ရှစ်ပါးသီလ စသည်



သတိပြုပါ     တချို့မှာ ကျကျနန ဖီးလိမ်းပြင်ဆင် ခြယ်သလျက် ဥပုသ်စောင့်ရန် လာတတ်ကြသည်။ ထိုသို့ လာမိလျှင် ဥပုသ်ခံယူ ဆောက်တည် ခါနီး၌ မိမိ မျက်နှာမှ အလိမ်းအခြယ်တွေကို ပြောင်စင်အောင် ဆေးကြောသုတ်သင် သန့်စင်သင့်ပါသည်။ "မဆောက်တည်မီက လိမ်းခြယ် ထားခြင်းသည် (ဆောက်တည်ပြီးမှ လိမ်းခြယ်ခြင်း မဟုတ်၍) သီလကို မပျက်စီးစေပါ" ဟူသော အယူအဆသည် ဥပုသ် စောင့်သုံးခြင်း ဟူသော သဘောနှင့်လည်း အံ မဝင်၊ ဘုရားရှင်၏ အလိုတော်နှင့်လည်း ခွင် မကျပါ။

ဥပုသ် စောင့်ထိန်းရန် မိမိ ရည်မှန်း ပိုင်းခြားထားသည့် အချိန်ကာလ အတွင်း၌ ပန်းပန်ခြင်း၊ လိမ်းကျံ ခြယ်သခြင်း စသည် မပြုလုပ်ပါဟု ဆောက်တည်ထားသော သိက္ခာပုဒ်၏ သဘောကိုကပင်လျှင် ဥပုသ် စောင့်ထိန်းနေဆဲ၌ မည်သည့် အလိမ်းအကျံ အခြယ်အသမျှ မရှိရ၊ ရှိနေလျှင်လည်း ဆေးကြောသုတ်သင် ပစ်ရမည် ဟူသော သဘောကို ဖော်ပြလျက် ရှိ၏။






ရှစ်ပါး (ဥပုသ်) သီလ

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံဝာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံဝာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံဝာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

[ အရှင်ဘုရား တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ရှစ်ပါး သီလကို တောင်းပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ရှစ်ပါးသီလ ပေးတော်မူပါ ဘုရား။ ]

(နမော တဿ စသော ဘုရားရှိခိုး၊ ဗုဒ္ဓံ သရဏံ စသော သရဏဂုံ တို့မှာ ငါးပါး သီလ ဆောက်တည်သည့် နည်းအတိုင်းပင်။)

သိက္ခာပုဒ် ၈ ပါး

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ မမြတ်သော အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ ]
မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ နေမွန်းလွဲသော အခါမှ စ၍ နောက်တနေ့ အရုဏ် မတက်မီအတွင်း စားဖွယ် သောက်ဖွယ်ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ သာသနာတော်နှင့် မလျော်ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်းမှ လည်းကောင်း၊ ပန်းပန်ခြင်း၊ အမွှေးနံ့သာ လိမ်းကျံ ရှူရှိုက်ခြင်း၊ န့ံသာမှုန့် အရောင်တင်ဆီတို့ဖြင့် တင့်တယ် ပြေပြစ်အောင် ဖို့သိပ် ခြယ်သ ခြင်းမှ လည်းကောင်း ရှောင်ကြဉ်ပါ၏။
ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။
[ တတောင့်ထွာထက် ပို၍ မြင့်သော အိပ်ရာ နေရာ၊ အလွန် ကောင်းမွန် ခမ်းနားသော အိပ်ရာ နေရာ တို့၌ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
ဥပုသ် စောင့်ခြင်း

ဥပေါသထ     ပါဠိဘာသာ ဥပေါသထ ကို မြန်မာလို ဥပုသ် ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ ဥပေါသထ = ဥပုသ် = သီလနှင့် ပြည့်စုံလျက် နေခြင်းဟု ဆိုလိုသည်။ ဆောက်တည် ထားသော ရှစ်ပါး သီလနှင့် ပြည့်စုံအောင် ကိုယ်နှင့် နှုတ်ကို စောင့်စည်းလျက် နေခြင်းကို ဥပုသ်စောင့်သည်ဟု ခေါ်သည်။

ဤ ဥပုသ်သီလကို အချိန် မကန့်သတ်ပဲ ဖြစ်စေ၊ နှစ် လ ရက် နာရီ စသည် မိမိ စွမ်းနိုင်သလောက် အချိန် ကန့်သတ်၍ဖြစ်စေ စောင့်ထိန်းနိုင်သည်။ အချိန် မကန့်သတ်ပဲ တသက်လုံး စောင့်ထိန်းလျှင် အာပါဏကောဋိက သီလဟု ခေါ်သည်။ အချိန် ကန့်သတ်၍ စောင့်ထိန်းလျှင် ကာလပရိယန္တ သီလ ဟု ခေါ်သည်။

