ချည်း ဖြစ်သည်။ ယင်း ဒုစရိုက်သည် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါး၊ မနော ဒုစရိုက် ၃ ပါး အားဖြင့် ၁၀ ပါး ရှိသည်။

ကာယဒုစရိုက် ၃ ပါး

ပါဏာတိပါတ
( သတ္တဝါ၏ အသက်ကို သတ်ခြင်း။ )
အဒိန္နာဒါန
( သူတပါး၏ ပစ္စည်းကို မတရားယူခြင်း။ )
ကာမေသု မိစ္ဆာစာရ
( ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။ )

ဝစီ ဒုစရိုက် ၄ ပါး

မုသာဝါဒ
( မမှန်သော စကားကို ပြောဆိုခြင်း။ )
ပိသုဏဝါစာ
( ကုန်းချော ရန်တိုက်စကားကို ပြောဆိုခြင်း။ )
ဖရုသဝါစာ
( ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ပြောဆိုခြင်း။ )
သပ္ဖပ္ပလာပ
( အကျိုးမရှိ အနှစ်မပါသော စကားကို ပြောဆိုခြင်း။ )

မနော ဒုစရိုက် ၃ ပါး

အဘိဇ္ဈာ
( သူတပါး ပစ္စည်းကို "မိမိ ပစ္စည်းဖြစ်လျှင် ကောင်းမှာပဲ" ဟု ရလိုသမှုရှေးရှု ကြံစည်ခြင်း။ )
ဗျာပါဒ
( သူတပါးကို ပျက်စီးစေလိုခြင်း။ )
မိစ္ဆာဒိဋ္ဌိ
( အသိအမြင် အယူဝါဒ လွဲမှားနေခြင်း။ )

ဆောင်ပုဒ်

သတ်မှု ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
မုသားကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ် မပါ၊
ပြောဆိုတာ၊ လေးဖြာ ဝစီကံ။
သူ့ပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ဖန်ဖန်
စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက်တရား၊ ပြုသူများ၊ လားရ ပါယ်လေးတန်။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး
သုစရိုက်ကံ။
သုစရိုက်တရား၊ ပြုသူများ၊ လားရ နတ်နိဗ္ဗာန်။


သုစရိုက် ဆယ်ပါး

ဒုစရိုက်၏ ဆိုးကျိုးများ     မကောင်းမှု ဒုစရိုက်ကို ပြုသူများသည် မည်သည့် အခါမျှကောင်းကျိုး ချမ်းသာကို မရနိုင်ပဲ ဆိုးကျိုး ဆင်းရဲကျိုးကိုသာ ရကြ၏။ အကြောင်းဆိုး၍ အကျိုး ဆိုးကြခြင်းပင်။ ဤ သဘောကို မြတ်စွာဘုရားသည် ဒုစ္စရိတ ဝိပါက သုတ်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့၏။

