သီလ



ကိုယ်ကျင့် သီလ     ကိုယ် အပြုအမူ အပြစ်ကင်းအောင်၊ နှုတ် အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့် နှုတ် ( ကာယကံနှင့် ဝစီကံ ) ကို စောင့်စည်း ထိန်းသိမ်းခြင်းကို သီလ ဟု ခေါ်သည်။ သီလ ဆိုသည်မှာ ကိုယ်ကျင့် တရား၊ ကိုယ်ကျင့်တရားနှင့် သီလ အဓိပ္ပါယ် တူသည်။

ကိုယ် အပြုအမူ၊ နှုတ် အပြောအဆို အပြစ်ကင်လျှင် သီလစင်ကြယ်သည်။ ကိုယ်ကျင့် တရား ကောင်းသည်။

ကိုယ် အပြုအမူ၊ နှုတ် အပြောအဆို အပြစ်မကင်းလျှင် သီလ ပျက်စီးသည်။ ကိုယ်ကျင့်တရား ပျက်သည်။







အပြစ်ဆိုတာ     ထိခိုက် နစ်နာမှုကို အပြစ် ဟု ခေါ်သည်။

၁။ မိမိကို ဖြစ်စေ၊ သူတပါးကို ဖြစ်စေ တဦးဦးကို ထိခိုက် နစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ် ရှိသော အပြစ် မကင်းသော အပြုအမူ အပြောအဆို ဖြစ်သည်။

၂။ မိမိ သူတပါး နှစ်ဦးအနက် မည်သူ့ကိုမျှ မထိခိုက် မနစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ် မရှိသော အပြစ်ကင်းသော အပြုအမူ အပြောအဆို ဖြစ်သည်။
အပြစ် ကင်းသော အမှုသည် ကုသိုလ်။
အပြစ် မကင်းသော အမှုသည် အကုသိုလ်။

လူယဉ်ကျေး     အရက်သေစာ သောက်စားခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းဆဲ နှိပ်စက်ခြင်း၊ ခိုးဝှက် လုယက် တိုက်ခိုက်ခြင်း၊ အပျော်အပါး လိုက်စားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ စကားမတည် လိမ်လည် လှည့်ဖျားခြင်း စသော အပြစ်မကင်းသည့် အကုသိုလ်အမှု ဒုစရိုက်တို့ကို မပြုလုပ် မပြောဆိုပဲ ကိုယ်နှင့် နှုတ်ကို စောင့်စည်း ထိန်းသိမ်းသူသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ရိုသေလေးစားခြင်းကို ခံရ၏။

ဆောင်ပုဒ်
သီလဆိုတာ ကိုယ် နှုတ်များကို၊ ကောင်းစွာထားဖို့ စောင့်ရသလေ။
ကိုယ် နှုတ်လုံယင် လူယဉ်ကျေးကွယ့်၊ ကောင်းကျိုးပေးမြဲ အမှန်ပေ။
စိတ်ပါလုံယင် ပိုလို့ ကောင်းသကွယ့်၊ ကောင်းသတဲ့ ကောင်းအောင် ကြိုးစားလေ။
စိတ်ပါလုံအောင် ဘာဝနာပွါးဖို့၊ မြတ်ဘုရားက မိ်န့်ခဲ့ပေ။
ကိုယ် နှုတ်စိတ်ထား၊ ဤ သုံးပါး၊ လုံငြား ချမ်းသာပေ။


ကိုယ်ကျင့်သီလ ပျက်စီးလျှင်     ကိုယ်ကျင့်တရား ပျက်ပြား၍ သီလ မစင်ကြယ်လျှင် အရုပ်ဆိုး အကျည်းတန်ခြင်း၊ ရဟန်း ရှင် လူ တို့၏ ကြည်ညို ချစ်ခင်မှုကို မခံယူ ရခြင်း၊ လာဘ်လာဘ ရှားပါးခြင်း၊ ကြည်ညိုသူ လှူဒါန်း ပူဇော်သူများမှာ အကျိုးရ နည်းခြင်း စသော မကောင်းကျိုးများကို ရစေသည်။
( ဓမ္မ-ဋ္ဌ ၁၊  ၁၇၆။ မ ၁၊  ၃၉ )

ထို့ပြင်
စည်းစိမ်ဥစ္စာ ပျက်စီး ဆုံးရှုံးခြင်း၊
သတင်းဆိုးထွက် နာမည်ပျက်ခြင်း၊
လူသူ ပရိသတ် အလယ်သို့ မျက်နှာ ညှိုးငယ်စွာဝင်ရခြင်း၊
သတိ လွတ်ကင်းလျက် အော်ဟစ် ညည်းညူကာ သေရခြင်း၊
အပါယ် စသော ဘဝဆိုး၌ လားရောက်ရခြင်း၊ ဤဆိုးကျိုးများကိုလည်း ခံစားရသည်။ ( အံ ၂၊ ၂၂၁ )

ကိုယ်ကျင့်သီလ ပြည့်စုံလျှင်     ကိုယ်ကျင့်တရား ကောင်းမွန်၍ သီလ စင်ကြယ်လျှင် ရုပ်ဆင်းအင်္ဂါ ချောမော လှပခြင်း၊ ရဟန်း ရှင် လူ တို့၏ ကြည်ညိုချစ်ခင်မှုကို ခံယူရခြင်း၊ လာဘ်လာဘ ပေါများခြင်း၊ ကြည်ညိုလှူဒါန်း ပူဇော်သူများ အကျိုးကြီးမားခြင်း စသော အကျိုးတရားများကို ရရှိသည်။   
( ဓမ္မ-ဋ္ဌ ၁၊ ၁၇၆။ မ ၁၊ ၃၉ )

ထို့ပြင်
စည်းစိမ်ဥစ္စာ ပေါများခြင်း၊
ကောင်းသတင်းထွက် နာမည် တက်ခြင်း၊
ပရိသတ် အလယ်သို့ မရှက်မရွံ့ ရဲဝံ့စွာ ဝင်နိုင်ခြင်း၊
သတိရှိလျက် မတွေမဝေ သေ ရခြင်း၊
သုဂတိ ဘဝသို့ လားရောက်ရခြင်း စသော အကျိုးတရားများကိုလည်း ခံစားရသည်။ ( အံ ၂၊ ၂၂၁ )

ဆောင်ပုဒ်
သီလ ခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမူ စီးပွားတိုးလျက်၊ နာမည်တက်၍၊ ရွံ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏၊ သေခြင်း ဆိုက်လတ်၊ သတိကပ်လျက်၊ ရောက်လတ်နတ်ဝယ်၊ ဤ ငါးသွယ်၊ ရဖွယ် ကောင်းကျိုးတည်း။


ဟိရီ ဩတ္တပ္ပကြောင့် သီလ စင်ကြယ်သူ 

လောကပါလ တရား     အပြစ် မကင်းသော အမှု ပြုရမည်ကို ရှက်ခြင်း ဟိရီ၊ ကြောက်လန့်ခြင်း ဩတ္တပ္ပ တရား နှစ်ပါးသည် လောကကို စောင့်သော လောကပါလ တရားများ ဖြစ်ကြ၏။ အရှက် အကြောက် ရှိသူသည် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ရှောင်ကြဉ်၏။ လောကရှိ လူအားလုံး ဤ အရှက် အကြောက် တရား နှစ်ပါးရှိကြလျှင် မကောင်းမှု ပြုသောသူ မရှိသဖြင့် သတ္တဝါ အားလုံးချမ်းသာ ကြပေမည်။

ရှက်ကြောက်သူ     ရှေးက တက္ကသီလ ပြည်တွင် ပါမောက္ခ ဆရာကြီး တယောက်ထံ၌ တပည့် ငါးရာ ပညာ သင်ကြားနေကြ၏။ ဆရာကြီးမှာ ရုပ်ချော လိမ်မာ ပညာတတ် သမီး တယောက်ရှိ၏။ ဆရာကြီးသည် အရွယ်ရောက်နေပြီ ဖြစ်သော သမီးကို တပည့်များထဲမှ အသင့်တော်ဆုံးတပည့်နှင့် လက်ထပ် ပေးလို၏။ ထို့ကြောင့် သမီး ဝတ်စားဆင်ယင်ဖို့ရာ အဝတ်အထည်နှင့် လက်ဝတ် လက်စားများ မိမိတို့အိမ်မှ မည်သူမျှ မသိအောင် ခိုးယူခဲ့ကြဖို့ တပည့် အားလုံးကို စေခိုင်း၏။ အများဆုံး ယူဆောင်ခဲ့သော တပည့်ကို သမီးနှင့် လက်ထပ်ပေးမည် ဖြစ်ကြောင်း ပြောလိုက်၏။

တပည့် တယောက်မှတပါး အားလုံးပင် ပစ္စည်း အမြောက်အမြား ခိုးယူခဲ့ကြ၏။ ပစ္စည်း မယူဆောင်ခဲ့သော တပည့်အား ဆရာကြီးက အကြောင်းကို မေးရာ ထို တပည့်က " ဆရာကြီး၊ လောကမှာ မကောင်းမှုပြုဖို့ရာ လူ မသိနိုင်တဲ့ ဆိတ်ကွယ်ရာ နေရာ မရှိပါ၊ ကျွန်တော်က သိနေပါတယ်။ ဒါကြောင့် ဆိတ်ကွယ်ရာ ဆိုတာ မရှိပါ။ သိနေတဲ့ ကျွန်တော့်ကိုယ်ကို ကျွန်တော် ရှက်လှလို့ ခိုးမှုဆိုတဲ့ မကောင်းမှုကို မပြုဝံ့ပါ ဆရာကြီး " ဟု ရှင်းပြ၏။ အရှက် အကြောက် တည်းဟူသော ဟိရီ ဩတ္တပ္ပ တရားများနှင့် ပြည့်စုံသည့် ဤ တပည့်ကို ဆရာကြီး နှစ်သက်လှ သဖြင့် သမီးချောနှင့် လက်ထပ် ပေးလိုက်၏။  ( ဇာ-ဋ္ဌ ၃၊ ၁၆ )


သီလ၏ ကြောင်းကျိုး အဆက်ဆက်
ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါးကို ယုံကြည်လျှင် ကောင်းသော အလုပ် (ကုသိုလ်) ကြောင့် ကောင်းကျိုး ရ၍ ဆိုးသော အလုပ် (အကုသိုလ်) ကြောင့် ဆိုးကျိုး ရသည် ဆိုသော ကြောင်းကျိုး သဘာဝ (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည် လက်ခံ၏။ ( ကမ္မသကတာ သမ္မာဒိဋ္ဌိ ) 
အလုပ်နှင့် အလုပ်ကြောင့် ရရှိသည့် အကျိုး (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည်လျှင် ဆိုးကျိုး ဆင်းရဲကျိုး ရမည်ကို ရှက်လည်း ရှက်၊ ကြောက်လည်း ကြောက်၏။ ( ဟိရီဩတ္တပ္ပ )
ထို အရှက် (ဟိရီ) နှင့် အကြောက် (ဩတ္တပ္ပ) ကြောင့်ပင် ဆိုးသော အလုပ် မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်၏။ မကောင်းမှုကို ရှောင်ကြဉ်လျှင် ကိုယ်ကျင့်သီလ ပြည့်စုံ လုံခြုံ၏။ (သီလသံဝရ)
ကိုယ်ကျင့်သီလ လုံခြုံလျှင် မိမိ ကိုယ်ကျင့်တရားကို စဉ်းစားဆင်ခြင်မိတိုင်း စိတ်ကြည်လင် ရွှင်လန်း၏။ (အဝိပ္ပဋိသာရ)
စိတ်ကြည်လင် ရွှင်လန်းလျှင် ဝမ်းမြောက်၏။ (ပါမောဇ္ဇ)
ဝမ်းမြောက်လျှင် နှစ်သက် အားရ၏။ (ပီတိ)
နှစ်သက် အားရလျှင် ကိုယ်ရော စိတ်ပါ ငြိမ်းအေး၏။ (ပဿဒ္ဓိ)
ကိုယ်ရော စိတ်ပါ ငြိမ်းအေးလျှင် ကိုယ်စိတ်နှစ်ပါး ချမ်းသာ၏။ (သုခ)
ကိုယ်စိတ်နှစ်ပါး ချမ်းသာသည့်အခါ တရား ရှုပွားလျှင် စိတ် တည်ငြိမ်မှု သမာဓိကို ရလွယ်၏။ (သမာဓိ)
စိတ် တည်ငြိမ်လျှင် ရုပ် နာမ် အဖြစ်အပျက်ကို အမှန်အတိုင်း သိသော ဉာဏ်အမြင် (ဝိပဿနာ) ၊ အရိယ သစ္စာ လေးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင် (မဂ်ဖိုလ်) ကို လျင်မြန်စွာ ရ၏။ (ယထာဘူတ ဉာဏဒဿန)
ဆောင်ပုဒ်
ကောင်းဆိုးနှစ်တန် ကံ တရားနှင့်၊ သုံးပါးရတနာ ယုံယင်လေ။
ဆိုးကံပြုရန် ရှက်ကြောက်များလို့၊ သီလတရား လုံခြုံပေ။
သီလလုံလျှင် ကြည်ရွှင်လန်းလို့၊ ဝမ်းသာအားရ နှစ်သက်ပေ။
နှစ်သက်သောအခါ ကိုယ်စိတ်ငြိမ်းလို့၊ ငြိမ်းအေး ချမ်းသာ ရသလေ။
ချမ်းသာလေဘိ၊ သမာဓိ၊ ရ၏ ဉာဏ်မြင်တွေ။