စင်ကြယ်သော ဥပုသ်     ဥပုသ် စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ မလုပ် မဖြစ်သည့် ကိစ္စမျိုး မရှိရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ ဆောက်သည်ထားသောအခါ ဘုရား ဂုဏ်၊ တရား ဂုဏ်၊ သံဃ ဂုဏ်၊ မိမိ ဆောက်တည် ထားသော သီလ ဂုဏ် စသည် တို့ကို ဆင်ခြင်နှလုံးသွင်းလျက် နေရမည်။ သားရေး သမီးရေး၊ စီးပွားရေး၊ စားရေး သောက်ရေး၊ အဝတ်အထည် ရေးတွေကို ကြံစည် တွေးတောယင်း ဥပုသ်နေ့ကို မကုန်လွန်စေရန် ရှင်တော် မြတ်ဘုရား ဆုံးမ ညွှန်ကြားတော်မူသည်။

သတိပြုပါ     တချို့မှာ ကျကျနန ဖီးလိမ်းပြင်ဆင် ခြယ်သလျက် ဥပုသ်စောင့်ရန် လာတတ်ကြသည်။ ထိုသို့ လာမိလျှင် ဥပုသ်ခံယူ ဆောက်တည် ခါနီး၌ မိမိ မျက်နှာမှ အလိမ်းအခြယ်တွေကို ပြောင်စင်အောင် ဆေးကြောသုတ်သင် သန့်စင်သင့်ပါသည်။ "မဆောက်တည်မီက လိမ်းခြယ် ထားခြင်းသည် (ဆောက်တည်ပြီးမှ လိမ်းခြယ်ခြင်း မဟုတ်၍) သီလကို မပျက်စီးစေပါ" ဟူသော အယူအဆသည် ဥပုသ် စောင့်သုံးခြင်း ဟူသော သဘောနှင့်လည်း အံ မဝင်၊ ဘုရားရှင်၏ အလိုတော်နှင့်လည်း ခွင် မကျပါ။

ဥပုသ် စောင့်ထိန်းရန် မိမိ ရည်မှန်း ပိုင်းခြားထားသည့် အချိန်ကာလ အတွင်း၌ ပန်းပန်ခြင်း၊ လိမ်းကျံ ခြယ်သခြင်း စသည် မပြုလုပ်ပါဟု ဆောက်တည်ထားသော သိက္ခာပုဒ်၏ သဘောကိုကပင်လျှင် ဥပုသ် စောင့်ထိန်းနေဆဲ၌ မည်သည့် အလိမ်းအကျံ အခြယ်အသမျှ မရှိရ၊ ရှိနေလျှင်လည်း ဆေးကြောသုတ်သင် ပစ်ရမည် ဟူသော သဘောကို ဖော်ပြလျက် ရှိ၏။

ဥပုသ် စောင့်ထိန်းရကျိုး

အိမ်လုံးကျွတ် ဥပုသ်     အနာထပိဏ် သဌေးကြီးသည် ကိုယ်တိုင် ဒါန သီလ ဘာဝနာ လုပ်ငန်းများကို အားစိုက်ကြိုးပမ်း လုပ်ဆောင်သလို သူနှင့် စပ်သမျှ ပုဂ္ဂိုလ် တို့ကိုလည်း ထို ကုသိုလ်လုပ်ငန်းတို့၌ အာရုံစိုက်စေ၍ စွမ်းနိုင်သမျှ ဆည်းပူးစေ၏။ ဥပုသ် နေ့များ၌ အလုပ်သမားများမှ စ၍ အိမ်ရှိ လူကုန် ဥပုသ် စောင့်ရ၏။ အလုပ် မလုပ်ရပေ။ ထိုနေ့အတွက် လုပ်ခကိုမူ ပေးမြဲ ပေး၏။ နို့စို့ ကလေးငယ်ကိုပင် ဥပုသ်နေ့၌ နို့ မတိုက်စေပဲ စတုမဓုကိုသာ ကျွေးစေ၏။