သတ္တဝါ၏ အသက်ကို သတ်ခြင်းအမှု ပါဏာတိပါတ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲသို့ကျရ၏။ တိရစ္ဆာန် ဖြစ်ရ၏။ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး ပါဏာတိပါတသည်ပင် ပြုသူကို အသက် တိုစေတတ်၏။ ပဋိသန္ဓေ နေဆဲမှာဖြစ်စေ၊ မွေးဖွားစမှာ ဖြစ်စေ သေရခြင်းကိုပင် ဖြစ်စေတတ်၏။
သူတပါး ပစ္စည်းကို ခိုးဝှက် လုယက် လိမ်လည် လှည့်ပတ် အကျပ်ကိုင်၍ မတရားယူခြင်းအမှု အဒိန္နာဒါန ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး သေးဆုုံး အဒိန္နာဒါနသည်ပင် ပြုသူကို စီးပွါးဥစ္စာ ပျက်စီးစေတတ်၏။ တပြားတချပ်မျှပင် လက်ထဲမှာ မရှိအောင် ဆင်းရဲမွဲတေ စေတတ်၏။
ကာမဂုဏ်ကိစ္စတို့၌ ဖောက်ပြားသောအမှု ကာမေသု မိစ​္ဆာစာရ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ​္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး မိစ္ဆာစာရ သည်ပင် ပြုသူကို ရန်များစေတတ်၏။ မြင်သူတိုင်းက ရန်သူသဖွယ် သဘောထားတတ်၏။
မမှန်စကား လိမ်ညာလှည့်ဖြား ပြောကြားခြင်းအမှု မုသာဝါဒ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ​္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး မုသာဝါဒသည်ပင် ပြောသူကို မဟုတ် မမှန် အစွပ်စွဲ ခံရစေတတ်၏။ ဘယ်သူ ပြုပြု သူ့ခေါင်းပေါ်မှာချည်း အပြစ်ကျတတ်၏။
လူနှစ်ဦးအကြား မေတ္တာပျက်ပြားအောင် ကုန်းချော ရန်တိုက်စကား ပြောခြင်းအမှု ပိသုဏဝါစာ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး ပိသုဏဝါစာသည်ပင် ပြောသူကို မိတ်ပျက်စေတတ်၏။ ချစ်ခင်သူ နည်းပါး မိတ်ဆွေ ရှားစေတတ်၏။ အသစ် ဆက်ဆံရသမျှသော မိတ်ဆွေများသည်လည်း ရှောင်ခွာ၍သာ သွားတတ်၏။
ကြမ်းတမ်း ရိုင်းပျသော စကားကို ပြောခြင်းအမှု ဖရုသဝါစာ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြောသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး ဖရုသဝါစာသည်ပင် ပြောသူကို မနှစ်မျို့စရာ နားမခံသာသော စကားတို့ကိုသာ ကြားရစေတတ်၏။ သွားလေရာရာ နေလေရာရာတို့၌ နားမချမ်းသာစရာ စိတ်မချမ်းသာစရာ စကားတို့ကိုသာ ကြားရစေတတ်၏။
အကျိုးမရှိ အနှစ်မပါသော စကားပေါ့ စကားဖျင်း ပြောဆိုခြင်းအမှု သပ္ဖပ္ပလာပ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး သမ္ဖပ္ပလာပသည်ပင် ပြောသူ၏ စကားကို သူတပါး နားမထောင်လိုခြင်း ဟူသော ဆိုးကျိုးကို ဖြစ်ပေါ်စေ၏။
အရက်သေစာ စသော မူးယစ်ဆေးကို သောက် စား ရှူ ထိုးခြင်းအမှု သုရာမေရယ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏။

အပေါ့ဆုံး အသေးဆုံး သုရာမေရယသည်ပင် သောက်သူကို သတိလွင့်ပါး စိတ်ချောက်ချား၍ နောက်ကျု သွားစေတတ်၏။ စိတ် မတည်တံ့ ပြေးလွင့်ပျံ့၍ ရူးအံ့သောအသွင် စကားပင် မပီ ဆွံ့အ, သည်၏ အဖြစ်သို့ပင် ရောက်စေတတ်၏။

( အင်္ဂုတ္တရ၊ အဋ္ဌက၊ ဒုစ္စရိတ ဝိပါကသုတ် )
ယခုဖော်ပြခဲ့သည်မှာ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ဒုစရိုက် ဆိုးကျိုးပြ ဒုစ္စရိတ ဝိပါက ဒေသနာတော်ဖြစ်၏။

အရက်သေစာသည် ဒုစရိုက်     အရက်သေစာနှင့် မကင်းနိုင်သူများက ဒုစရိုက် ၁၀ ပါးတွင် သုရာမေရယ မပါသဖြင့် အရက်သေစာ သောက်စားခြင်းသည် မကောင်းမှု ဒုစရိုက် မဟုတ်ဟု ပြောတတ် ရေးတတ်ကြ၏။

ဤ ဒုစ္စရိတ ဝိပါကသုတ်၌ အခြားသော ဒုစရိုက် တရားများနည်းတူ အရက်သေစာ သောက်စားခြင်းကြောင့် ငရဲသို့ကျခြင်း၊ တိရစ္ဆာန် ဖြစ်ခြင်း စသော ဆိုးကျိုးများအပြင် လူဖြစ်လျှင်လည်း စိတ်ချောက်ချား၍ ရူးသွပ်သွားတတ်ခြင်း အကျိုးကိုပင် ရတတ်ကြေင်း မြတ်စွာဘုရား ဟောကြားတော်မူထား၏။