သီလစင်ကြယ်၍ ရဟန္တာဖြစ်သူ

လောကီရေး ရှုပ်ထွေး     သာဝတ္ထိပြည်၌ အသပြာသန်းလေးရာချမ်းသာသော သန်းကြွယ် သဌေး ညီအစ်ကို နှစ်ယောက် ရှိ၏။ ညီငယ်က အိမ်ထောင်ပြု၍ အစ်ကိုကြီးက အိမ်ထောင်မပြုပဲ ညီငယ်ကို စောင့်ရှောက်နေ၏။ တနေ့တွင် ရှုပ်ထွေး ပွေလိမ်လှသော လောကီရေး ကိစ္စတွေကို အပြစ်မြင်ကာ ငြီးငွေ့လှသဖြင့် အစ်ကိုကြီးက ရဟန်း ပြုပြီးလျှင် တောရကျောင်း၌ တရား အားထုတ်နေ၏။

ဝိသမလောဘကြောင့် အမှား အမှန်ကို မခွဲခြားနိုင်သော ခယ်မက ထို ရဟန်းတော် လူထွက်လာလျှင် အမွေခွဲပေးရမည်စိုးသောကြောင့် လူဆိုးများအား ငွေပေး၍ ရဟန်းတော်ကို အသက်ခိုင်း၏။

လူဆိုးများသည် ရဟန်းတော်ရှိရာ တောသို့သွား၍ နေဝင် မိုးချုပ် အချိန်တွင် ရဟန်းတော်ကို သတ်ရန် ဖမ်းဆီးကြ၏။ ရဟန်းတော်က တည တရား အားထုတ်ခွင့်ပြု၍ နံနက်လင်းမှသတ်ရန် တောင်းပန်၏။ လူဆိုးများက မယုံကြည်ကြ။ ထွက်ပြေးလိမ့်မည်ဟု ထင်ကြ၏။ ရဟန်းတော်က အနီးရှိ ကျောက်တုံးကြီး တခုကို ကောက်ယူကာ ပေါင် နှစ်ဘက်စလုံးကို ထုရိုက်၍ ချိုးပစ်လိုက်မှပင် လူဆိုးများ ယုံကြည်စိတ်ချကာ စင်္ကြံဦး၌ မီးဖို၍ အိပ်လျက် စောင့်နေကြတော့၏။

သီလကို ဆင်ခြင်     ရဟန်းတော်သည် ပေါင်ကျိုးသောဒဏ်ရာမှ နာကျင်သော ဝေဒနာကို ရှုမှတ်လျက် ခွာပြီးလျှင် ရဟန်း ဖြစ်သည်မှ စ၍ ပွတ်သစ်စ ခရုသင်းကဲ့သို့ဖြူစင်လှသော မိမိ၏ သီလကို ဆင်ခြင်မိသဖြင့် စိတ်ကြည်လင်ရွှင်လန်းကာ နှစ်သက် ဝမ်းမြောက်မှု ပီတိပါမောဇ္ဇတွေ တဖွားဖွား ဖြစ်ပေါ်လာ၏။ ထို နှစ်သက် ဝမ်းမြောက် စိတ်တွေကို ရှုမှတ်ပြန်ရာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဉာဏ်တွေ ရှင်းလင်းပြတ်သားစွာ ဖြစ်ပေါ်လာပြီးနောက် မိုးသောက်ယံတွင် ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်သွား၏။

ရဟန်းတော်၏ ဘွဲ့တော်မှာ အရှင်တိဿ ဖြစ်၏။ ဤ အရှင်၏ ဖြစ်ရပ်ကို ကြည့်လျှင် သီလ စင်ကြယ်ခြင်းကြောင့် စိတ်ကြည်လင် ရွှင်လန်းရာမှ အကျိုးအဆက်ဆက် ဖြစ်ပေါ်ကာ အရဟတ္တဖိုလ် အထိ ရရှိသွားသည်ကို တွေ့ရ၏။

လူတိုင်း ဆောက်တည်သင့်     ဤမျှ အကျိုးကြီးမားသော သီလကို လူတိုင်း ကြိုးစား၍ ဆောက်တည် စောင့်ထိန်းသင့်ပေသည်။

မိမိ ဘာသာလည်း ဆောက်တည်ကောင်း၏။ ရဟန်းတော်တပါးပါးထံ၌လည်း ခံယူ ဆောက်တည်နိုင်၏။ မိမိ ဘာသာဆောက်တည်လျှင် လေးနက်မှု ရိုသေမှု အားပျော့၍ စောင့်စည်းစိတ် အားနည်း၏။ ရဟန်းတော် တပါးပါးထံ၌ ခံယူဆောက်တည်လျှင် လေးနက်မှု ရိုသေမှု အားကောင်း၍ စောင့်စည်းစိတ် ထက်သန်၏၊ အားကြီး၏။

မဆောက်တည်လျှင်     အပြစ် မကင်းသော အလုပ်ကို မလုပ်ပဲ ရှောင်ကြဉ်ရာ၌ သီလ မဆောက်တည်ပဲလည်း ရှောင်ကြဉ်နိုင်၏။ ထို့ကြောင့်ပင် တချို့က " တို့မကောင်းမှုတွေမှ မလုပ်ပဲ၊ သီလ ဆောက်တည်နေဖို့၊ ဥပုသ်စောင့်နေဖို့ မလိုပါဘူး " ဟု ယူဆ ပြောဆိုတတ်ကြ၏။ ဤသို့ ယူဆ ပြောဆိုကြခြင်းမှာ မိမိ၏ ဟာကွက်ကို ဖာထေးလိုသောကြောင့် သော်လည်းကောင်း၊ လူ့စိတ် သဘာဝကို နားမလည်သောကြောင့် သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။

ခြားနားချက်     လူ၏ စိတ်သဘာဝမှာ "မလုပ်ပါဘူး" ဟုနှုတ်က ထုတ်ဖော် ဝန်ခံထားသော အလုပ်တခုကို ကျူးလွန် ပြုလုပ်ရမည်ကို အလွန် ဝန်လေး၏။ မလုပ်မိအောင် အတတ်နိုင်ဆုံး စောင့်စည်း ထိန်းသိမ်းလိုစိတ် ထက်သန်၏။ နှုတ်က ထုတ်ဖော် ဝန်ခံမထားပဲ "မလုပ်ပါဘူး" ဟု စိတ်ဖြင့်သာ နှလုံးသွင်းထားရုံမျှ ဖြစ်လျှင် ပြုလုပ်ရမည်ကို ဝန်မလေးပေ။ ကျူးလွန်လိုစိတ် အနည်းငယ်ဖြစ်ရုံမျှနှင့်ပင် လွယ်လွယ်ဖြင့် ကျူးလွန် ပြုလုပ်တတ်ကြ၏။

ထို့ကြောင့် သီလကို ဆောက်တည်၍ မကောင်းမှု မပြုမိအောင် စောင့်ထိန်းလျှင် စောင့်ထိန်းလိုစိတ် အားကောင်း၍ လွန်ကျူး ဖောက်ဖျက်ရန် ခဲယဉ်း၏။ 'မကောင်းမှုကို မပြုလုပ်ခြင်းသာ ပဓာန' ဟု ယူဆကာ သီလကို မဆောက်တည်လျှင် စောင့်ထိန်းလိုစိတ် အားသေး၍ မကောင်းမှုကို ကျူးလွန်ရန် လွယ်ကူ၏။

သီလ အမျိုးမျိုး

ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ဝိနည်း သီလများကို စောင့်ထိန်းရ၏။ ရဟန်း ဖြစ်ပြီးလျှင်ပြီးချင်း အထူး ဆောက်တည်နေဖို့ မလိုပဲ ဆောက်တည်ပြီးသားဖြစ်သွားပြီးလျှင် စောင့်စည်း ထိန်းသိမ်းရန် တာဝန် အပြည့်ရှိလာတော့၏။ ရှင်သာမဏေ များမှာ ၁၀ ပါး သီလကိုဆောက်တည် စောင့်ထိန်းကြရ၏။

လူများမှာ ငါးပါး သီလ၊ ရှစ်ပါး သီလ၊ (ရှစ်ပါးတွင် မေတ္တာ စိတ်ထားကို ထည့်၍) ၉ ပါး သီလ၊ အာဇီဝဋ္ဌမက သီလများကို ဆောက်တည် စောင့်ထိန်းကြရ၏။ စွမ်းနိုင်လျှင် ၁၀ ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏။ ( ဝိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဋ္ဌ၊ ၁၉၄ စသည် )

ကဿပ ဘုရား လက်ထက်တော်အခါ၌ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏ သမီး ၇ ယောက်၊ ဂေါတမ ဘုရားလက်ထက်တော် အခါ၌ ဟတ္ထက ဥပါသကာ၊ ဟတ္ထာဋ္ဌဝက ဥပါသကာ စသည်တို့ ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် စောင့်ထိန်းကြကြောင်း ပါဠိ အဋ္ဌကထာကျမ်းဂန် တို့၌ လာ၏။

သီလ ဆောက်တည်ပုံ

ကန်တော့ခန်း     သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ သီလ ဆောက်တည်သောအခါ နမောတဿ စသော ဘုရားရှိခိုးမှ စ၏။ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ကမူ ကန်တော့ခန်းမှ စတင်၏။

ဩကာသ စသည်ဖြင့် ကန်တော့ခြင်း၊ အဟံ ဘန္တေ စသည်ဖြင့် သီလ တောင်းခြင်းများသည် သီလ ဆောက်တည်ရာ၌ မပါမဖြစ်သော လိုအပ်ချက်များကား မဟုတ်ပေ။

သို့သော် ယင်းတို့ ပါဝင်ခြင်းအားဖြင့် သီလကို ရိုသေလေးမြတ်သည့် စိတ်ထားများ တိုးပွားလာစေရန် ရှေးပညာရှင်များ စီစဉ်ထားခဲ့ဟန် တူပေသည်။

မဟာစည်ဩကာသ     ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော၊ အပြစ် ခပ်သိမ်း၊ ပပျောက်ငြိမ်း၍၊ အသက်ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေး ကင်းကြောင်း၊ ကောင်းမှု မင်္ဂလာ၊ ဖြစ်ပါစေခြင်း အကျိုးငှာ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော၊ ရတနာ မြတ်သုံးပါး (ဆရာသမား) တို့ကို အရိုအသေ၊ လက်အုပ်မိုး၍၊ ရှိခိုးပူဇော်၊ ဖူးမြှော်မှန်လျှော့၊ ကန်တော့ပါ၏ (အရှင်ဘုရား။)

(ဆုပေးမည့် ပုဂ္ဂိုလ်ရှိလျှင် ဤတွင် ရပ်ပါ။ ဆုပေးမည့် ပုဂ္ဂိုလ် မရှိလျှင် အောက်ပါအတိုင်း ဆက်ဆုတောင်းပါ။)

ကန်တော့ရသော ကောင်းမှုကံ စေတနာ တို့ကြောင့် အပါယ် ၄ ပါး၊ ကပ် ၃ ပါး၊ ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး၊ ဝိပတ္တိတရား ၄ ပါး၊ ဗျသနတရား ၅ ပါး၊ အနာမျိုး ၉၆ ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာ ဖြစ်၍၊ မဂ် တရား၊ ဖိုလ် တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ ( အရှင်ဘုရား။ )

ငါးပါး သီလ တောင်းရန်

အဟံ ဘန္တေ တိသရဏန သဟ ပဥ္ဒသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ    
အဟံ ဘန္တေ တိသရဏန သဟ ပဥ္ဒသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ    
အဟံ ဘန္တေ တိသရဏန သဟ ပဥ္ဒသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

[ အရှင်ဘုရား၊ တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ငါးပါး သီလကို တောင်းပါ၏။ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် ငါးပါး သီလ ပေးတော်မူပါဘုရား။ ]

( ယမဟံ ဝဒါမိ၊ တံ ဝဒေထ  =  ဘုန်းကြီးဆိုတာကို လိုက်ဆိုကြပါ။ )

အာမ ဘန္တေ  =  မှန်ပါ ဘုရား။

ဘုရား ရှိခိုး

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္မုဒ္ဓဿ။

[ ပူဇော်အထူးကို ခံတော်မူထိုက်သော သိစရာ မှန်သမျှ တစ မကျန် သယမ႓ူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော ထို မြတ်စွာဘုရားအား ရှိခိုးပါ၏ ဘုရား။ ]

သရဏဂုံ ဆောက်တည်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္မိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္မိ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို အားကိုး ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ဘုရား။
မြတ်စွာဘုရား၏ တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်ပါ၏ ဘုရား။
မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်ပါ၏ ဘုရား။

(သရဏဂမနံ ပရိပုဏ္ဏံ  =  သရဏဂုံ ပြည့်စုံပါပြီ)

အာမ ဘန္တေ  =  မှန်ပါ ဘုရား။

သိက္ခာပုဒ် ဆောက်တည်ပုံ


၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၁။ [ သတ္တဝါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ [ သူတပါး၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။ ]

၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ [ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ]

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ [ မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။ ]

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ [ မူးယစ် မေ့လျော့စေတတ်သော အရက် သေစာ တို့ကို သောက်စားခြင်းမှ ရှောင်ကြည်ပါ၏။ ]

[ တိသရဏေန သဟ ပဥ္စသီလံ သာဓုက့ သမာဒိယိတွာ အပ္ပမာဒေန သမ္ပာဒေထ။ ]

[ ဘုရား တရား သံဃာ တည်းဟူသော အားကိုးရာ ၃ ပါးနှင့်တကွ ငါးပါး သီလကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့သော သတိဖြင့် ပြီးစီး ပြည့်စုံ လုံခြုံအောင် စောင့်ထိန်းကြပါလေ။ ]