ဥပုသ်နေ့ တနေ့၌ အလုပ်သမားတယောက်သည် မေ့လျော့ကာ နံနက် စောစောကပင် အလုပ်ခွင်သို့ ထွက်သွား၍ မိုးချုပ်မှ ပြန်လာ၏။ တအိမ်လုံး တိတ်ဆိတ်နေ၍ အကြောင်းမေးကြည့်မှ ဥပုသ် စောင့်ထိန်းကြကြောင်း သိရ၏။ အများ ဥပုသ်စောင့်ကြပါလျက် မိမိ မစောင့်ထိန်းလျှင် မိမိအတွက် ဆုံးရှုံမှုကြီးသာ ဖြစ်သည်ဟု စဉ်းစားလျက် ပြင်ထားသော ထမင်းပွဲကိုပင် မစားတော့ပဲ ဥပုသ် ဆောက်တည်လိုက်၏။

မြတ်သော ဥပုသ်     တနေ့လုံး ဝမ်းထဲတွင် အစာ မရှိပဲ အလုပ်လုပ်နေခဲ့သဖြင့် သန်းခေါင်ကျော် အချိန်တွင် ထို ဥပုသ်သည်၏ ဝမ်းထဲတွင် လေတို့သည် မခံသာအောင်ထိုးကြ တိုးကြတော့၏။ အနာထပိဏ် သဌေးကြီးက ဆေးတိုက်သည်ကိုပင် နေ့ဝက်သာ ရသော ဥပုသ်ကို အစင်ကြယ်ဆုံး စောင့်ထိန်းမည်ဟု ဆိုကာ မသောက်ပဲ ငြင်းပယ် လိုက်၏။ လေနာက ပို၍ ပြင်းထန်လာသောအခါ ဝမ်းဗိုက်ကို ကြိုးဖြင့် ရစ်ပတ်စည်းနှောင်၍ ကြိုးစကို ကိုင်ကာ လူးလှိမ့်လျက် သည်းခံ၏။

အကျိုး     ဝေဒနာဒဏ်ကို အစာမရှိပဲ အလူးအလိမ့် ခံနေရသော ခန္ဓာကိုယ်သည် အရုဏ်မတက်မီ ကလေးတွင် ဝေဒနာကို အလျှော့ပေးလိုက်ရကာ ဥပုသ်သည် ကွယ်လွန်သွားတော့၏။ ကွယ်လွန်သောအခါ နေ့ဝက် ဥပုသ်ကို စင်ကြယ်စွာ စောင့်ထိန်းနိုင်ခြင်းကြောင့် တန်ခိုးကြီးသော ရုက္ခစိုးနတ်ဖြစ်ရ၏။

ဥပုသ်စောင့်ယင်း သောတာပန် ဖြစ်သူ

အနာထပိဏ် သဌေး၌ သားမိုက် တယောက် ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာယူပဲ အပေါင်းအသင်းတို့နှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက်နေ၏။ ယခုခေတ် အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။

ငွေလိုချင်၍ ဥပုသ်စောင့်     သားကို ဖခင်၏ ခြေရာ နင်းစေချင်သော သဌေးကြီးသည် တနေ့ဥပုသ်စောင့်လျှင် ငွေတရာ ပေးမည်ဆိုကာ ကာဠကို ကျောင်းတော်သို့သွား၍ ဥပုသ် စောင့်ခိုင်း၏။ ဖြုန်းဖို့ ငွေလိုနေသော ကာဠသည် ဇေတဝန်ကျောင်းတော်သို့သွား၍ ဥပုသ် စောင့်၏။ ည အချိန်တွင် အခြား ဥပုသ်သည်များလိုပင် ကျောင်း၌ အိပ်တော့ အိပ်ပါ၏။ မြတ်စွာဘုရား၏ တရားတော်ကိုတော့ မနာပေ။ နံနက်လင်း၍ အိမ် ပြန်လာသောအခါ ဆုအဖြစ် ငွေတရာရလိုက်၏။

လမ်းသရဲမှ သောတာပန်သို့     နောက်တနေ့ ဥပုသ်စောင့် သွား၍ မြတ်စွာဘုရား ဟောတော်မူသည့် တရားထဲမှ တစုံတရာ မှတ်မိလျှင် ငွေတထောင် ပေးမည်ဟု သူ့ဖခင်က ပြောသဖြင့် ကာဠ ကျောင်းသို့သွား၍ ဥပုသ်စောင့်ပြီးလျှင် ည တရားကို သေသေချာချာ နာယင်းနှင့် တရားသဘောပေါက်ကာ တရားနာယင်း တရားရှုမှတ်သဖြင့် တရားဆုံးသောအခါ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသွား၏။

နံနက်လင်း၍ အိမ် ပြန်လာသောအခါ တည်ကြည်ငြိမ်သက်လှသော ကာဠသည် သူ့ဖခင်က ဥပုသ် စောင့်ခဆိုကာ ငွေတထောင် ပေးလိုက်မည်ကို ရှက်နေ၏။