ထို့ကြောင့် အရက်သေစာ သောက်စားခြင်းသည် ဆင်းရဲခြင်း၏ အကြောင်း မကောင်းမှု ဒုစရိုက် ဖြစ်သည်မှာ ထင်ရှား၏။

ထူးဆန်းသော ဝက်လူကြီး

ရာဇဂြိုဟ်မြို့သည် စည်ကား၏။ အုပ်ချုပ်သူ ဘုရင်ဗိမ္ဗိသာရနှင့် သမားတော်ကြီး ဇီဝက တို့ကြောင့် ထင်ရှား၏။ ထူးခြားသော လက္ခဏာတရပ်မှာ မြို့ကို တောင်ငါးလုံးက ဝန်းရံထားခြင်းပင် ဖြစ်၏။

ထို တောင်ငါးလုံးကား ပဏ္ဍဝ၊ ဝေဘာရ၊ ဝပုလ္လ၊ ဣသိဂိလိ၊ ဂိဇ္ဈကုဋ် တို့ ဖြစ်ကြ၏။ တောင်ငါးလုံးမှာ မနိမ့်မမြင့် ဖြစ်၍ မြို့၏ တံတိုင်းကြီးများ သဖွယ် တည်ရှိကြ၏။ ဝေဠုဝန် ကျောင်းတော်မှာ တောင်များ၏ အပြင်ဘက်တွင် ရှိ၏။

အရှင်မောဂ္ဂလ္လာန် နှင့် အရှင်လက္ခဏ မထေရ် နှစ်ပါးသည် ဂိဇ္ဈကုဋ်တောင် ပေါ်မှ ဆင်းလာကြ၏။ တောင်စောင်း တနေရာတွင် အလွန် ထူးဆန်းသော သတ္တဝါ တကောင်ကို အရှင်မောဂ္ဂလ္လာန် မြင်ရ၏။

သတ္တဝါကြီးမှာ မော့ကြည့်ရလောက်အောင်ပင် ကြီးမားလှ၏။ သူ၏ ကိုယ်မှာ လူ့ကိုယ်ဖြစ်၍ ခေါင်းမှာ လူခေါင်းမဟုတ််ပဲ ဝက်ခေါင်းကြီး ဖြစ်နေ၏။ နှုတ်သီးအတွင်းမှ အမြီးတချောင်း တွဲလောင်းကျက ပေါက်နေရာ ဝက်တကောင်သည် ဝက်မြီးတခုကို ကိုက်ထားသကဲ့သို့ ရှိ၏။ အမြီးပေါက်နေသော နှုတ်သီးအတွင်းမှ ပိုးလောက်တွေ တဖွားဖွား ကျနေသည်မှာ မြင်ရသူ အော်ဂလီဆန်စရာ ဖြစ်နေ၏။ သတ္တဝါကြီး တကောင်လုံးကို ခြုံကြည့်လိုက်လျှင် ကြောက်စရာ ရွံစရာ သတ္တဝါကြီး ဖြစ်နေ၏။

ဝေဠုဝန် ကျောင်းတော်အတွင်း မြတ်စွာဘုရား၏ ထံတော်မှောက်သို့ မထေရ် နှစ်ပါး ရောက်လာကြသောအခါ အရှင်မောဂ္ဂလ္လာန်က အကြောင်းစုံကို လျှောက်ထား၏။ မြတ်စွာဘုရားက ဂိဇ္ဈကုဋ်တောင်စောင်းမှ ထို ဝက်လူကြီးမှာ ပြိတ္တာကြီးဖြစ်ကြောင်း၊ ကုန်းချော ရန်တိုက်စကား ပြောဆိုခြင်းအမှု ပိသုဏဝါစာ ဒုစရိုက်ကြောင့် ပြိတ္တာဖြစ်ကာ ဆင်းရဲ ခံနေရကြောင်း မိန့်ကြားတော်မူ၏။

ထို ဝက်လူ ပြိတ္တာကြီးမှာ ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက နာမည်ကြီး ဓမ္မကထိက ဘုန်းကြီးတပါးဖြစ်ခဲ့၏။ ထို ဓမ္မကထိကသည် တရားဟော လှည့်လည်ရာမှ တောရွာ တရွာရှိ ဘုန်းကြီးကျောင်း တကျောင်း၌ တည်းခိုနေ၏။