အာမ ဘန္တေ  =  မှန်ပါ ဘုရား။


ပါဏာတိပါတ ကံ၏ ဆိုးကျိုးများ

သတ္တဝါကို ညှင်းဆဲနှိပ်စက်လျှင်၊ သတ်ဖြတ်လျှင်-
အသက်တိုခြင်း၊
အနာရောဂါ များခြင်း၊
အင်အား ဆုတ်ယုတ်ခြင်း၊
ကြောက်ရွံ့တတ်ခြင်း၊
စိုးရိမ် ပူဆွေးစိတ် များခြင်း၊
သူတပါး အနှိပ်စက် ခံရခြင်း၊
သူတပါး သတ်၍ သေရခြင်း၊
ကိုယ် လက် အင်္ဂါ ချို့တဲ့ခြင်း၊
ကိုယ်လုံး ကိုယ်ထည် အချိုးမကျခြင်း၊
ချစ်သူတို့နှင့် ကွဲကွာရခြင်း
စသော ဆိုးကျိုးများကို ရတတ်သည်။

သတ္တဝါကို မသတ်ဖြတ် မညှင်းဆဲပဲ မေတ္တာစိတ်ထားလျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရနိုင်၏။
(ဣတိဝုတ်-ဋ္ဌ၊  ၂၂၄)

ပါဏာတိပါတ ရှောင်ကြဉ်ကျိုးများ

သူ့သက် မသတ်၊ ရှောင်ကြဉ်လတ်မူ၊ မကပ်ရောဂါ၊ လွန်ကျန်းမာလျက်၊ ရှည်စွာအသက်၊ ကြောက်မဖက်ပဲ၊ စိတ်လက်ချမ်းသာ၊ ပူကင်းကွာ၍၊ အင်္ဂါပြည့်ဝ၊ အချိုးကျလျက်၊ လှပကိုယ်လက်၊ မနှိပ်စက်နိုင်၊ မသတ်နိုင်၊ မြဲခိုင်ကောင်းကျိုးတည်း။

အရှင်လတ်လတ် ပုပ်နေသော မထေရ်

သာဝတ္ထိပြည် ဇေတဝန် ကျောင်းဝင်း၏ အစွန်ကျသော ကျောင်း တကျောင်း၌ ရဟန်းတော် တပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ယင်းဝေဒနာ အပြင်းအထန် ခံစားနေရ၏။ ရဟန်း၏ ခန္ဓာကိုယ်တွင် ဆီးသီးခန့်၊ ဆီးဖြူသီးခန့်၊ ဥသျှစ်သီးခန့် ပမာဏရှိသော အနာလုံးကြီးများသည် သွေး တစိုစို ပြည် တရွှဲရွှဲဖြင့် တကိုယ်လုံးအပ်ချစရာ မကျန်အောင် အနှံ့အပြား ပေါက်လျက်ရှိ၏။ ရဟန်းတော်၏ တကိုယ်လုံးကား ပုပ်စော် နံနေ၏။ ပြုစုမည့်သူလည်း တဦးမျှ မရှိပေ။

လောကသုံးပါး၏ အားထားကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားမှာမူ အနီးရှိ မီးတင်းကုတ် အတွင်း၌ ရေနွေးအိုးကို မီးဖိုပေါ်သို့ တင်ပြီးလျှင် ရေနွေးဆူရန် စောင့်ဆိုင်းလျက် နေတော်မူ၏။

ပြုစုကြပြီ     ရေနွေးဆူသောအခါ မြတ်စွာဘုရားသည် ဂိလာန ရဟန်း ရှိရာသို့ ကြွတော်မူလာ၍ ညောင်စောင်းစွန်းကို ကိုင်တော်မူ၏။ ထိုအခါမှ အခြား ရဟန်းများ ဝိုင်းအုံလာကြပြီးလျှင် ဂိလာန ရဟန်း၏ ကိုယ်မှ သင်္ကန်း တို့ကိုလျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့် ဆေးကြော ပေးခြင်း၊ ဆေးထည့် ပေးခြင်း စသော သူနာပြု လုပ်ငန်းများကို လုပ်ဆောင် ပေးကြတော့သည်။ ထိုအခါမှ ဂိလာန ရဟန်းသည် သက်သာရာ ရကာ ငြိမ်သက်သော စိတ်ဖြင့် မှိန်းနေလေသည်။

ရှေးဘဝက ဆိုးခဲ့လို့     ဤရဟန်း ဘာကြောင့် ဤမျှ ဆိုးရွားသော ရောဂါ ဝေဒနာဆိုး ဆင်းရဲကျိုးကို ခံစားရသနည်း။ အကြောင်းရှိပါသည်။ လောက၌အကြောင်း မရှိပဲ ဘယ် အရာမျှ မဖြစ်ပေါ်ပေ။ ဤရဟန်းသည် ကဿပဘုရားရှင် လက်ထက်တော် အခါ၌ ငှက်မုဆိုး ဖြစ်ခဲ့ဖူးသည်။ ငှက် မျိုးစုံတို့ကို သတ်၍ ဘုရင်၏ စားတော်ပွဲ အတွက် ဆက်သ ရ၏။ ကျန်သော ငှက်တို့ကို ရောင်း၏။ ရောင်း၍ မကုန်သော ငှက် တို့ကို မပျံနိုင် မသွားနိုင်အောင် တောင်ပံနှင့် ခြေထောက်တို့ကို ချိုးထား၏။ တချို့ ငှက်တို့ကို နောက်တနေ့တွင် သတ်၍ ရောင်း၏။ တချို့ ကိုမူ နှစ်ရက် သုံးရက် လွန်မှ သတ်၍ ရောင်းရ၏။ ဤနည်းဖြင့် ငှက်များမှာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာ ခံစားရပြီးမှ အသတ်ခံကြရ၏။

ထို မကောင်းမှု အကုသိုလ်ကံ တည်းဟူသော အကြောင်း၏ ဆိုးကျိုးကို ယခု ဘဝ၌ ဤရဟန်း ခံစားနေရခြင်း ဖြစ်သည်။

အချိန်မီ သံဝေဂ     သို့သော် တနေ့တွင် ယင်း ငှက်မုဆိုးသည် ထိတ်လန့် သံဝေဂ ဖြစ်ကာ ရဟန္တာမထေရ် တပါးအား အရသာရှိသော ဆွမ်း ဆွမ်းဟင်း တို့ကို လောင်းလှူပြီးလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆုတောင်း၏။

ယခုဘဝ၌ အဆိုပါ ရဟန်း ဝေဒနာမှ သက်သာရာ ရနေစဉ် မြတ်စွာဘုရားက ဘာမျှ အသုံးမကျသော ကိုယ်ကောင်ကြီး၏ အပြစ် တို့ကို ဖော်ပြ၍ သစ္စာလေးပါး အထွတ် တပ်လျက် တရားပြတော်မူသောအခါ ရဟန္တာ မထေရ်အား ဆွမ်းလောင်းလှူသော ထိုကောင်းမှု၏ အကြောင်း အထောက်အပံ့ကြောင့် အရဟတ္တ ဖိုလ် ဉာဏ်အထိ ရရှိပြီးလျှင် ပရိနိဗ္ဗာန် စံလေ၏။

သတ္တဝါကို ညှင်းဆဲသတ်ဖြတ်မှု အကုသိုလ်၏ အကျိုးကား ကြောက်မက်ဖွယ် ကောင်းလှ၏။

သည်ဘဝကံကြောင့် သည်ဘဝခံ

အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ     ကောင်းမှုကံ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့် ယခုဘဝ အကျိုးခံစားရသည်လည်း ရှိ၏။ ယခုဘဝ ပြုသော ကံကြောင့် ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရသည်လည်း ရှိ၏။

ကောက မုဆိုး     မြတ်စွာဘုရား လက်ထက်တော် အခါက ကောက အမည်ရှိသော မုဆိုး တယောက်သည် တောလိုက်ရန် ခွေးများကို ခေါ်၍ ရွာမှ ထွက်သွား၏။ ရွာနှင့် မလှမ်းမကမ်းတွင် ရဟန်းတော်တပါးကို တွေ့ရသောအခါ "ဒီနေ့ အမင်္ဂလာကို တွေ့ရတယ်၊ ဘာ သားကောင်မှ ရမှာ မဟုတ်"  ဟု စဉ်းစားယင်း ဒေါသ ထွက်နေ၏။ တောကိုရောက်၍ သားကောင်များကို လိုက်သောအခါ တကောင်မျှ မရ၍ ပိုမို ဒေါသထွက်ကာ ရွာသို့ ပြန်လာ၏။

မကောင်းမှုကံ     ရဟန်းတော်သည်လည်း ရွာထဲတွင် ဆွမ်းခံပြီးလျှင် ကျောင်းသို့ ပြန်လာရာ မုဆိုးနှင့် လမ်းတွင် ဆုံမိကြပြန်၏။ 'ရဟန်းကို တွေ့သောကြောင့် သားကောင် မရ' ဟု ထင်မှတ်ကာ ဒေါသထွက်နေသော မုဆိုးသည် ရဟန်းတော်ကို ဒုတိယအကြိမ် တွေ့ရပြန်လျှင် ပို၍ပင် ဒေါသမီးတဟုန်းဟုန်း တောက်ကာ ခွေးများကို ရှူးတိုက်၍ ရဟန်းတော်ကို ကိုက်စေသည်။ ရဟန်းတော်သည် နီးရာ သစ်ပင်တပင်ကို ပြေးတက်ပြီးလျှင် လူ တရပ်သာသာ မြင့်သော သစ်ကိုင်းပေါ်၌ ထိုင်နေ၏။ ခွေးများသည် သစ်ပင်အောက်မှ နေ၍ ပတတ်ရပ်ကာ ကိုက်ခဲမည့်ဟန်ဖြင့် မာန်ဖီ နေကြ၏။ မုဆိုးသည် ရဟန်းတော်၏ ခြေဖဝါးတို့ကို မြားဖြင့် လှမ်း၍ ထိုး၏။

ရဟန်းတော်သည် တကိုယ်လုံး မီးအုံးသကဲ့သို့ ပူလောင်နာကျင်လှသဖြင့် ခြေထောက် တို့ကို ရှောင်ယင်း တိမ်းယင်း ကိုယ်ရုံ ဧကသီ ကိုယ်မှ ကွာကျသွားသည်ကိုပင် မသိလိုက်တော့ပေ။ ရဟန်းတော်၏ ကိုယ်ရုံ သင်္ကန်းသည် သစ်ပင်အောက်ရှိ မုဆိုးကို ခြုံပြီး အုပ်ပြီးသား ကျသွား၏။ ခွေးများသည် ရဟန်းတော်ဟု ထင်မှတ်ကာ သင်္ကန်း အုပ်မိပြီး ဖြစ်နေသော မုဆိုးကို ဝိုင်းဝန်း ကိုက်သတ်၍ အသားကို စားလိုက်ကြရာ အရိုးမျှသာကျန်မှ လွှတ်လိုက်ကြ၏။

ထိုအခါမှ ရဟန်းတော်သည် သစ်ကိုင်းခြောက် တခုကိုချိုး၍ ခွေးများပေါ်သို့ ချလိုက်ရာ ခွေးများက သစ်ပင်ပေါ်သို့ မော့ကြည့်လိုက်၏။ ရဟန်းတော်ကို မြင်မှ မိမိတို့ သခင်ကို မိမိတို့ ကိုက်သတ်မိကြောင်း သိကြ၍ ခွေးများတောထဲသို့ ဝင်ပြေးကြလေသည်။

"ကာလဝိပါက် နောက်ပိုးတက်" ဆိုသော မြန်မာ စကားနှင့်အညီ ယခု ပြုသော မကောင်းမှု အကုသိုလ်က့က ယခု ချက်ချင်း ဆိုးကျိုးကို ပေးခြင်း ဖြစ်၏။

အမှတ်မထင် ပြုမိတတ်သည့် ကံ

ပြောင်လှောင်ကံ     လူသည် ပျော်ချင်၏၊ ပျော်တတ်၏။ တခါတရံ သူတပါး ဒုက္ခ ရောက်နေသည်ကိုပင် ပျော်စရာဟု ထင်မှတ်ကာ တဝါးဝါး တဟားဟား ရယ်မောချင်တတ်၏။ တခါတရံတွင် ရယ်မောရုံမျှ မကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင် မိတတ်ကြ၏။ ဤ အပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံ များပင် ဖြစ်ပေသည်။ ဤ ကံများကြောင့် ရရှိသည့် ဆိုးကျိုးများမှာလည်း အင်အား မသေးလှပေ။

နီရိုးဘုရင်     ရှေး ရောမတိုင်းတွင် နီရိုးဘုရင်သည် ရာဇဝင်တွင်ရစ်အောင် ရက်စက် ကြမ်းကြုတ်သော ဘုရင်တပါး ဖြစ်၏။ သူသည် အထူး ပြုလုပ်ထားသော သားရဲစာကျွေး ကွင်းကြီးအတွင်း၌ ခရစ်ယာန်များကို ဆင်းစေ၍ အထူးမွေးမြူထားသော ခြင်္သေ့၊ ကျား စသော သားရဲ တိရစ္ဆာန်တို့နှင့် သတ်ပုတ် စေ၏။ သားရဲတိရစ္ဆာန်များက ခရစ်ယာန်ဘာသာဝင်များကို သတ်ပုတ် ကုတ်ခြစ် ကိုက်ခဲ ဝါးမျိုနေသည်ကို နန်းတော်သူ နန်းတော်သားများ၊ တိုင်းသူ ပြည်သားများနှင့်အတူ ပွဲကြည့်စင်၌ အမြိုင့်သား ထိုင်ကာ အရသာ ခံ၍ ကြည့်ရှုကြ၏။