မြတ်စွာဘုရားက ကာဠဟာ စကြဝတေးမင်း စည်းစိမ်ထက်သာသည့် အရာ [ သောတာပတ္တိမဂ်ဉာဏ် ] ကို ရနေပြီ ဖြစ်၍ ငွေတထောင်ကို မမက်တော့ကြောင်း ဟောတော်မူလေသည်။

ကိုးပါး သီလ

နဝင်္ဂဥပုသ် သီလ ဟုခေါ်သော ၉ ပါးသီလ စောင့်ထိန်းလိုသူသည် ၈ ပါး သီလ၌ မေတ္တာပွါးများမှုကို ထည့်ရုံမျှသာထူးသည်။ စင်စစ်မူ မေတ္တာပွါးမှုသည် ဆောက်တည်ရသည့်သိက္ခာပုဒ် တခု မဟုတ်ပေ။ နဝင်္ဂဥပုသ် သီလ၏ အင်္ဂါ တပါးမျှသာ ဖြစ်ပေသည်။

ရှစ်ပါးသီလ ခံယူ ဆောက်တည်ပြီးနောက် သတ္တဝါများအပေါ်၌ မေတ္တာစိတ် ဖြန့်ပွါးနေလျှင် အင်္ဂါ ၉ ပါးနှင့် ပြည့်စုံသော သီလ ဖြစ်တော့သည်။

နဝင်္ဂုပေါသထသုတ်၌ ရှေ့ သိက္ခာပုဒ် ၈ ပါးကို ဆောက်တည်ပုံ ပြ၍ နဝမ အင်္ဂါဖြစ်သည့် မေတ္တာကိုမူ ဆောက်တည် မပြပေ။ အရပ် ဆယ်မျက်နှာ၌ ရှိသော သတ္တဝါအားလုံးကို မေတ္တာစိတ် ဖြန့်လျက်နေလျှင် ၉ ပါး သီလ ဖြစ်၍ အကျိုးကြီးမားကြောင်းသာ ပြဆို၏။

ယခု ကာလ၌မူ မေတ္တာကို နဝမ သိက္ခာပုဒ် အဖြစ်ဖြင့် ရွတ်ဆို၍ ခံယူ ဆောက်တည်ကြ၏။

နဝင်္ဂဥပုသ် သီလတောင်း

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

မှတ်ချက်

အဋ္ဌင်္ဂ ဥပုသ်သီလ၌ 'အဋ္ဌင်္ဂသမန္နာဂတံ' ကို ဤ နဝင်္ဂသီလ၌ 'နဝင်္ဂသမန္နာဂတံ' ဟု ပြင်၍ ဆိုရုံမျှသာ ထူးသည်။ သိက္ခာပုဒ် ဆောက်တည်ရာ၌လည်း ရှေ့သိက္ခာပုဒ် ၈ ပါး ဆောက်တည်ပုံမှာ အားလုံး ၈ ပါးသီလ အတိုင်းပင်။ သိက္ခာပုဒ် ၈ ပါးအဆုံး၌သာ နဝမ အင်္ဂါအဖြစ် အောက်ပါအတိုင်း ရွတ်ဆိုပါ။

(မရွတ်ဆိုသော်လည်း မေတ္တာပွါးနေလျှင် နဝင်္ဂသီလ ဖြစ်ပါပြီ။)

မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။ (မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ ဟု ဆိုရိုးဆိုစဉ်အတိုင်းလည်း ဆိုနိုင်ပါသည်။)
[ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် အလုံးစုံသော သတ္တဝါရှိသော လောကကို ပျံ့နှံ့စေ၍ နေပါအံ့ ဘုရား။ ]

နဝင်္ဂုပေါသထသုတ် ပါဠိတော်၌-

"ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ" ဟု ရှိ၏။

(မေတ္တာနှင့် စပ်သော သိမှတ်ဖွယ်များကို အခန်း ၁၄ ၌ကြည့်ပါ။)

ဥပေါသထသုတ်
(အံ ၁၊ ၂၀၆)
ဝိသာခါ     မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနီး ဝိသာခါကျောင်း အမကြီး လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူစဉ် ဥပုသ်နေ့ တနေ့တွင် ဝိသာခါ ကျောင်းအမကြီးသည် ပန်းများနှင့် အခြား လှူဖွယ်များကို ယူဆောင်၍ မြတ်စွာဘုရား အထံတော်သို့ လာရောက်ကာ ရိုသေစွာ ရှိခိုးလျက် ထိုင်နေ၏။