ထိုကျောင်းမှ ကျောင်းနေ အာဝါသိက ဘုန်းကြီးနှစ်ပါးမှာ စိတ်သဘောထားနူးညံ့လှ၏။ တအူတုံဆင်း ညီရင်းအစ်ကိုပမာ လွန်စွာ ခင်မင်ကြ၏။ အချင်းချင်း ရိုသေလေးစားကြ၏။ ထို့ကြောင့် ရွာရှိ ဒကာ ဒကာမတို့က လွန်စွာမှ ကြည်ညိုကြသဖြင့် အစစ အရာရာ အာမျှ လိုလေသေးမရှိအောင် လှူဒါန်းပြုစုကြသောကြောင့် အလွန် ပြည့်စုံသော ကျောင်းဖြစ်၏။

ကုန်းချောပြီ    ဤ အခြေအနေကို တပ်မက်စိတ် ဝင်နေသော ဓမ္မကထိကသည် သူ့ကို ချမ်းချမ်းသာသာ နေနိုင်အောင် အစွမ်းကုန် ပြုစု စောင့်ရှောက်ရုံမျှမက အနီးအပါး ရွာများ၌ တရားပွဲ ကျင်းပနိုင်အောင် စီစဉ်ပေးသည့် အရှင်နှစ်ပါး၏ ကျေးဇူးကိုမျှ မထောက်ထားပဲ အကျိုးလိုလားသည့် ဟန်ဖြင့် အရှင်နှစ်ပါးကို ဟိုတမျိုး သည်တဖုံ ပြောကာ ကုန်းတိုက်၏။

ရိုးသား၍ စိတ်ကောင်းရှိလှသော အရှင်နှစ်ပါးမှာ တကြိမ်နှစ်ကြိမ်မျှ ပြောသည့် ကုန်းစကားကို မယုံကြသော်လည်း အကြိမ်ကြိမ် ပြောလာသောအခါ ယုံကြည်သွားကြ၏။ ရိုးသားသူများဖြစ်၍ အချင်းချင်း ဖြေရှင်းဖို့ကိုပင် သတိမရပဲ နှစ်ပါးလုံး ကျောင်းကို ပစ်ခဲ့ပြီးလျှင် အသီးသီး တလမ်းစီ ထွက်သွားကြလေသည်။ ဓမ္မကထိက ဘုန်းကြီးသည် လူ ကြားကောင်းရုံမျှ တားမြစ်ပြီးနောက် ကျောင်းကို အပိုင်စီးလိုက်တော့၏။

အရှင်နှစ်ပါးမှာ ကုန်းစကားကို ယုံစားမိကြ၍ အချင်းချင်း မေတ္တာပျက်ကာ စိတ်လက် မချမ်းသာစွာဖြင့် နှစ်ပေါင်းများစွာ တနေရာပြီး တနေရာ ရွှေ့ပြောင်း နေထိုင်ကြ၏။ နောက်ဆုံး၌ တောရွာ ကျောင်းတကျောင်းတွင် မမျှော်လင့်ပဲ ဆုံမိကြမှ အချင်းချင်း ဝမ်းနည်းကြေကွဲစွာ မေးမြန်းမိကြ၏။ ထိုအခါမှ ဓမ္မကထိက က ကျောင်းလိုချင်၍ မိမိတို့ နှစ်ပါး ကွဲပြားအောင် ကုန်းစကားတိုက်ခြင်း ဖြစ်ကြောင်း သိရသဖြင့် နှစ်ပါးလုံးနေရင်း ကျောင်းကို ပြန်လာကာ ဓမ္မကထိကကို ကျောင်းမှ နှင်ထုတ်ပြီလျှင် ရှေးကကဲ့သို့ပင် ချမ်းသာစွာ နေထိုင်ကြလေ၏။