ချိနဲ့နေသော အမေရိကန်မ     ပွဲကြည့် ပရိသတ်ထဲမှ နန်းတွင်းသူ အပျိုတော် တယောက်သည် ခြင်္သေ့ သတ်ပုတ် ကိုက်ခဲ ထားသဖြင့် ခြေကျိုး လက်ကျိုး ဖြစ်ပြီးလျှင် ကြောက်ကြောက် လန့်လန့်ဖြင့် ရုန်းကန်နေသူများကို ကြည့်ရှုကာ ပြောင်လှောင် ရယ်မောခဲ့၏။ ထို အပျိုတော်သည် ထို ပြောင်လှောင်ကံကြောင့် ယခု ခေတ်တွင် အမေရိကန်ပြည်၌ လူဖြစ်လာကာ ချိနဲ့ ရောဂါ စွဲကပ်နေသဖြင့် လမ်းမလျှောက်နိုင်ပဲ ဘီးတပ် ကုလားထိုင် အတွင်းမှာသာ သူ့ဘဝကို ကုန်စေကာ ဆင်းရဲဒုက္ခကို ခံစားနေရ၏။

သူတပါး၏ ဆင်းရဲဒုက္ခကို အရသာခံ၍ ကြည့်ရှု ရယ်မောခဲ့သော မကောင်းမှု၏ ဆိုးကျိုး ဆင်းရဲ ကျိုးသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
(Many Mansion P.65)

ပါဏာတိပါတမှ ရှောင်ကြဉ်ကျိုး

လယ်ယာဦးကြီး     ရှေးက သီဟိုဠ်ကျွန်း၌ လယ်ယာသမားကြီးတဦးသည် နွားပျောက်၍ နေရာ အနှံအပြား သွားရောက် ရှာရာမှ တောင်ပေါ်သို့ ရောက်သွား၏။ တောင်စောင်း၌ ရပ်လျက် နွားများကို လှမ်းမျှော် ကြည့်ရှုကာ ရှာဖွေနေစဉ် စပါးကြီးမြွေ တကောင်သည် လယ်သမားကြီး၏ ခြေသလုံးကို ရစ်ပတ်ထားလေသည်။ လယ်သမားကြီးသည် ထက်လှသော ပဲခွပ်ဖြင့် မြွေကြီးကို ခုတ်ပိုင်းလိုက်ရန် ကြံစည်ပြီးမှ ပိင်္ဂလဗုဒ္ဓရက္ခိတ မထေရ်ထံ၌ သီလခံယူ ဆောက်တည်ခဲ့သည်ကို သတိရသဖြင့် ပဲခွပ်ကို တောထဲသို့ လွှင့်ပစ်လိုက်၏။

ထိုအခါမှ မြွေကြီးသည် အခွေကို ဖြေကာ တောထဲသို့ လျှောကနဲ ဝင်သွားလေ၏။  (အဘိ-ဋ္ဌ၊ ၁၊  ၁၄၆)

သူတပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိအသက် ရှည်၏။

အဒိန္နာဒါန ကံ၏ ဆိုးကျိုးများ

ပိုင်ရှင်က ကြည်ဖြူစွာ မပေးသော ပစ္စည်းကို ခိုးယူခြင်း တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကျပ်ကိုင်၍ ယူခြင်း၊ ပရိယာယ်အမျိုးမျိုးဖြင့် လှည့်ပတ်၍ ယူခြင်း စသည်တို့သည် အဒိန္နာဒါန  =  သူတပါး ပစ္စည်းကို မတရားယူခြင်း ဖြစ်၏။

ယင်းသို့ မတရား ယူသူသည်-
အပါယ် ဒုဂ္ဂတိဘဝ ရောက်ရခြင်း၊
ဆင်းရဲ မွဲတေခြင်း၊
ပစ္စည်းရအောင် မရှာနိုင်ခြင်း၊
ရှိသမျှပစ္စည်း မတည်တံ့ခြင်း၊
လိုအပ်သော ပစ္စည်း မရခြင်း၊
ဆင်းဆင်းရဲရဲ နေရခြင်း၊
စသော ဆိုးကျိုးများကို ရ၏။

သူတပါး ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရ၏။   (ဣတိဝုတ်-ဋ္ဌ၊  ၂၂၄)

အဒိန္နာဒါန ရှောင်ကြဉ်ကျိုးများ

မခိုးဥစ္စာ၊ ရှောင်ကြဉ်ပါမူ၊ ချမ်းသာကြွယ်ဝ၊ လိုရာ ရ၍၊ ရှာရလွယ်ကူ၊ ရပြန်မူလည်း၊ ရန်သူမဖျက်၊ မပျောက်ပျက်ပဲ၊ တိုးတက်ပွါးစည်၊ စည်းစိမ်တည်၏၊ လေးလီပါယ်ရွာ၊ မကျပါပဲ၊ နတ်ရွာသုဂတိ၊ လားရဘိသည်၊ ရ၏ ကောင်းကျိုးအမှန်တည်း။

ဆိတ်ထက် မိုက်သူ

ဗာရာဏသီ မြို့သား     ညက တိတ်ဆိတ်၏။ တန်ဆောင်မုန်းလပြည့်ခါနီး ဖြစ်၍ လ,က ကြည်လင်၏။ ဆောင်းကြို လေအေး ဆော်သွေးစပြုပြီမို့ ရာသီက အတန်ငယ် အေး၏။ တိတ်ဆိတ်သော ည၊ ကြည်လင်သော လနှင့်အေးမြသော ရာသီတွင် ဗာရာဏသီမြို့ကြီးက အိပ်မောကျနေ၏။ ကြည်လင်သော လရောင်အောက်တွင် ဘုရင်၏ ဝတ် ပန်းခင်းကြီး အတွင်းမှ ဝတ်ပန်းပွင့်တို့မှာ ငြိမ်းချမ်းစွာ လှနေကြ၏။

ဝတ်ပန်းခင်း၏ အနီး၌ လုလင် တယောက်သည် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်လျက်ရှိ၏။ လူငြိမ်သလောက် သူ့ စိတ်က လှုပ်ရှားနေ၏။ သဘာဝ ပတ်ဝန်းကျင် ကြည်လင်သလောက် သူ့စိတ် အစဉ်က နောက်ကျု နေ၏။ ရာသီက အေးမြသလောက် သူ့ စိတ်က ပူလောင်နေ၏။

လုလင်၏ စိတ် အစဉ်သည် သဘာဝ ပတ်ဝန်းကျင်နှင့် အံမဝင် ခွင်မကျ ဖြစ်နေ၏။

ဇနီး အလိုကျ     သူ သည်နေရာသို့ ရောက်လာရသည်မှာ သူ့ ဇနီးကလေး သာမာ အတွက် ဖြစ်၏။ တန်ဆောင်မုန်း လပြည့် နက္ခတ်ပွဲ သဘင်တွင် ဝတ်ဆင်ဖို့ရာ ဝတ်ပန်းရောင် ဆာရီကို လိုချင်လှချည်ရဲ့ဟု သာမာက မရမက ပူဆာ၏။ ဖျင်ကြမ်းဝတ်စုံ တစုံစီနှင့်သာ အရှက်လုံရုံမျှ ဖုံးအုပ်ထားရသည့် ဘဝ အခြေအနေတွင် ဝတ်ပန်းတွေ ဘာတွေကို သူ စိတ်ကူးမျှပင် မထည့်ဝံ့ပေ။ သို့တစေ လတ်တလော ဉာဏ်အမြင် လျင်လှသော သာမာက ဘုရင့် ဝတ်ပန်းခင်းမှ ဝတ်ပန်းပွင့်များဖြင့် ဆိုးလျှင် ရနိုင်ကြောင်း နည်းကောင်း ညွှန်ပြသဖြင့် ဇနီးသည် အလိုကျ စိတ်ချမ်းသာ ရစေရန် သည်နေရာသည်ဌာနသို့ သူ ရောက်လာခဲ့ရ၏။

သို့သော် လွယ်တော့ မလွယ်လှ။ စွန့်စားရမည့် အလုပ်ဖြစ်၏။ အချစ်အတွက်ဖြင့် အသက်ပင်သေသေ စွန့်စားရပေမည်။ သည် သဘောထား မှန်မှမှန်ပါမည်လား၊ သူ စဉ်းစား၏။ ရှေး သူဟောင်းတို့စကား ကြားဖူးသည်မှာတော့-

ဆိတ်ဖိုနှင့် ဆိတ်မ     ဆိတ်ဖိုကြီးတကောင်နှင့် ဇနီးသည် ဆိတ်မကလေးတို့ ရေတွင်းပျက် တခုအနီးမှာ မြက်စားနေကြသည်။ ရေတွင်းပျက်နံရံမှ မြက်နုနုကလေးများမှာ စားချင့်စဖွယ် စိမ်းစိုလန်းဆန်းလျက် ရှိ၏။ ထို မြက်နုကလေးတွေကိုမှ မစားရလျှင် သေရချည့်ရဲ့ဟု ဆိတ်မကလေးက ဆိတ်ဖိုကြီးကို ပူဆာ၏။ ပူဆာပါများတော့ ဆိတ်ဖိုကြီးက "ဒီမှာရှင်မ၊ အဲဒီ မြက်နုကို ငါယူပေးရယင် ရေတွင်းပျက်ထဲ ငါကျလို့သေရမည် အမှန်၊ ငါ သေပြန်ယင်လဲ မင်းက နောက် ဆိတ်ဖိုတကောင်နှင့် သစ္စာနှံမည် မုချ။ ဒီတော့ ငါ့အသက်ကို အသေခံ၊ မင်းကောင်းစားဖို့ဖြင့် ငါ မကြံပါရစေနဲ့၊ ဒီ မြက်နု မစားရလို့မင်းသေယင်လဲ ငါ ငိုပွဲမဆင်၊ ယဉ်ယဉ်လှလှ နောက်ဆိတ်မနဲ့ ဘဝသစ်ထူထောင် ဆိတ်ဘောင်မှာ ပျော်ရစ်မယ်" ဟု ရှင်းရှင်း ပြတ်ပြတ်ပဲ ပြောလိုက်သည် တဲ့။

သည် ဆိတ်ဖိုကြီး၏ သဘောထားကပဲ မှန်သလား၊ သူ့လုပ်ထုံးကိုပဲ နှလုံးမူသင့်သလား၊ လုလင် စဉ်းစား၏။ သို့သော် ဟို ဆိတ်မနှင့် သူ့ သာမာ အလိမ်မာချင်း ကွာလှသည်ဟု သူ့စိတ်က ဆင်ခြေ ကန်ပြန်၏။ တဖန် သာမာ လှလှပပ ဝတ်ဆင်ရေး စိတ်ချမ်းသာရေးအတွက် အသက် စွန့်ရသည်ဆိုလျှင် ဟို ဆိတ်ဖိုကြီးလောက်မှ သူမလိမ်မာရာ ရောက်မနေပါလား။ လုလင်၏ စိတ်သည် ချီတုံချတုံ ဖြစ်နေ၏။

ခိုးမှု အကုသိုလ်     သို့သော်လည်း ခဏမျှကြာလျှင် လုလင်သည် မျက်စိကို မှိတ် အံကိုကျိတ်ကာ စိတ်ကို ဆုံးဖြတ်ပြီးလျှင် ဝတ်ပန်းခင်း စည်းရိုးကို အသာ ကျော်နင်း၍ အတွင်းသို့ ဝင်လိုက်၏။ ဝတ်ပန်းပွင့် သုံးလေးပွင့်မျှသာ ခူးမိသေသည်။ စည်းရိုးနင်းသံကြောင့် အစောင့်များ ချက်ချင်းသိကာ လုလင်ကို ဝိုင်းဝန်းဖမ်းဆီးပြီးလျှင် ရိုက်နှက် ထောင်းထုကြ၏။ နံနက်လင်းသောအခါ ဘုရင့် ရှေ့တော်မှောက်သို့ ဝတ်ပန်း သူခိုးကို သွင်းကြ၏။

ဆိုးကျိုး     ဧကရာဇ်ခေတ် ဧကရာဇ်စနစ်တွင် ဘုရင့် ဘဏ္ဍာတော်ကို ကျူးကျော်ခြင်းသည် အပြစ်အကြီးဆုံးဖြစ်ရာ စစ်ဆေးဖို့ လုံးဝ မလို၊ သုသာန်တွင် ကားစင်တင် တံကျင်လျှို၍ သတ်စေ၊ အမိန့်တော်မြတ် မှတ်လိုက်၏။

သုသာန် တစပြင်တွင် ငါး ကင်သကဲ့သို့ ကားစင်တွင် အောက် ဒွါရပေါက်မှ လည်ပင်းပေါက်အောင် တံကျင်အလျှိုခံနေရသော ခိုးသား လုလင်၏ မျက်လုံးတို့ကို ကျီးငှက်တို့သည် နှုတ်သီးဖြင့် ထိုးဆွ နေကြ၏။ ဝတ်ပန်းပွင့်နှင့် မတန်အောင် မသေ မရှင် ဆင်းရဲဒဏ်ကို ခံနေရရှာ၏။

တဏှာ့ကျွန်     သို့သော် ခိုးသား လုလင်၏ စိတ် အစဉ်ကမူ "တံကျင် အလျှိုခံရခြင်း၊ ကျီးထိုး ခံရခြင်းသည် ငါ့ကို မဆင်းရဲစေပါ၊ ငါ့ဇနီး သာမာ ကလေးဟာ ဝတ်ပန်းရောင် ဆာရီကလေးဝတ်ပြီး ငါနဲ့အတူ ရွှေလက်တွဲကာ နက္ခတ်ပွဲမှာ ပျော်ပွဲမဆင်ရရှာပါလားလို့ တွေးမိလိုက်မှဖြင့် ငါ့နှလုံး ကွဲမလောက် ဆင်းရဲလှပါတယ်" ဟု စဉ်းစားကာ စိုးရိမ်ပူဆွေးနေ၏။ မကြာမီပင် ခိုးသားလုလင် သေဆုံး၍ ငရဲပြည်၌ ငရဲဆင်းရဲကို ခံစားရပြန်၏။