မြတ်စွာဘုရားက "ဝိသာခါ၊ နေမြင့်မှ ဘာကိစ္စ လာသလဲ" ဟု မေးတော်မူ၏။ 

ဝိသာခါက "ယနေ့ ဥပုသ်နေ့ဖြစ်၍ တပည့်တော်မ, ဥပုသ်စောင့် လာပါသည် ဘုရား" ဟု လျှေက်၏။

မြတ်စွာဘုရားက "ဝိသာခါ၊ ဥပုသ် သုံးမျိုးရှိသည်" ဟု အစချီကာ ဥပုသ် သုံးမျိုးကို ရှင်းပြ ဟောကြားတော်မူ၏။

ဥပုသ် သုံးမျိုး

တိတ္ထိတက္ကဒွန်းတို့ စောင့်သော ဥပုသ်  (နိဂဏ္ဌ ဥပုသ်)
နွားကျောင်းသား ဥပုသ်  (ဂေါပါလ ဥပုသ်)
မြတ်သော ဥပုသ်  (အရိယ ဥပုသ်)
နိဂဏ္ဌ ဥပုသ်     တိတ္ထိတို့ ညွှန်ကြားဆုံးမသည့် အတိုင်း စောင့်ထိန်းသော ဥပုသ်သည် နိဂဏ္ဌဥပုသ် မည်၏။

နွားကျောင်းသား ဥပုသ်     နွားကျောင်းသားများသည် ညအခါ၌ "ဒီနေ့ ဘယ်စားကျက်မှာ နွားများ အစာ စားခဲ့ကြတယ်၊ ဘယ်ကန် ဘယ်ချောင်းမှာ ရေ သောက်ခဲ့ကြတယ်၊ နက်ဖြန် ဘယ် စားကျက်မှာ ကျောင်းမှ၊ ဘယ်ကန် ဘယ် ချောင်းမှာ ရေသောက်စေမှ ဖြစ်မယ်" ဟု နွားတို့အတွက် အစာနှင့် ရေကို ကြောင့်ကြစိုက် စဉ်းစားသကဲ့သို့ ဥပုသ်သည်လည်း "ဒီနေ့ ဘာ ဟင်းနဲ့ ထမင်းစားခဲ့ကြတယ်၊ နက်ဖြန် ဘာ ဟင်းနဲ့ ထမင်း စားကြမယ်" စသဖြင့် စားရေး၊ ဝတ်ရေး ဆင်ရေး၊ သားရေး သမီးရေး၊ စီးပွါးရး အစရှိသော လောကီရေးတွေကိုသာ စဉ်းစား စိတ်ကူးယင်း ဥပုသ် စောင့်လျှင် ထိုသူ၏ ဥပုသ်သည် နွားကျောင်းသား ဥပုသ် (ဂေါပါလ ဥပုသ်) မည်၏။

အရိယ ဥပုသ်     ဥပုသ်စောင့်ယင်း လောဘ၊ ဒေါသ၊ မောဟ စသော စိတ် အညစ်အကြေးများ စင်ကြယ်အောင် တနည်းနည်းဖြင့် ကြိုးစားအားထုတ်နေလျှင် ထိုသူ၏ ဥပုသ်သည် မြတ်သော ဥပုသ် (အရိယ ဥပုသ်) မည်၏။

အရိယဥပုသ် ခြောက်မျိုး     ဤ အရိယဥပုသ်သည် ဗြဟ္ခ ဥပုသ်၊ ဓမ္မ ဥပုသ်၊ သံဃ ဥပုသ်၊ သီလ ဥပုသ်၊ နတ် ဥပုသ်၊ အဋ္ဌင်္ဂိက ဥပုသ် ဟု ၆ မျိုး ရှိ၏။

ဗြဟ္မ ဥပုသ်     မြတ်စွာဘုရား တည်းဟူသော ဗြဟ္မာ၏ အရဟံ စသော ဂုဏ်တော်တို့ကို ဆင်ခြင် နှလုံးသွင်းလျက် စောင့်သော ဥပုသ်သည် ဗြဟ္မဥပုသ် မည်၏။

ဓမ္မ ဥပုသ်     ရှင်တော် မြတ်ဘုရား ဟောကြားတော်မူသော တရားတော်တို့၏ သွာက္ခာတ စသော ဂုဏ်တော်တိို့ကို ဆင်ခြင် နှလုံးသွင်းလျက် စောင့်သုံးသော ဥပုသ်သည် ဓမ္မဥပုသ် မည်၏။

သံဃ ဥပုသ်     သံဃာတော်၏ သုပ္ပဋိပန္န စသော ဂုဏ်တော် တို့ကို ဆင်ခြင် နှလုံးသွင်းလျက် စောင့်သော ဥပုသ်သည် သံဃဥပုသ် မည်၏။