အဝီစိသို့     ဓမ္မကထိကသည် ကျောင်းမှ ထွက်သွားပြီးနောက် မကြာမီပင် ကွယ်လွန်သွားပြီလျှင် အဝီစိ ငရဲ၌ ကျရောက်ရ၏။ နှစ်ပေါင်းများစွာ ငရဲ ဆင်းရဲကို ခံစားရပြီးနောက် ငရဲမှ လွတ်မြောက်လာသော်လည်း ကုန်းချော ဒုစရိုက်ကံ၏ အရှိန်အဟုန် မကုန်သေးသဖြင့် ဂိဇ္ဈကုဋ်တောင်၌ ဝက်လူပြိတ္တာကြီး လာဖြစ်နေရကြောင်း ရှင်တော်မြတ်ဘုရား ရှင်းလင်းဟောကြားတော်မူ၏။

ကြောက်ဖွယ် ကောင်းလှသည့် ပိသုဏဝါစာ ဒုစရိုက်ကံ၏ အကျိုးပါပေတည်း။  ( ဓမ္မ ဋ္ဌ ၂၊  ၂၅၈-၂၆၀ )

နာမည်ကြီး အမ္ဗပါလီ

ဧကရာဇ်ခေတ်တွင် ဝေသာလီ ပြည်သည် ဧကရာဇ်နိုင်ငံ မဟုတ်ပေ။ ဂဏ အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံဖြစ်၏။ ဝေသာလီ ပြည်မှ လိစ္ဆဝီ မင်းသားတို့သည် စုပေါင်းအုပ်ချုပ်ရေး (ဂဏ) စနစ်ကို အကြွင်းမဲ့ ယုံကြည်သလောက် ဖြစ်နိုင်သမျှ အကောင်အထည် ဖော်နေကြသူများ ဖြစ်၏။ အောင်မြင်သလောက်လည်း အောင်မြင်နေ၏။ ဝေသာလီ အုပ်ချုပ်ရေးမှာ အသွင်အပြင်ရော အနှစ်သာရပါ ဂဏ စနစ်ဖြစ်၏။ မလ္လာ မင်းသားတို့လည်း ဤ ဂဏစနစ်ကိုပင် ကြိုးစား၍ တည်ဆောက်နေကြ၏။ သို့သော် ဝေသာလီ လောက်ကားအောင်မြင်မှုရပုံ မပေါ်သေးပေ။

နာမည်ကျော်     ထိုခေတ်က ဝေသာလီ ဟု ဆိုလျှင် အမ္ဗပါလီက တွဲလျက် ပါပြီး ဖြစ်နေ၏။ ဝေသာလီ နှင့် အမ္ဗပါလီ သည် ခွဲ၍ မရပေ။ ဤမျှပင် အမ္ဗပါလီက နာမည်ကြီး၏။ နာမည်ကြီး သလောက်လည်း ချောလှ၏။ သို့သော် သူ့အလုပ်ကား လူတန်းစား အမြင်ဖြင့်ကြည့်လျှင် အောက်ဆုံးလွှာ အတန်းအစား ဖြစ်၏။ သူကား လူတိုင်းကို ပျော်လေအောင် ဖျော်ဖြေရသော ပြည့်တန်ဆာ သာတည်း။

အမ္ဗပါလီဆိုသည့် နာမည်မှာ ဆန်းလည်း ဆန်း၏။ နှစ်သက်ဖွယ်လည်း ရှိ၏။ သရက်ပင် အစောင့်အရှောက် ရှိသူ၊ သရက်ပင်၏ စောင့်ရှောက်ခြင်းကို ခံရသူဟု အဓိပ္ပါယ် ရ၏။ သူသည် လူ့ဝမ်း၌ ပဋိသန္ဓေ မနေ၊ သရက်ပင်၌ ပဋိသန္ဓေ နေလေသလား၊ သို့မဟုတ် တရားမဝင် ရထားသည့် မွေးစကလေးကို မကျွေးမွေး မသုတ်သင်နိုင်၍ မိခင်က သရက်ပင် အောက်သို့ လာရောက် ပစ်ထားလေသလား ဆိုသည်ကိုတော့ မည်သူမျှ တပ်တပ်အပ်အပ် မပြောနိုင်ပေ။ မည်သို့ ဆိုစေ၊ သူ့နာမည်က သရက်ပင်နှင့် တနည်းနည်းဖြင့် ဆက်စပ်မှု ရှိနေသည်တော့ အမှန်ပင်။