တဏှာကျွန်သည် ခိုးလည်း ခိုးဝံ့၏။ သတ်လည်း သတ်ဝံ့၏။ တဏှာ ခိုင်းစေရာ ခံနေရသော တဏှာ့ကျွန် မလုပ်ဝံ့သော အရာ လောကမှာ မရှိပေ။ ဆိတ်လောက်မှ မလိမ်မာသော ဤ တဏှာ့ကျွန် သူခိုးလုလင်သည် ပစ္စုပ္ပန်မှာလည်း ဆင်းရဲရ၏။ တမလွန်မှာလည်း ဆင်းရဲရ၏။  
(ပုပ္ဖရတ္တဇာတ် ကို မှီးသည်။)

အဝတ် သူခိုးမ

ဣဿာ၏ ဒဏ်ချက်     ရှေးက ပြည့်တန်ဆာမ တယောက်သည် ရုပ်ရည် ချောမောသလောက် ဆံပင်ကောင်းလှသဖြင့် သူ၏ ဆံပင်အလှကို မနာလိုကြသော အမျိုးသမီးများသည် သူ၏ ခေါင်းလျှော်ရည်ထဲ၌ ဆံပင်ကျွတ်ဆေးများကို တိတ်တဆိတ် ထည့်ခတ်ထားလိုက်ကြ၏။ ထို ပြည့်တန်ဆာမ ခေါင်းလျှော်သောအခါ ဆံပင်အားလုံး ကျွတ်ကုန်သဖြင့် ခေါင်းတုံးပြောင်လျက်နေ၏။ ဤအဖြစ်ကို ရှက်လှသော ပြည့်တန်ဆာမသည် မြို့တွင်း၌ မနေပဲ မြို့ပြင် မထင်မရှားတနေရာတွင် အရက်ဆိုင်ဖွင့်လျက် အသက်မွေးဝမ်းကျောင်းနေလေ၏။

အကုသိုလ်ကံ     တနေ့တွင် အရက်မူးသမား သုံးလေးယောက်အရက် အမူးလွန်ကာ အိပ်ပျော်သွားကြသော အခါ သူတို့ကိုယ်မှ အဝတ်များကို ဆိုင်ရှင် အမျိုးသမီးက ချွတ်ယူပြီးလျှင် တရပ်တကျေးသို့ သွားရောက် နေထိုင်လေသည်။

ကုသိုလ်ကံ     ကာလ အတန်ကြာသော် ဆွမ်းခံကြွလာသော ရဟန္တာ မထေရ်မြတ် တပါးကို ထို အမျိုးသမီးဖူးမြင်ရ၍ ကြည်ညိုလှသဖြင့် အိမ်သို့ ပင့်ကာ မွန်မြတ်သော နှမ်းညက်မုန့်ကို ကပ်လှူ၏။ "ဤ ကောင်းမှုကြောင့် တပည့်တော်မ၏ ခေါင်း၌ နူးညံ့ပျော့ပျောင်း ကောင်းမွန်ရှည်လျားအဖျားကော့တက်သော ဆံပင်များ ပေါက်ရပါလို၏" ဟုဆုတောင်း၏။

ဆိုးကျိုးရော ကောင်းကျိုးပါ     ထိုအမျိုးသမီး ကွယ်လွန်သောအခါ သမုဒ္ဒရာ အလယ်၌ ရွှေဗိမာန်တွင် စံသည့်အခါ စံရ၍ ငရဲ၌ ခံသည့်အခါ ခံရသော ဝေမာနိက ပြိတ္တာ ဖြစ်ရ၏။ ရွှေဗိမာန်တွင် လေးလ စံ၍ ငရဲတွင် လေးလ ခံရ၏။ ရွှေဗိမာန်တွင် စံရသော်လည်း အဝတ်ခိုးခဲ့သည့် အကုသိုလ် ကံကြောင့် ဝတ်စရာ အဝတ် မရှိသဖြင့် ကိုယ်လုံးတီး စံနေရ၏။ သို့သော်လည်း ရဟန္တာ အရှင်မြတ်အား ရိုရိုသေသေ နှမ်းညက်မုန့် လှူပြီးလျှင် ဆုတောင်းခဲ့သဖြင့် ရှည်လျား များပြား အဖျားကော့တက်သော ဆံပင်များ ရှိ၍ ထို ဆံပင်များဖြင့် အရှက်လုံအောင် ဖုံးကွယ်ထားရ၏။

ဤ ပြိတ္တာမ အဝတ် မရှိခြင်းနှင့် ငရဲ ခံရခြင်းမှာ အဝတ်ခိုးမှု အကုသိုလ် ကံကြောင့် ဖြစ်၏။ ကောင်းမွန် လှပသော ဆံပင်နှင့် ရွှေဗိမာန်၌ စံရခြင်းမှာ ရဟန္တာအား နှမ်းညက်မုန့်လှူသော ကုသိုလ် ကံကြောင့် ဖြစ်၏။

အဒိန္နာဒါနမှ ရှောင်ကြဉ်ကျိုး

ပိုင်ရှင်က ကြည်ဖြူစွာ မပေးသော ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်၍ အကျိုးရပုံကို ပါမောက္ခ ဆရာကြီး၏ သမီးအလိမ္မာနှင့် ထိမ်းမြား လက်ထပ်ရသော တပည့်၏ ဖြစ်ရပ်ကို ပြန်၍ ကြည့်ပါ။

ကာမေသု မိစ္ဆာစာရ ကံ၏ ဆိုးကျိုးများ

ယောကျ်ားများသည် မိမိ၏ ဇနီးမှ တပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမ တို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း  =  ကာမေသု မိစ္ဆာစာရ ဖြစ်၏။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းသည်မှ တပါး အခြား ယောကျ်ား တို့နှင့် ပျော်ပါးလျှင် ကာမဂုဏ် တို့၌ မှားယွင်းစွာ ကျင့်ခြင်း = ကာမေသု မိစ္ဆာစာရ ဖြစ်၏။ ဤ မိစ္ဆာစာရကို ကျူးလွန်သူသည်-
အပါယ် လားရခြင်း၊
မိန်းမ ဖြစ်ရခြင်း၊
နပုံးပဏ္ဍုက် ဖြစ်ရခြင်း၊
အများအမုန်း ခံရခြင်း၊
ရန်သူ များခြင်း၊
စိုးရိမ်ကြောင့်ကြ များရခြင်း၊
ချမ်းချမ်းသာသာ မနေရခြင်း၊
ချစ်သူနှင့် ကွဲရခြင်း၊
မျက်နှာ မကြည်လင် မရွှင်ပျခြင်း
စသော ဆိုးကျိုးများကို ခံစားရ၏။

ဤ မိစ္ဆာစာရ အမှုကို ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ခံစားရ၏။  (ဣတိဝုတ်-ဋ္ဌ၊  ၂၂၄)

မိစ္ဆာစာရ ရှောင်ကြဉ်ကျိုးများ

သူ့လင် သူ့မယား၊ မပြစ်မှားပဲ၊ ရှောင်ရှားလေမူ၊ ထိုသည့်သူကား၊ ရန်သူကင်းငြား၊ ချစ်သူများ၍၊ ယောကျ်ားပီသ၊ ချမ်းသာလှ၏၊ ကြောင့်ကြစိုးပူ၊ မရှိမူပဲ၊ ချစ်သူနှင့်တွဲ၊ ပျော်ရွှင်မြဲမို့၊ စိတ်လဲ ရွှင်ကြည်၊ မျက်နှာ ကြည်သည်၊ နတ်ပြည်သို့ ဖြေင့်တန်း သူ၏ လမ်း။

သူတပါး သားမယား ပစ်မှား သူ၏ အဖြစ်ဆိုး

မိစ္ဆာစာရကံ     ရှေးက ဧရကစ္ဆမြို့တွင် ရွှေပန်းတိမ် လုပ်ငန်းဖြင့် ချမ်းသာ ကြွယ်ဝနေသူ လုလင် တယောက်ရှိ၏။ ပန်းထိမ် ဆရာကလေးသည် ပစ္စည်းလည်း ကြွယ်ဝ၊ အရွယ်ကလည်း ကောင်းသဖြင့် အပျော်အပါး များလှ၏။ ကာမပိုင် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ရုပ်ရည် ချောမောသော အမျိုးသမီးမှန်သမျှ ပန်းထိမ် ဆရာလေးနှင့် လွတ်ကင်းသူ အလွန်ရှား၏။

ဆိုးလှသည့် အဖြစ်     ထို ပန်းထိမ် ဆရာလေး ကွယ်လွန်သော အခါ ထို မိစ္ဆာစာရ ကံကြောင့် ငရဲ၌ ကျရောက်ရ၏။ ငရဲမှ လွတ်ပြန်သောအခါ မျောက်ဘဝ၌ ဖြစ်ရပြန်၏။ မျောက်ကလေး ၇ ရက်သား ရှိသောအခါ သင်းအုပ်မျောက်ကြီးက ဝှေးစေ့ကို ပါးစပ်ဖြင့် ကိုက်ထုတ်ကာ သင်းကွပ်ပစ်လိုက်၏။ မျောက်ဘဝမှ သေလွန်သောအခါ ဆိတ် ဘဝ၌ ဖြစ်ရပြန်၏။ ဆိတ် ဘဝ၌လည်း သင်းကွပ် ခံရပြန်၏။ နောက်တဘဝတွင်မူ နွား ဖြစ်ရ၍ တနှစ်သား အရွယ်တွင် သင်းကွပ်ခံရပြန်၏။ မျက်စိလည်း ကန်းရ၏။ မျက်စိကန်း၍ မကျန်းမမာသော်လည်း ထွန်ဆွဲရ လှည်းရုန်း ရ၏။

နောက် တဘဝတွင်မူ ကျွန်မ၏ သား ဖြစ်ရ၏။ သားဆိုသော်လည်း ယောကျ်ား မဟုတ် မိန်းမ မဟုတ် နပုံးပဏ္ဍုက်သာ ဖြစ်၏။ အသက်သုံးဆယ်တွင် သေဆုံး၍ ဆင်းရဲ မွဲတေလှသော လှည်းကူလီ၏ သမီး ဖြစ်ရပြန်၏။ လှည်းကုန်သည်ကြီးသည် ထို လှည်းကူလီထံမှ သမီးကို ကြွေးဖြင့် သိမ်းပိုက်လိုက်၏။ မိန်းကလေး ဆယ့်ခြောက်နှစ်အရွယ် ရောက်သောအခါ မယားကြီး လက်ရှိဖြစ်သော လှည်းကုန်သည်ကြီး၏ သားက ချစ်လှပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်၏။ ခင်ပွန်းသည်နှင့် မယားကြီးကို စိတ်ကြည်သာကြပါစေ သဘောနှင့် ဝတ္တရား ကျေပွန်အောင် နှိမ်ချသော စိတ်ထားဖြင့် ဘယ်လိုပင် ပြုငြားသော်လည်း ချစ်ခင်မှုကို မရ၊ အမုန်းသာ အဖတ်တင်ခဲ့၏။

ဘဝများစွာ ဆင်းရဲပါ     ထိုဘဝမှ သေဆုံးရပြန်သော် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် ဥဇ္ဇေနီ ပြည်၌ ချမ်းသာ ကြွယ်ဝလှသော သဌေး၏ တဦးတည်းသော သမီး ဖြစ်လာ၏။ အရွယ်ရောက်သောအခါ သာကေတ သဌေးသားနှင့် လက်ထပ် ထိမ်းမြားရ၏။ ခင်ပွန်းသည်နှင့် ပတ်သက်သမျှ မိဘ၊ မောင်နှမ၊ ဆွေမျိုးများပါ မကျန်ရအောင် ပေးတန်သည်ကို ပေး၊ ကျွေးတန်သည်ကို ကျွေးကာ ဝတ္တရားကျေအောင် ဆောင်ရွက် ပြုစုသော်လည်း မျက်နှာကောင်းမရပဲ လင်ပစ် ခံရပြန်၏။ ဤနည်းဖြင့် အိမ်ထောင် သုံးဆက်တိုင်တိုင် လင်ပစ်မ ဘဝနှင့် ဒုက္ခ လှလှကြီးရောက်ခဲ့ရ၏။

လူချမ်းသာ ပန်းထိမ်ဆရာကလေး ဘဝက ငွေကို ရေလိုသုံးကာ ပျိုသော အိုသော မချန် ဖောက်ပြန် ကျူးလွန်ခဲ့သော ကာမေသု မိစ္ဆာစာရ ကံ၏ ဆိုးကျိုးကား ကြီးမားပြင်းထန်လှချေ၏။

နိဂုံး     နောက်ဆုံးတွင် ဇိနဒတ္တာ ထေရီမ နှင့် တွေ့၍ ဘိက္ခုနီမပြုကာ တရားကျင့်မှပင် ရဟန္တာမ ဖြစ်ကာ မိစ္ဆာစာရ အကုသိုလ်၏ အကျိုးများ အဆုံးသတ်သွားတော့၏။

မုသာဝါဒ ကံ၏ ဆိုးကျိုးများ

မုသာဝါဒ သဘာဝ     သူတပါး၏ အကျိုးစီးပွါးကို ထိခိုက်ပျက်ပြား စေသော လိမ်ညာမှု လှည့်ပတ်မှု ဟူသမျှသည် ဆိုးကျိုး ရစေနိုင်လောက်အောင် ကံမြောက်သည့် မုသာဝါဒ ချည်း ဖြစ်သည်။ နှုတ်ဖြင့် မပြောပဲ ကိုယ် အမူအရာဖြင့် လိမ်ညာလျှင်လည်း မုသာဝါဒ ပင်။

သတပါး၏ အကျိုးစီးပွါးကို မထိခိုက်စေပဲ တစုံတယောက်အကျိုးရစေလို၍ ပရိယာယ်သုံးခြင်း၊ အမှားကို သိစေခြင်း၊ ရယ်မြူးလို၍ ပြောဆို ပြုမူခြင်းများမှာ မုသာဝါဒပင် ဖြစ်စေကာမူ ဆိုးကျိုး ရစေနိုင်လောက်အောင် ကံ မမြောက်ပေ။