သီလ ဥပုသ်     မိမိ၏ မကျိုးမပေါက် မပြောက်မကျားပဲ အစွန်း မကွက်မထင် သန့်ရှင်းစင်ကြယ်သော သီလကို ဆင်ခြင်နှလုံးသွင်းလျက် စောင့်သုံးသော ဥပုသ်သည် သီလဥပုသ် မည်၏။

ဒေဝ ဥပုသ်     နတ်တို့သည် သဒ္ဓါ သီလ သုတ စာဂ ဟိရီ ဩတ္တပ္ပ ပညာ ဟူသော ကုသိုလ်တရားတို့ကြောင့် နတ်ပြည် လောကသို့ ရောက်ကြရ၏။ မိမိ၌လည်း ထို သဒ္ဓါ  စသော ကုသိုလ်တရားတို့ ရှိပေသည်ဟု ဆင်ခြင် နှလုံးသွင်းလျက် စောင့်သုံးသော ဥပုသ်သည် နတ်ဥပုသ် မည်၏။

အဋ္ဌင်္ဂိက ဥပုသ်     "ရဟန္တာ အရှင်မြတ်တို့သည် အသက်ထက်ဆုံး သတ္တဝါ၏ အသက်ကို မသတ်ဖြတ် သကဲ့သို့ မိမိလည်း မသတ်ဖြတ်အံ့" ဟု ရဟန္တာတို့ကို အတုယူ၍ သိက္ခာပုဒ် ၈ ပါးကို စောင့်ထိန်းလျှင် အဋ္ဌင်္ဂိကဥပုသ် မည်၏။

ဖော်ပြပါအတိုင်း ဆင်ခြင် နှလုံးသွင်း၍ ဖြစ်စေ၊ အခြားသော နည်းမှန် လမ်းမှန်ဖြင့် ဆင်ခြင် နှလုံးသွင်း၍ ဖြစ်စေ ဥပုသ်စောင့်သုံးလျှင် ကိလေသာကို စင်ကြယ်စေသဖြင့် အရိယဥပုသ်ဖြစ်၏။

ဆယ်ပါးသီလ

ဆယ်ပါးသီလကို ရှင်သာမဏေတို့ စောင့်ထိန်းရန် မြတ်စွာဘုရား အထူးပညတ်တော်မူခဲ့၏။ လူတို့ စောင့်ထိန်းရန် မလွယ်လှသော်လည်း ဘုရားရှင် လက်ထက်တော် အခါက ဟတ္ထာဠဝက စသော ဥပါသကာတို့ စောင့်ထိန်းကြသည်ကို တွေ့ရ၏။

ဂဟဋ္ဌ ဆယ်ပါး သီလ တောင်းရန်
အဟံ ဘန္တေ သိသရဏေန သဟ ဒသဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ
အဟံ ဘန္တေ သိသရဏေန သဟ ဒသဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ 

တတိယမ္ပိ
အဟံ ဘန္တေ သိသရဏေန သဟ ဒသဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ 

[ အရှင်ဘုရား၊ တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ဆယ်ပါးသော ဂဟဋ္ဌ သီလတော်မြတ်ကို တောင်းပါ၏။ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် ဆယ်ပါးသီလကို ပေးတော်မူပါ အရှင်ဘုရား။ ]

( ဘုရားရှိခိုးနှင့် သရဏဂုံ ဆောက်တည်ပုံ ငါးပါးသီလ အတိုင်းပင်။ )