အမ္ဗပါလီ     နာမည်က လှ၏။ ရုပ်က ချော၏။ သူ မတူအောင်ချော၏။ သို့သော် သူ့အလုပ်က ယုတ်ည့ံလှ၏။

ကုသိုလ်ကံ     သူသည် ဖုဿဘုရားရှင် ပွင့်တော်မူစဉ် အခါက အကြီးအကျယ် အလှူကြီးပေး၍ ရုပ်ရည်ချောမော လှပရန် ဆုပန်ခဲ့၏။ ထိုစဉ်က အင်အားကောင်းသလောက် တက်ကြွ ထက်သန်နေသော လှချင်စိတ်၏ တွန်းပို့ပေးမှုကြောင့် ယခု သည်အလှကို သူ ရခြင်း ဖြစ်၏။

အကုသိုလ်ကံ     သိခီဘုရားရှင် လက်ထက်တော် အခါ၌ ဘိက္ခူနီမ ဖြစ်ခဲ့၏။ တတ်နိုင်သမျှ တရားကျင့်ခဲ့၏။ သို့သော် ခရီးတော့ မရောက်ခဲ့ပေ။ တနေ့ စေတီတော်တဆူကို ဖူးမြော်ယင်း စေတီကို လက်ယာရစ် လှည့်ပတ်နေရာမှ ဘုရားရင်ပြင်တော်ပေါ်တွင် တံတွေးကွက် တကွက်ကို သူတွေ့ရ၏။ ရှေ့က သွားကြသော ဘိက္ခူနီ တသိုက်ထဲမှ တယောက်ယောက် ထွေးသွားကြောင်း သူသိ၏။ အမှန်တော့ တံတွေး ထွေးသွားသော ဘိက္ခူနီမှာ ရင်ပြင်တော် လွတ်ရာသို့ သွား၍ ထွေးခြင်း ဖြစ်သော်လည်း ရေးကြီးသုတ်ပျာ ဖြစ်၍ ရင်ပြင်တော်ပေါ် ကျမှန်းမသိ ကျသွားခြင်း ဖြစ်၏။

အမ္ဗပါလီ အလောင်း ဘိက္ခူနီသည် တံတွေးကွက်ကို တွေ့လျှင် "ဟင်း   ဘယ်က ပြည့်တန်ဆာမများ ရင်ပြင်တော်ပေါ်တံတွေး၊ ထွေးသွားပါလိမ့်၊ အကျင့်ယုတ်မတွေ၊ သာသနာဖျက်မတွေ" ဟု ကြမ်းကြမ်းတမ်းတမ်း ဆဲလိုက်၏။ ဘုရားသမီးတော် ဖြစ်သော ဘိက္ခုနီမ တပါး မဆိုထားနှင့်တော့၊ သာမန် အဆင့်အတန်း ရှိသော လူဝတ်ကြောင် မိန်းမ တယောက်ပင် နှုတ်မှ မထွက်ဝ့ံသော စကား၊ မထွက်သင့်သော စကားကို သူ့နှုတ်မှ ကြမ်းတမ်းစွာ ထွက်လိုက်၏။

ဆိုးကျိုး     ဤ ဖရုသဝါစာ ဒုစရိုက် ကြောင့် သူသည် ဘဝများစွာ ပြည့်တန်ဆာချည်း ဆက်ကာ ဆက်ကာ ဖြစ်ခဲ့ရ၏။

ဤ အမ္ဗပါလီ ဘဝတွင်လည်း အခြေအနေက တွန်းပို့သဖြင့် စိတ် မပါပဲလျက် ယုတ်ညံ့သော ပြည့်တန်ဆာ အလုပ်ကို လုပ်နေရ၏။

သို့သော်လည်း မြတ်စွာဘုရား တည်းဟူသော အမှီကောင်း ကလျာဏမိတ္တကို ရ၍ ဘုရားရှင်၏ ကျောင်းအမ ဖြစ်ရပြီးလျှင် အရွယ်ထောက်လာသည့်အခါ သာသနာ့ဘောင်ဝင်ကာ တရား အားထုတ်သဖြင့် ရဟန​္တာ ဖြစ်သွား၏။