မြတ်စွာဘုရားသည်ပင် နန္ဒမင်းသား တရားရစေလို၍ နတ်သမီးတွေကို ရစေနိုင်သည့် နည်းလမ်းဟု ပရိယာယ်သုံးကာ တရားအကျင့် ခိုင်းတော်မူရ၏။

မမှန်စကား မုသားပြောဆိုသော သူသည်-

အပါယ်သို့ လားရောက်ခြင်း၊
မျက်စိ၊ နား၊ နှာ စသော ဣန္ဒြေများ မကြည်လင်ခြင်း၊
စကား မပီခြင်း၊ ဗလုံးဗထွေး ပြောတတ်ခြင်း၊
သွား မညီခြင်း၊
ပါးစပ် ပုပ်ခြင်း၊
အသားအရည် မစိုပြည်ပဲ မွဲခြောက်ခြင်း၊
ကိုယ်ခန္ဓာ အချိုးမကျခြင်း၊
ဩဇာ မရှိခြင်း၊
နှုတ်ကြမ်း လျှာကြမ်းခြင်း၊
စိတ် မတည်ခြင်း
စသော ဆိုးကျိုးများကို ရတတ်၏။

မုသာဝါဒကို ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရနိုင်၏။
(ဣတိဝုတ်-ဋ္ဌ၊ ၂၂၄)

မုသာဝါဒ ရှောင်ကြဉ်ကျိုးများ

လှည့်စားလိမ်ညာ၊ ရှောင်ကြဉ်ခွာ၍၊ သစ္စာစကား၊ ပြောဆိုငြားမူ၊ စကားလည်း ပီ၊ သွားလည်း ညီ၍၊ သားရည်စိုပြည်၊ ကိုယ်နေလှပ၊ အချိုးကျ၏၊ နှုတ်ကချိုသာ၊ ထက်ဩဇာနှင့်၊ စိတ်မှာတည်လျင်း၊ ပျံ့လွင့်ကင်း၍၊ ခံတွင်းနံကြိုင်၊ သင်းပျံ့လှိုင်သည်၊ ပိုင်ပိုင်တက်လှမ်း နတ်တို့နန်း။

လိမ်ညာရမှာ ကြောက်စရာ

ဟိမဝန္တာ     ဟိမဝန္တာ တောကြီးသည် အတွင်းပိုင်းရောက်လေ တောနက်လေ ဖြစ်၏။ မြင့်မားသော သစ်ပင်ကြီးများ၊ ရေအိုင်ကြီးများ၊ မြစ်ငယ် ချေင်းငယ်များ၊ လျှိုမြောင်ချောက်ကြားများနှင့် ပြည့်နေ၏။

ခရီးသည် နှစ်ဦး     တောကြီး၏ တနေရာတွင် ရေစီးသန်သော မြစ်လက်တက် တခုသည် ဂင်္ဂါမြစ်မကြီးထဲသို့ တသွင်သွင် စီးဝင်နေ၏။ ထို မြစ်ဆုံနေရာ၌ ရသေ့ကြီးတပါးသည် ခရီးသည် နှစ်ဦးကို စိတ်ရှည် လက်ရှည် လမ်းခရီးအကြောင်း ရှင်းပြနေ၏။ ခရီးသည် နှစ်ဦးအနက် တဦးမှာ ဖြူစင်သော အသားနှင့် ခန့်ညား ချောမောသော ရုပ်သွင်ရှိ၍ အခြား တဦးမှာ ညိုမှောင်သော အသားနှင့် ကြမ်းတမ်းသော ရုပ်သွင် ရှိ၏။

ခရီးသည် နှစ်ဦးသည် ရသေ့ကြီးကို ရိုသေစွာ ကန်တော့ပြီးလျှင် မြစ် လက်တက်၏ ကမ်းစပ်အတိုင်း မြစ်ညှာသို့ ခရီးဆက်ခဲ့ကြ၏။ မြစ်လက်တက်မှာ ရေစီးသန်လှသဖြင့် မြစ်တွင်းက သွား၍ မဖြစ်ပေ။ လူသူ မရာက်သည့် နေရာ ဖြစ်သဖြင့် လျှိုမြောင် ချောက်ကြားနှင့် ကျောက်တုံးကြီးများကို ကျော်လွှား ဖြတ်သန်းကာ သွားနေရသောကြောင့် ခရီး မတွင်လှပေ။ သို့သော်လည်း ခရီးသည် နှစ်ဦး၏ မျက်နှာတွင် စိတ်ပျက်အားလျော့သည့် အသွင် မရှိပဲ စိတ်အား ထက်သန်သည့် အသွင်သာ ပေါ်လွင်နေ၏။

ကဏ္ဏမုဏ္ဍ အိုင်     သုံးယူဇနာခန့် သွားမိသောအခါ တောင်ခေါင်းတခုကို တွေ့ရ၏။ အချိန်ကလည်း မှောင်စပျိုး၍ မိုးချုပ်နေလေပြီ။ ဤနေရာ၌ မြစ်လက်တက်သည် တောင်ခေါင်းအတွင်းမှ စီးဆင်းလာ၏။ ခန့်ညား ချောမောသော ခရီးသည်သည် သူ့အဖော် ခရီးသည်ကို လာလမ်းအတိုင်း ပြန်လွှတ်လိုက်၏။ သူကမူ အသင့်ပါလာသော မီးရှူးတိုင်ကို မီးညှိထွန်းပြီးလျှင် တောင်ခေါင်း အတွင်းသို့ ဝင်သွား၏။ မှောင်မိုက်လှသော တောင်ခေါင်းအတိုင်း တညလုံး ခက်ခက်ခဲခဲဖြင့် ခရီးဆက်ခဲ့ရာ မိုးလင်းသောအခါ တောင်ခေါင်း၏ တဘက်ပေါက်မှ ထွက်မိလျက် ရှိလေပြီ။ မြစ်လက်တက်အတိုင်း အတန်ကြာမျှ ခရီးဆက်မိ၍ မြစ်လက်တက် ဆုံးသောအခါ ကြီးမာလှသော ရေအိုင်ကြီး တအိုင်ကို တွေ့ရ၏။ ဤအိုင်ကြီးကား ကဏ္ဏမုဏ္ဍ အိုင်ကြီးဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်း     ရေအိုင်ကြီး၏ အနီးတွင် သီးပင်မျိုးစုံ ပန်းပင်မျိုးစုံ တို့ဖြင့် အလွန် သာယာလှသော ဥယျာဉ်ကြီးကို တွေ့ရ၏။ သရက်ပင်တို့မှာမူ အခြား သစ်ပင်တို့ထက် ပိုမိုများပြား၏။ ခရီးသည်ကြီး ဥယျာဉ်အတွင်းသို့ ဝင်မိလိုက်လျှင်ပင် သူ တကြိမ်တခါမျှ မတွေ့ဘူးသော နတ်သမီးတမျှ ချောမောလှပသည့် အမျိုးသမီး တသိုက်သည် သူ့အနီးသို့ ဝိုင်းအုံရောက်လာကြကာ ရိုသေလှိုက်လှဲစွာ ခရီးဦးကြိုပြီးလျှင် ရွှေရောင် ငွေရောင် ရတနာရောင် တို့ဖြင့် ဝင်းပြောင် တောက်ပနေသော ပြာသာဒ်တောင် ဘုံနန်းပေါ်သို့ပင့်ခေါ်သွားကြ၏။

ရွှေဘုံမြနန်းပေါ်သို့ ရောက်သောအခါ မွှေးကြိုင်လှသော နံ့သာရည်တို့ဖြင့် ရေချိုးပေးကြပြီးလျှင် နတ်သုဒ္ဓါတမျှ အရသာရှိလှသော စားကောင်း သောက်ဖွယ်တို့ကို ကျွေးမွေးကြပြီးနောက် ရတနာခုနစ်ပါး စီခြယ်ထားသော သလွန်ညောင်စောင်းပေါ်၌ နားနေ အိပ်စက်စေ၏။

ခရီးသည်ကြီးကား ဗာရာဏသီပြည့်ရှင် ဘုရင်မင်းတရားကြီးတည်း။ သူသည် လူသူမနီးသော ဟိမဝန္တာ တောကြီးအလယ်၌ နတ်မိမယ်တမျှ တင့်တယ်လှပသော အမျိုးသမီးတို့ကို တွေ့ရသော်လည်း အံ့အားသင့်ခြင်း၊ အံ့ဩခြင်း မဖြစ်ပေ။ အကြောင်းမှာ ထူးဆန်းလှသော ဤ အမျိုးသမီးတို့၏ သတင်းကို သူပြန်လွှတ်လိုက်သော လမ်းပြ မုဆိုးကျော်ထံမှ ကြားသိရ၍ ဤ အမျိုးသမီးများကို မြင်လို တွေ့လိုသော ဇောဖြင့် ဤ တောနက်ထဲသို့ ခက်ခဲပင်ပန်းစွာ လာရောက်ခြင်း ဖြစ်သောကြေင့်ပင်။

ရေငတ်နေသူများ     နှစ်ပေါင်းများစွာ အဖော်မဲ့နေမှုကြောင့် အဖော်ဆာနေကြသော ဤ အမျိုးသမီးများမှာ ရေငတ်တုန်း ရေတွင်းထဲ ကျသကဲ့သို့ ရုတ်တရက် ဤ မင်းကြီးကို တွေ့ရသောအခါ အငမ်းမရ ဝိုင်းဝန်း ပြုစုကြတော့၏။ အမျိုးသမီးများမှာ ငါးရာမျှ ရှိ၍ မင်းကြီးမှာ ခေါင်းဆောင် အမျိုးသမီးနှင့်သာ နေ့ရော ညပါ အတူနေရ၏။ ကျန်အမျိုးသမီးများမှာ ခေါင်းဆောင် အမျိုးသမီး၏ အခိုင်းအစေများ ဖြစ်ကြဟန် တူပေသည်။

မင်းကြီးမှာ သာယာလှသော ဥယျာဉ်ကြီးအနီး ရတနာရောင် တပြောင်ပြောင် တောက်ပနေသော ရွှေဘုံမြနန်းကြီးအတွင်း၌ နတ်မိမယ်တမျှ လှလွန်းလှသော အမျိုးသမီးတို့၏ အမျိုးမျိုးသော အပြုအစု အယုအယ တို့၏ အကြားဝယ် စည်းစိမ် ခံစားနေရရာ ဗာရာဏသီပြည်ကြီးနှင့်တကွ ထီးနန်းစည်းစိမ်ကိုပါ အမေ့ကြီး မေ့နေတော့၏။

ဗာရာဏသီ ထီးနန်းစည်းစိမ်နှင့် နှိုုင်းစာလျှင် ဆီးသီးစေ့နှင့် မြင့်မိုရ်တောင်ပမာ ကွာခြားလှသော ဤ စည်းစိမ်ကို မင်းကြီးခံစားနေခဲ့ရာ နှစ်ပေါင်း တရာ့ငါးဆယ်မျှ ကြာသွား၏။

ထူးဆန်းသောည     တညတွင် ညကြီးသန်းခေါင်အချိန်၌ သူ၏ကြင်ယာ အမျိုးသမီးသည် သူနှင့်အတူ အိပ်စက်နေရာမှ အသာထ၍ နန်းပြသာဒ် အောက်သို့ အိပ်စက်နေရာမှ အသာထ၍ နန်းပြသာဒ် အောက်သို့ တယောက်တည်း ဆင်းသွားသည်ကို သတိပြုမိလိုက်၏။ ထူးဆန်းလှသဖြင့် မင်းကြီးသည် အိပ်ရာမှ ထပြီးလျှင် မလှမ်းမကမ်းမှ မသိမသာ နောက်ယောင်ခံ၍ လိုက်သွား၏။

အမျိုးသမီးသည် ရေအိုင်ကြီးဆီသို့ လေးလံသော ခြေလှမ်းများဖြင့် အိမ်မက်မက်ယင်း သွားနေသူကဲ့သို့ ဖြည်းဖြည်းလေးလေးကြီး သွားနေ၏။ ရေအိုင်ကြီး အနီး၌ ထူးဆန်းသောအိုင်ငယ် တခုရှိရာ ထို အိုင်ငယ်၏ ကမ်းပေါ်သို့ ရောက်သောအခါ ကမ်းပေါ်၌ ရပ်၍ အိုင်ကြီးအတွင်းသို့ ကြည့်နေ၏။ သူရပ်နေသည်မှာ လရောင်ကျရာ နေရာ၌ ရပ်နေခြင်းဖြစ်၍ သူ့မျက်နှာတွင် ညှိုးငယ်၍ တုန်လှုပ်ချောက်ချားလျက် တစုံတရာ မျှော်လင့် စောင့်စားနေသည့် အသွင်ကို မင်းကြီး မလှမ်းမကမ်းမှ တွေ့မြင်နေရ၏။

ကြောက်မက်ဖွယ်ည     ခဏမျှ အကြာတွင် ရေအိုင်ငယ်အတွင်းမှ ဆင်ပေါက်ငယ်တမျှ ကြီးမားလှသော ကြောက်မက်ဖွယ်ရာ ခွေးနက်ကြီးတကောင် တက်လာပြီးလျှင် အမျိုးသမီးဆီသို့ သွားနေ၏။ ခွေးနက်ကြီးမှာ နားရွက် မပါပေ။ မျက်လုံးကြီးများမှာ နီရဲနေ၏။ ကြီးမား၍ ဖြူဖွေးနေသော အစွယ်ကြီးများ၊ တွဲလျားကျနေသည့် လျှာကြီး အပြင်ရှည်လျား ကြီးမားလှသည့် ခြေသည်းကြီးများနှင့် ကြမ်းတမ်းပုံရသည့် အမွေးရှည်ကြီးများ ရှိ၍ မင်းကြီးမှာ ကျောစိမ့်အောင်ကြောက်သွေးတွေ ဝင်လာ၏။