သိက္ခာပုဒ် ၁၀ ပါး ဆောက်တည်ပုံ
ပါဏာတိပါတာ                    ......                    သမာဒိယာမိ။
အဒိန္နဒါနာ                          ......                    သမာဒိယာမိ။
အဗြဟ္မစရိယာ                     ......                    သမာဒိယာမိ။
မုသာဝါဒါ                           ......                    သမာဒိယာမိ။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ   ......                   သမာဒိယာမိ။
ဝိကာလဘောဇနာ                ......                   သမာဒိယာမိ။
နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ သာသနာတော်နှင့် မလျော်ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်သော က ခြင်း၊ သီဆို ခြင်း၊ တီးမှုတ် ခြင်း တို့ကို ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ ပန်းပန်ခြင်း၊ အမွှေးနံ့သာ လိမ်းကျံ ရှူရှိုက်ခြင်း၊ န့ံသာမှုန့် အရောင်တင်ဆီ တို့ဖြင့် တင့်တယ် ပြေပြစ်အောင် ဖို့သိပ် ခြယ်သ ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မြန်မာပြန် ရှစ်ပါးသီလ နည်းတူ။)
ဇာတရူပရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ ရွှေ ငွေ ဒင်္ဂါး အကြွေ ငွေစက္ကူ တို့ကို ကိုင်ခံခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
ဆယ်ပါးသီလ စောင့်ထိန်းကြသူများ     ဤ ဆယ်ပါးသီလကို ဖုဿ ဘုရားရှင် ၏လက်ထက်တော်၌ မဟိန္ဒမင်း ၏ သားသုံးယောက် တို့သည် လည်းကောင်း ( အံ - ဋ္ဌ ၁၊  ၂၃၁ )၊ ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်၌ နန္နမင်း ၏ သားငယ် သုမနမင်းသား ( အရှင်အာနန္ဒာ၏အလောင်း ) သည်လည်းကောင်း ( အံ-ဋ္ဌ ၁၊ ၂၂၇)၊ ကဿပ ဘုရားရှင်၏ လက်ထက်တော်၌ ဃဋိကာရ အိုးထိန်းသည် သည်လည်းကောင်း ( မ-၂၊ ၂၄၁ )၊ ကဿပ ဘုရားရှင် ၏ လက်ထက်တော်၌ပင် ကိကီမင်းကြီး၏ သမီး ခုနစ်ယောက်တို့ သသည်လည်းကောင်း ( အံ-ဋ္ဌ ၁၊ ၂၈၃ )၊ ဂေါတမ ဘုရားရှင်၏ လက်ထက်တော်၌ ဟတ္ထကအာဠာဝက မင်းသားသည် လည်းကောင်း ( အံ-ဋ္ဌ ၃၊ ၂၂၂ ) စောင့်ထိန်းခဲ့ကြ၏။

ဗြဟ္မစရိယ ပဥ္စမက သီလ

ဗြဟ္မစရိယ အပါအဝင်ဖြစ်သော သီလငါးပါး အပေါင်းကို ဗြဟ္မစရိယ ပဥ္စမကသီလ ဟု ခေါ်၏။ ဤ သီလကို ဆောက်သည်လျှင် ငါးပါးသီလ သီလတောင်း ပါဠိ၌ 'ပဥ္စသီလံ' ကို 'ဗြဟ္မစရိယ ပဥ္စမကသီလံ' ဟု ပြောင်း၍ ဆိုရသည်။ ငါးပါးသီလ တတိယ သိက္ခာပုဒ် ဖြစ်သော 'ကာမေသု မိစ္ဆာစာရာ' နေရာ၌ 'အဗြဟ္မစရိယာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ' ဟု ပြောင်းလဲ ဆောက်တည်ရသည်။ ဤမျှသာ ထူး၏။ ရှောင်ကြဉ်မှု၌ကား အလွန် ခြားနား၏။

ငါးပါး သီလ၌ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ် အရ တရားဝင် မဟုတ်၍ လောကပြစ် မရှိသော ဇနီးမောင်နှံ အချင်းချင်းကား မေထုန် အမှုကို ပြုနိုင်သည်။ ဤ ဗြဟ္မစရိယ ပဥ္စမက သီလ၌မူ အဗြဟ္မစရိယ သိက္ခာပုဒ် အရ (၈ ပါး သီလမှာလိုပင်) မည်သည့် နည်းနှင့်မျှ မည်သူနှင့်မျှ မေထုန် အမှုကို မပြုပဲ လုံးဝ ရှောင်ကြဉ်ရသည်။

ဆောက်တည်ပုံ     အဟံ ဘန္တေ တိသရဏန သဟ ဗြဟ္မစရိယ ပဥ္စမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏန သဟ ဗြဟ္မစရိယ ပဥ္စမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ
အဟံ ဘန္တေ တိသရဏန သဟ ဗြဟ္မစရိယ ပဥ္စမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

(နမောတဿ စသည် ရှေးနည်း အတိုင်းပင်)

ပါဏာတိပါတာ                                 ..............                        သမာဒိယာမိ။
အဒိန္နာဒါနာ                                     ..............                         သမာဒိယာမိ။
အဗြဟ္မစရိယာ                                 ..............                          သမာဒိယာမိ။
မုသာဝါဒါ                                        ..............                          သမာဒိယာမိ။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ                ..............                          သမာဒိယာမိ။
ဤ ဗြဟ္မစရိယ ပဥ္စမက သီလကို မြတ်စွာဘုရား၏ လက်ထက်တော် အခါက ဥဂ္ဂသူကြွယ်၊ ပုရာဏ ဥပါသကာ၊ ဓမ္မိက ဥပါသကာ၊ နန္ဒမာတာ ဥပါသိကာ၊ နကုလပိတာ၊ နကုလမာတာ တို့ စောင့်ထိန်းကြသည်။ ( အံ ၃၊ ၄၈။ အံ ၂၊ ၃၀၅။ အံ ၃၊ ၉၅။ )