ဝစီဘေဒ ထိတိုင်းရှလှပါတကား။

ဆုတောင်းလို့ တောင်းပန်လို့ မရနိုင်

အသိဗန္ဓက     မြတ်စွာဘုရားသည် နာလန္ဓမြို့ ပါဝါရိက သဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် တချိန်တွင် အသိဗန္ဓက ၏ သား ရွာသူကြီးက ပစ္စန္တရစ်မှာနေသော ပုဏ္ဏားများသည် လူသေလျှင် သေသူကို နတ်ပြည်သို့ တင်ပေးကြကြောင်း လျှောက်ထားပြီးနောက် "မြတ်စွာဘုရားလည်း ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါသလား" ဟု ဆက်လက်၍ မေးမြန်းလျှောက်ထား၏။

မြတ်စွာဘုရားက "ရွာသူကြီး၊ သင် သဘောပေါက်သလိုဖြေပါ" ဟုမိန့်ကြားပြီးနောက် သူကြီးကို မေးခွန်းထုတ်တော်မူ၏။

"သူကြီး၊ ကျောက်ဖျာကို ရေထဲချလိုက်ပြီး ဒီကျောက်ဖျာကြီး ရေပေါ်မှာ ပေါလော ပေါ်နေပါစေလို့ ကြီးမားလှတဲ့ လူထုကြီးက ဝိုင်းဝန်းဆုတောင်း တောင်းပန်ယင် အဲဒီ ကျောက်ဖျာကြီး ရေပေါ် ပေါ်ပါမည်လား"

"မပေါ်နိုင်ပါ ဘုရား"

"အဲဒီ ဥပမာ အတိုင်းပဲ သူကြီး၊ ဒုစရိုက် အမှုပြုတဲ့ သူကိုဒီလူသေယင် နတ်ပြည် ရောက်ပါစေလို့ လူတွေက ဝိုင်းဝန်းပြီး ဘယ်လိုပင် ဆုတောင်း၊ ဘယ်လိုပင် တောင်းပန်သော်လဲ အဲဒီလူဟာ နတ်ပြည် မရောက်နိုင်ဘူး။ အပါယ်ပဲ ကျမှာပဲ"

"နောက်တခု မေးဦးမည် သင် သဘောပေါက်သလို ဖြေပါသူကြီး။ ထောပတ်အိုးကို ဖြစ်စေ၊ ဆီအိုးကို ဖြစ်စေ ရေနက်ကြီးထဲ နှစ်ခွဲလိုက်ပြီး ရေပေါ် ပေါ်လာတဲ့ ထောပတ်တွေ ဆီတွေကို 'ရေထဲမြုပ်ကြပါ၊ မပေါ်ကြပါနဲ့' လို့ လူတွေက ဝိုင်းဝန်း ဆုတောင်းကြ တောင်းပန်ကြယင် အဲဒီ ထောပတ်တွေ ဆီတွေ ရေထဲ မြုပ်ပါမည်လား"

"မမြုပ်ပါ ဘုရား"

 "အဲဒီ ဥပမာ အတိုင်းပဲ သူကြီး၊ သုစရိုက်အမှု ပြုတဲ့ လူကို 'ဒီလူသေယင် အပါယ်ကျပါစေ' လို့ လူတွေက ဝိုင်းဝန်းပြီး ဘယ်လိုပင် ဆုတောင်း ဘယ်လိုပင် တောင်းပန်သော်လဲ ဒီလူဟာ အပါယ် မကျနိုင်ဘူး။ နတ်ပြည်ကိုပဲ ရောက်မှာပဲ"

မြတ်စွာဘုရား၏ ဥပမာဖြင့် ရှင်းပြချက်ကို ရွာသူကြီးလွန်စွာ နှစ်သက်သွားသဖြင့် ဥပါသကာ အဖြစ် ခံယူလိုက်၏။  ( သံ ၂၊  ၄၉၈ )

မည်သည့် အရာကိုမျှ ဆုတောင်းရုံ တောင်းပန်ရုံမျှဖြင့် မရနိုင်၊ ကိုယ်တိုင် အားထုတ်၍ ပြုလုပ်မှသာလျှင် ရနိုင်ကြောင်း ဖော်ပြသော တရားတော် ဖြစ်၏။