တောနက်ကြီးအလယ် တိတ်ဆိတ်လှသော ညသန်းခေါင်အချိန်ကြီးဝယ် ကြောက်စရာ ကောင်းလှသော ဤသတ္တဝါနက်ကြီး တရွေ့ရွေ့ သွားနေပုံနှင့် ဤ သတ္တဝါကြီး မိမိထံလာနေပါလျက် ပြေးရမှန်း မသိပဲ အနည်းငယ်မျှ မလှုပ်ရှားပဲ လူသေကောင်ကြီးသဖွယ် တောင့်တောင့်ကြီး ရပ်နေသော အမျိုးသမီး။ မြင်ကွင်း တခုလုံးကား စိတ် ချောက်ချားဖွယ် ကောင်းလှ၏။ မင်းကြီးသည် မိမိမှာ မည်သည့် လက်နက်မျှ မယူဆောင်ခဲ့မိသဖြင့် ဒီ သတ္တဝါကြီးများ ငါ့ကို မြင်လို့ ငါ့ဆီလာလိုက်မှဖြင့် ဟု တွေးမိကာ ကြက်သီးထသွား၏။

သတ္တဝါကြီးသည် အမျိုးသမီး အနီးသို့ ရောက်သည်နှင့် တပြိုင်နက် အမျိုးသမီး၏ လည်မျိုကို ကိုက်ခဲလိုက်ကာ မြေပေါ်သို့ လှဲချလိုက်ပြီးလျှင် တကိုယ်လုံးရှိ အသားများကို စားပစ်လိုက်ရာ တခဏ အတွင်းမှာပင် အရိုးစုမျှသာ ကျန်သည်အထိ ဖြစ်သွား၏။ ထိုအခါမှ သတ္တဝါကြီးသည် အရိုးများကို ကိုက်ချီကာ အိုင်ငယ် အတွင်းသို့ ပစ်ချလိုက်ပြီးလျှင် အိုင်ထဲသို့ ဆင်းသွားပြီးနောက် ပျောက်ကွယ်သွားတော့၏။

ဆန်းလွန်းလို့     ခဏချင်းပင် အိုင်ထဲမှ မိန်းမ တယောက် တက်လာသည်ကို တွေ့ရ၏။ သေချာစွာ ကြည့်သောအခါ မကြာမီ မိနစ်ပိုင်း အတွင်းက ခွေးနက်နားရွက်တိုကြီး အစားခံလိုက်ရသော မိမိ၏ ကြင်ယာ အမျိုးသမီး ဖြစ်နေသည်ကို တွေ့ရ၍ မင်းကြီး အလွန်အမင်း အံ့ဩသွား၏။

အဖြစ်အပျက်တို့က လျင်မြန် လှ၏။ တခဏချင်း အတွင်းမှာပင် မယုံကြည်နိုင်လောက်အောင် ထူးဆန်းသော အဖြစ်အပျက်တို့ကို မိမိ မျက်စိရှေ့တွင် လျှပ်ပြက်သကဲ့သို့ ဖြစ်ပျက်သွားကြသည်ကို တွေ့ရသော မင်းကြီးသည် အံ့အား သင့်ကာ ကြက်သေ သေနေ၏။ သို့သော် အိုင်ထဲမှ တက်လာသော သူ၏ ကြင်ယာ အမျိုးသမီး ရွှေဘုံဗိမာန်ဆီသို့ ပြုံးရွှင် ကြည်လင်သော မျက်နှာဖြင့် ပြန်လာနေသည်ကို သတိပြုမိမှပင် ချက်ချင်းပြန်လှည့်ကာ အမျိုးသမီး မမြင်မီ အိပ်ခန်းသို့ ရောက်အောင်ပြန်ခဲ့ပြီးလျှင် သလွန်ညောင်စောင်းတွင် လျောင်းကာ အိပ်ပျော်ဟန် ဆောင်နေလိုက်၏။

ဣန္ဒြေမပျက်     အမျိုးသမီးသည် အိပ်ခန်းသို့ ပြန်လာပြီးလျှင် အာမျှ မဖြစ်သကဲ့သို့ပင် အိပ်နေလေ၏။ နံနက်လင်းသော အခါ၌လည်း မည်သို့မျှ မထူးခြားပဲ မင်းကြီးကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြုစုမြဲ ပြုစု၏။ မင်းကြီးလည်း ဘာတခွန်းမျှ မမေး မမြန်းပဲ ဘာမျှ မသိသလို ဟန်မပျက် နေလိုက်၏။ သို့သော် ညက တွေ့လိုက် မြင်လိုက်ရသော ထူးဆန်းလှသည့် မြင်ကွင်းကိုမူ မင်းကြီး၏ စိတ်အစဉ်မှ ဖယ်ထုတ်လို့ မရပေ။ စိတ် မေးခွန်းတွေသာ ထပ်ခါတလဲလဲ မေးနေ၏။ အဖြေကားပေါ်မလာပေ။

ငရဲခွေးကြီး၏နိဂုံး     ဒုတိယ ည၌လည်း ပထမ ညကအတိုင်းပင် တွေ့ရပြန်၏။ တတိယ ညတွင်မူ မင်းကြီးသည် လက်စွဲတော် လေးကို ယူသွား၏။ အမျိုးသမီးကို ခွေးနက် နားရွက်တိုကြီး ကိုက်ခဲနေစဉ် ခွေးနက်ကြီးကိုလေးဖြင့် ပစ်လိုက်ရာ နေရာတွင်ပင် လဲကျ သေဆုံးပြီး ပျောက်ကွယ်သွား၏။ အမျိုးသမီးကိုလည်း ရိုက်နှက်ပြီးလျှင် အိုင်ငယ်ထဲသို့ ပစ်ချလိုက်ရာ ယခင် ညများမှာလိုပင် ပြုံးရွှင် ကြည်လင်သော ပကတိ ရုပ်သွင်ဖြင့် အိုင်ထဲမှ တက်လာသည်ကို တွေ့ရ၏။

ဇာတ်ကြောင်းပြန်     မင်းကြီးသည် ယခင် ညများကလို အိပ်ခန်းသို့ မပြန်ပဲ ကမ်းပေါ်မှပင် အမျိုးသမီးကို စောင့်နေ၏။ အမျိုးသမီး မိမိ အနီးသို့ ရောက်လာမှ "ဘယ်လိုလဲ၊ ထူးဆန်းလှချည်လား၊ ဘယ်လို ဖြစ်တာလဲ ပြောပြ စမ်းပါဦး" ဟု အမျိုးသမီးကို မေးရ၏။ အမျိုးသမီးက.....

သိချင်လို့ ရှိမှတော့ ပြောပြပါ့မယ် အရှင် မင်းကြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာလောက်က ကဿပ မြတ်စွာဘုရား လက်ထက်တော် အခါမှာ ကိမိလ ဆိုတဲ့ မြို့ ရှိခဲ့ပါတယ်။ အဲဒီမြို့မှာ ကျွန်မ နေခဲ့ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းသည်က သောတာပန် အရိယာပုဂ္ဂိုလ်ဆိုတော့ အပေါင်းအဖော် ဥပါသကာ ငါးရာနဲ့အတူ ကောင်းမှု ကုသိုလ်လုပ်ငန်းတွေကိုပဲ ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ ဇနီးသည် တွေကလဲ ရတနာသုံးပါး ကိုင်းရှိုင်းတဲ့ ဥပါသိကာမတွေ ဖြစ်တော့ ခင်ပွန်းသည်တွေနဲ့ တန်းတူ ကုသိုလ်ကောင်းမှုတွေကိုပဲ ပြုလုပ်ကြပါတယ်။

သို့သော်လဲ တနေ့မှာ ယောကျ်ား တယောက်က နည်းအမျိုးမျိုးနဲ့ သွေးဆောင်တော့ ကျွန်မလဲ စိတ်မနိုင်ပဲ အဲဒီ ယောကျ်ားနဲ့ ဖောက်ပြား ကျူးလွန်မိပါတယ်။ ဒါကို ကျွန်မ အဖော် အမျိုးသမီးများလဲ သိကြပါတယ်။ ဒီ ကိစ္စ ခင်ပွန်းသည် သိလို့ မေးတော့ ကျွန်မက မဟုတ်ရကြောင်း ငြင်းရုံမကပဲ "ရှင် ပြာသလို မဖောက်ပြားရရိုး အမှန်ပါ၊ တကယ်လို့ ဖောက်ပြားမိယင် ဟောဒီခွေးနက် နားရွက်တိုကြီးရဲ့ အစား ခံရပါစေသား" လို့အနားမှာ ရှိနေတဲ့ ခွေးနက် နားရွက်တိုကြီးကို လက်ညှိုးထိုးပြပြီး မုသားကျိန်စာ ဆိုခဲ့ပါတယ်။

အခု ည ညမှာ အရှင်မင်းကြီး မြင်ရတဲ့ အတိုင်း ကျွန်မ ခွေးနက်ကြီး အစားခံရတာဟာ ဘဲဒီ ဖောက်ပြားမှုနဲ့ လိမ်ပြောမှု အကုသိုလ်ကံတွေကြောင့် ပါပဲ။ နေ့အခါမှာ စည်းစိမ် ခံစားရတာကတော့ ရတနာသုံးပါး ဆည်းကပ်ပြီး ကောင်းမှု ကုသိုလ်တွေ ပြုခဲ့လို့ပါပဲ။

ဒါဖြင့်ယင် မင်းတို့က လူတွေလား၊ နတ်တွေလား၊ ဘာတွေလဲ။

ကျွန်မတို့က လူလဲ မဟုတ်၊ နတ်လဲ မဟုတ် ပါဘူး။ ဝေမာနိက ပြိတ္တာ တွေပါ။ ကုသိုလ်ကောင်းမှုကြောင့် နေ့အခါမှာ နတ်စည်းစိမ် ခံစားရပါတယ်။ ည အခါမှာတော့ မကောင်းမှု အကုသိုလ်ကြောင့် အခု အရှင်မင်းကြီး မြင်ရတဲ့ အတိုင်း ငရဲ ဆင်းရဲတမျိုးကို ခံစားရပါတယ်။

နေပါဦး၊ ဟို.... မင့် အဖော်တွေကတော့ကော၊ ဘယ်လိုလဲ။

သူတို့က ကျွန်မ ဖောက်ပြားတာ သူတို့ မသိရကြောင်းလိမ်ပြောပြီး သူတို့ပြောတာ မမှန်လျှင် ကျွန်မရဲ့ ကျွန်မတွေ ဖြစ်ရပါစေသားလို့ မုသား ကျိန်စာဆိုလို့ အခု ကျွန်မရဲ့ အခိုင်းအစေတွေ လာဖြစ်နေကြတာပါ။

ထိတ်လန့်သံဝေဂ     ထိုအခါမှ မင်းကြီးသည် သူ့ကိုယ်သူ အရှင်လတ်လတ် ပြိတ္တာဘုံ ရောက်ကာ ပြိတ္တာမ တွေနှင့် ပေါင်းဖော်နေမိကြောင်း သိရပြီး ထိတ်လန့် တုန်လှုပ်သွား၏။ ထိုမိန်းမလှတို့ကို ချစ်ခင်နှစ်သက် တပ်မက်စိတ်တို့လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့၏။

သီလ ပျက်စီးခြင်းကြောင့် ခံစားရသည့် ဆင်းရဲကျိုးကားကြီးမားလှပေစွဟု ထိတ်လန့် သံဝေဂစိတ်တွေလည်း တဖွားဖွား ဖြစ်ပေါ်နေ၏။

ထို့ကြောင့် သူ့ကို ဗာရာဏသီပြည်သို့ ပြန်ပို့စေလိုကြောင်း သူ့ကြင်ယာ ဝေမနိက မိန်းမလှအား တောင်းပန်၏။

လှတာ မမက်ဝံ့တော့     ပြိတ္တာမကား မင်းကြီးအပေါ်၌ မခွဲနိုင်လောက်အောင်ပင် သံယောဇဉ်ငြိလျက် ရှိနေလေပြီ။ ထို့ကြောင့် သူနှင့်သာ သေတပန် သက်တဆုံး ပေါင်းသင်းနေထိုင်ကာ နတ်စည်းစိမ်ကို ခံစား နေရန် ငိုယိုလျက် အတန်တန် တောင်းပန်၏။ မင်းကြီးကလည်း ပြန်ပို့ရန်ကိုသာ ထပ်ခါတလဲလဲ တောင်းဆိုနေသဖြင့် ပြိတ္တာမသည် မချိလှသော လွမ်းစိတ်ကို အတင်းမျိုသိပ် ချုပ်တည်းလျက် မင်းကြီး အလိုကျ ဗာရာဏသီပြည်သို့သာ ပြန်ပို့လိုက်ရ၏။  (ပေတ ဝတ္ထု-ဋ္ဌ၊  ၁၄၀)

မုသား ကျိန်စာကြောင့် ခံစားရသည့် ဆင်းရဲကျိုးကား ကြောက်မက်ဖွယ်ရာ ကြီးမားလှချေ၏။

သုရာမေရယ

သုရာမေရယ ဆိုတာ     သောက်သူ၊ စားသူ၊ ရှူသူ တို့ကို မေ့လျော့စေတတ်၊ မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာ ဟူသမျှသည် သေရည်သေရက်၊ သို့မဟုတ် အရက်သေစာ = သုရာမေရယ ချည်းပင်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း စသော မူးယစ်ဆေးရည်လည်း အပါအဝင် ဖြစ်၏။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြား အရက်၊ ထန်းရည်၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်(လ်)အက်(စ်)ဒီ (LSD) စသော မူးယစ်ဆေး ဟူသမျှ အရက်သေစာ = သုရာမေရယ တို့ချည်းသာတည်း။