ကောမာရ ဗြဟ္မစရိယ သီလ

ဗြဟ္မစရိယ ပဥ္စမက သီလ ကိုပင် ငယ်စဉ် ကတည်းက စ၍ စောင့်ထိန်းခဲ့လျှင် အမျိုးသားများအတွက် ကောမာရ ဗြဟ္မစရိယ သီလ၊ အမျိုးသမီးများအတွက် ကောမာရိ ဗြဟ္မစရိယ သီလ ဟု ခေါ်ရပြန်သည်။ သိက္ခာပုဒ် ဆောက်တည်ပုံမှာ ဗြဟ္မ စရိယ ပဥ္စမက သီလ အတိုင်းပင်။

ကဿပ မြတ်စွာဘုရား လက်ထက်တော်တွင် ကိကီမင်းကြီး၏ သမီး ခုနစ်ယောက်တို့ အသက်ထက်ဆုံး စောင့်ထိန်းကြသော ကောမာရိဗြဟ္မစရိယ သီလမှာမူ ငါးပါးသီလ မဟုတ်၊ ဆယ်ပါးသီလ ဖြစ်၏။ 
( အံ-ဋ္ဌ ၁၊ ၂၃၈  စသည် )

ဧကဘတ္တိက ဆက္ကသီလ

ဗြဟ္မစရိယ ပဥ္စမက သီလ၌ "ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ကို ထပ်ထည့်၍ သိက္ခာပုဒ် ၆ ပါးကို ဆောက်တည် စောင့်ထိန်းလျှင် ဧကဘတ္တိက ဆက္ကသီလ ခေါ်ရပြန်သည်။ ဤ သီလကို ဓမ္မိက ဥပါသကာ၊ နန္ဒမာတာ ဥပါသိကာတို့ အသက်ထက်ဆုံး စောင့်ထိန်းကြသည်။  ( သုတ္တနိဋ္ဌ ၂၊ ၁၀၁ )

အာဇီဝဋ္ဌမက သီလ

အသက်မွေးဝမ်းကျောင်းမှုနှင့် ဆိုင်သော သီလကို ရှစ်ခုမြောက် သိက္ခာပုဒ် ဆောက်တည် စောင့်ထိန်းလျှင် အာဇီဝဋ္ဌမက သီလ ဟုခေါ်သည်။ ဤ သီလ စောင့်ထိ်န်းပုံမှာ ပါဠိတော် အဋ္ဌကထာ တို့၌ တိုက်ရိုက် မလာပေ။ သို့သော်လည်း ဆောက်တည် စောင့်ထိန်းထိုက်သော သီလ ဖြစ်၍ ရှေးပညာရှင်များ စီစဉ်ခဲ့ခြင်း ဖြစ်ရာ အကျိုးများလှ၏။

ဆောက်တည်ပုံ     အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

(ဘုရားရှိခိုးနှင့် သရဏဂုံ ဆောက်တည်ပုံ ရှေးအတိုင်းပင်)

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကာမေသု မိစ္ဆာစာရာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ပိသုဏဝါစာယ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ သူနှစ်ဦးတို့အကြား ကုန်းချော ရန်တိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
ဖရုသဝါစာယ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ ကြမ်းတမ်း ရိုင်းစိုင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။ ]
သပ္ဖပ္ပလာပါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ အကျိုးမရှိ အနှစ်မပါသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။ ]
မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[ အပြစ်မကင်းသော အသက်မွေးဝမ်းကျောင်းမှ ရှောင်ကြဉ်ပါ၏။ ]
သီလမဂ္ဂင် သုံးပါး     ဤ သီလ၌ သတ္တဝါ၏ အသက်ကိုသတ်ခြင်း၊ သူတပါး ဥစ္စာ မတရားယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ ဤ ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တ ဖြစ်၏။ 

မမှန်သောစကား ပြောခြင်း၊ ကုန်းချော ရန်တိုက် စကားပြောခြင်း၊ ကြမ်းတမ်း ရိုင်းစိုင်းသောစကား ပြောခြင်း၊ အကျိုးမရှိသောစကား ပြောခြင်း၊ ဤ ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မဂ္ဂင် ဖြစ်၏။

အသက်မွေးဝမ်းကျောင်း ပြုရာတွင် ဖော်ပြပါ ကာယဒုစရိုက် ၃ ပါး၊ ဝစီဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်လျှင် အပြစ် ကင်းသော အသက်မွေးဝမ်းကျောင်း ဖြစ်၍ သမ္မာအာဇီဝ မဂ္ဂင် ဖြစ်၏။