မကောင်းမှု     ဤ အရက်သေစာ စသော မူးယစ်ဆေးသောက်သုံး မှီဝဲခြင်းသည် သောက်သုံးသူကို ဖြစ်စေ၊ သောက်သုံးသူနှင့် ဆက်စပ်သူကို ဖြစ်စေ၊ နှစ်ဦးစလုံးကို ဖြစ်စေ အကျိုးပျက်ပြားစေတတ်သောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ အကုသိုလ် ဖြစ်၏။

အရက်သေစာ သောက်စား သူသည် အကောင်း အဆိုး အမှား အမှန်ကို ဝေဖန် ခွဲခြားတတ်သော အသိဉာဏ် ကင်းနေသဖြင့် အဆိုးရွားဆုံးဖြစ်သော မကောင်းမှုကိုပင် ကျူးလွန်မိတတ်၏။

အနံ့ အရသာ မထင်ရှားလျှင်     အရက်နံ့၊ အရက် အရသာ မထင်ရှားသော ဆေးဝါးများကိုမူ အရက်ပင် ပါစေဦးတော့ ရဟန်းတော်များသောက်သုံးနိုင်သည်ဟု မြတ်စွာဘုရား ခွင့်ပြုထား၏။ ထို့ကြောင့် ရှင်သာမဏေများနှင့် ဥပုသ်သည်များသည်လည်း ထိုကဲ့သို့သော ဆေးဝါးများ သောက်သုံး မှီဝဲခြင်းကြောင့် သီလ မပျက်စီးကြောင်း မှတ်ယူနိုင်ပေသည်။

သုရာမေရယ ကံ၏ ဆိုးကျိုးများ

အရက်သေစာ သောက်စားသူသည်-
သတိ ကင်းလွတ်ခြင်း
အရှက် မရှိခြင်း
အကောင်း အဆိုး အမှား အမှန် မခွဲခြားတတ်ခြင်း
ခိုက်ရန် ဒေါသ ဖြစ်ပွါးခြင်း
မကောင်းသတင်း ပြန့်နှံခြင်း၊ ကျက်သရေ မရှိခြင်း
ရောဂါ များခြင်း
ကိုယ်လက် အင်္ဂါ တုန်ခြင်း
ဖွားလာသော သားသမီးများ စိတ်ဓာတ် ကျပ်မပြည့်ခြင်း
လုပ်ဆောင်စရာ လုပ်ငန်း ကိစ္စတို့ကို မေလျော့ခြင်း
စီးပွါးပျက်ခြင်းမှ စ၍ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ်၏။
ယင်း အရက်သေစာကို ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးတို့ကို ရနိုင်၏။
(ဒီ၊ ၃၊ ၁၄၈။  ဣတိဝုတ်-ဋ္ဌ၊ ၂၂၄ စသည်။)

သုရာမေရယ ရှောင်ကြည်ကျိုးများ

အရက်သေစာ၊ ရှောင်ကြဉ်ပါမူ၊ ရောဂါလည်း ကင်း၊ ခိုက်ရန် ရှင်း၍၊ သတင်းကောင်းပြေး၊ ရပ်တိုင်း မွှေး၏၊ လုပ်ရေးဆောင်တာ၊ ရှိသောခါလည်း၊ မကွာသတိ၊ လုပ်ဆောင်ဘိ၏၊ ဖွားတည့်လေငြား၊ သမီးသားလည်း၊ စိတ်ထားတည်ကြည်၊ ဟိရီဩတ္တပ်၊ အစဉ်ကပ်လျက်၊ မြဲချပ်သတိ၊ သူ့မှာရှိသည်၊ ဂတိဖြောင့်တန်း ထက်သို့လှမ်း။

အရက်ကြောင့် အဆင်းရဲကြီး ဆင်းရဲရ

အသားစားကြူးသူ     ဗာရာဏသီပြည်၌ ဘုရင် တပါးသည် အရက်နှင့် အသားကို အလွန်ကြိုက်၏။ အရက်မသောက်ပဲ မနေနိုင်သလို အသားမစားပဲလည်း မနေနိုင်ပေ။ အရက်သောက်တိုင်းလည်း အမြည်းအဖြစ် အသားပါရ၏။ အသား မပါပဲလည်း မည်သည့် အခါမျှ ပွဲတော်မတည်ချေ။

ဥပုသ်နေ့များ၌ မာဃတသမယ = သား မသတ်ရဟုတားမြစ်ထားရာ ဥပုသ်နေ့ မတိုင်မီ အလျင်တနေ့က အသားကို ကြိုတင် ဝယ်ထားရ၏။ ထခါသော် ထိုသို့ ကြိုတင်ဝယ်ထားသော အသားကို ခွေးစားသွား၍ ဥပုသ်နေ့ ပွဲတော်အုပ်တွင် အသားဟင်း မပါနိုင်တော့ချေ။ အသားဟင်း မပါသော ပွဲတော်အုပ်ကို မဆက်ဝ့ံသဖြင့် စားတော်ကဲသည် မိဖုရားကြီးထံ ချဉ်းကပ်၍ အကြံဉာဏ် တောင်းရ၏။

မိဖုရားကြီး၏ အကြံ     မိဖုရားကြီးက မင်းကြီးသည် သားတော်လေးကို အသည်းနင့်အောင် ချစ်သူဖြစ်၍ သူ့ရင်ခွင်ထဲမှာ သားတော်ကလေး ရှိနေခိုက် ပွဲတော်ဆက်လျှင် သားကို ချစ်သည့်ဇောကြောင့် ပွဲတော်အုပ်ကို ဂရုမစိုက်နိုင်သဖြင့် အသားဟင်း မပါသည်ကို သတိပြုမိမည် မဟုတ်ကြောင်း အကြံပေးလိုက်၏။

ဤ အကြံအတိုင်း မိဖုရားနှင့် စားတော်ကဲ တိုင်ပင်၍ ပွဲတော်တည်ခါနီးတွင် မိဖုရားက သားတော်ကလေးကို ဘုရင့် ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏။ မျက်ထောင့်နီ၍ အာလေး လျှာလေးဖြစ်နေသော ဘုရင်သည် ရင်ခွင်ထဲမှ သားတော်ကလေးကို တစိမ့်စိမ့်ကြည့်ယင်း ချစ်ပီတိတွေ ဝေနေ၏။

ကြောက်စရာ့ အရက်     ထိုအချိန်တွင် စားတော်ကဲက ပွဲတော်အုပ်ကို ယူလာ၍ ဆက်သ၏။ ဘုရင်သည် အရက် အလွန် မူးနေပါလျက် ပွဲတော်အုပ်၌ အသားမပါသည်ကို ချက်ချင်း သိသွား၏။ "အသားဟင်း ဘယ်မလဲ" ဟုမေးယင်း ဒေါသအမျက် ခြောင်းခြောင်း ထွက်နေ၏။ ဥပုသ်နေ့ဖြစ်၍ အသား မရကြောင်း လျှောက်တင်သည့်အခါ "ငါ့ အတွက် အသားများ ရှားပါးလိုက်တာကွာ"ဟု ဆိုကာ ရင်ခွင်ထဲမှ သားကလေးကို လည်ပင်းလိမ်ချိုးလိုက်ပြီး "ရော့ မြန်မြန်ချက်ပြီး ယူခဲ့" ဟု ဆိုလျက် စားတော်ကဲထံသို့ ပစ်ပေး လိုက်၏။

စားတော်ကဲမှာ ဘုရင့် အမိန့်တော်အတိုင်း ဆောင်ရွက်ရ၏။ ဘုရင်သည် ထိုနေ့က ချစ်လှစွာသော သားကလေး၏ အသားဟင်းနှင့် မြိန်ယှက်စွာ ပွဲတော်တည်ရ၏။

တနန်းတော်လုံး ကြိမ်မီးအုံးသို့ အပူလုံးကြွကာ ပူဆွေးသောက ရောက်ကြသော်လည်း မိဖုရားကြီးက အစ မည်သူမှ မငိုဝံ့ပေ။

ဘုရင်သည် တနေ့လုံး အရက်သောက်လိုက်၊ သားတော်ကလေး၏ အသားကို မြည်းလိုက်နှင့် စည်းစိမ် ယစ်နေ၏။ သညဥ့်လုံးလည်း စက်တော်ခေါ်လို့ ပျော်လိုက်သည်မှာ ရှေ့နေ့များနှင့်ပင် မတူပေ။

အဆုုံးရှုံကြီး ဆုံးရှုံးရ     နံနက်လင်း၍ စက်ရာမှ နိုးသောအခါ အမူးပြေနေပေပြီ။ နိုးလျှင် နိုးချင်း သားတော်ကို သတိရ၍ "သားတော်ကလေး ငါ့ဆီ ခေါ်ခဲ့ကြပါဟေ့" ဟု သားတော်ကို တောင်း၏။ ထိုအခါ မိဖုရားကြီးက ဘုရင့်ခြေရင်းမှာ ပစ်လှဲလိုက်ပြီး ငိုယိုယင်း ယမန်နေ့ညက ဖြစ်ပုံစနစ်စုံကို လျှောက်တင်တာ့မှ ယစ်ထုပ် ဘုရင်ကြီး အထိတ်လန့်ကြီး ထိတ်လန့်ပြီးလျှင် ရင်ပွင့်လုမတတ် ရင်တွင်းဝယ် မီးဟုန်းဟုန်း တောက်တော့၏။ တိုင်းပြည့်ရှင် ဘုရင် ဣန္ဒြေကိုပင် မစောင့်ထိန်းနိုင်တော့ပဲ သားကို တ,ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ထိုအခါမှပင် တနန်းတော်လုံး အုန်းအုန်းကြွက်ကြွက် ဆုညံအောင် အော်ဟစ် ငိုယိုကြတော့၏။

အရှုံးထဲမှ အမြတ်     ဤမျှ ပြင်းထန်ကြီးမားသော ဆင်းရဲကို ဘုရင်သည် တခါမျှ မခံစားခဲ့ဖူးချေ။ ထို့ကြောင့် ဘုရင်ကြီးသည် မြေမှုန့်ဖြင့် နှုတ်ခမ်းကို သုတ်ကာ "သေရည် သောက်လို့သာ ငါ ဒီလောက် ကြီးမားတဲ့ ဆင်းရဲကို ခံစားရတာ၊ နောက်နောင်မှာ ဒါလောက် ဖျက်ဆီးတတ်တဲ့ သေရည်ကို ရဟန္တာ ဖြစ်သည်အထိ ငါ ဘယ်တော့မှ မသောက်တော့ပါ" ဟု အဓိဋ္ဌာန် ပြုလိုက်သည်။

ထိုနေ့မှ စ၍ ဘုရင်ကြီး လုံးဝ အရက် ပြတ်သွားလေသည်။

အဆို အက ကောင်းသော ရသေ့များ

မှားမိသူများ     ဤ အရက်သေစာသည် မေ့လျော့စေတတ်၊ သတိ ကင်းလွတ်စေတတ်သောကြောင့် အပြစ်များလှ၏။ ဈာန် အဘိညာဏ်ရ တန်ခိုးရှင်များကိုပင် ဣန္ဒြေသိက္ခာ လျှောကျ ပျက်ပြားအောင် စွမ်းဆောင်နိုင်၏။ ဈာန်အဘိညာဏ်ကိုလည်း ဖျက်ဆီးပစ်နိုင်၏။

ရှေးက ဟိမဝန္တာ၌ ဈာန် ချမ်းသာဖြင့် မွေ့လျော်နေကြသော ရသေ့အချို့ တို့သည် ဆုံးမ မည့်သူ ဆရာမပါပဲ ချဉ်ဆားမှီဝဲရန် ဗာရာဏသီသို့ လာရောက်၍ ဘုရင့် ဥယျာဉ်အတွင်း၌ နေထိုင်ကြ၏။

ဘုရင်သည် ရသေ့တို့ကို ကြည်ညိုလှသဖြင့် အကောင်းဆုံးသောက်ဖွယ် အဖြစ်ဖြင့် အကောင်းဆုံး အရက်ကို ဆက်ကပ်၏။ ရသေ့များလည်း မတွေ့ဖူးသော အရသာထူးကို တွေ့ရသောကြောင့် သောက်ကြ၏။

သောက်ပြီး၍ ခဏကြာလျှင် တချို့ ရသေ့က သီချင်းအော်ဆို၏။ တချို့ ရသေ့က ကိုယ်ရုံ မပါပဲ ကွေးနေအောင် က,ကြ၏။ တချို့ရသေ့များမှာ ဥယျာဉ်အတွင်း၌ လေးကွက်သိုင်း နင်းကာ လှည့်လည်နေကြ၏။

အမူးပြေ၍ မိမိတို့၏ သိက္ခာမဲ့သော အပြုအမူတို့ကို ပြန်လည် သတိရကြသောအခါ အရှက်ကြီး ရှက်လှသဖြင့် ဟိမဝန္တာသို့ ချက်ချင်းပင် ပြန်သွားကြ၏။

အရှင်သာဂတထေရ်

ရဟန်းကိုလည်း ဖျက်     မြတ်စွာဘုရား၏ တပည့် အရှင်သာဂတမထေရ်သည် ဘဒ္ဒဝတိကာ ရွာအနီးသရက်ပင်ဆိပ်ကျောင်းမှ နဂါးဆိုးကြီးကို မိမိ တန်ခိုးဖြင့် နှိမ်နင်း ဆုံးမ လိုက်၏။ ဤ သတင်းကို ကေသမ္ဗီပြည်သားတို့ ကြားကြ၍ အရှင် သာဂတထေရ်ကို အလွန် ကြည်ညိုကြသဖြင့် ခိုခြေ အဆင်းရှိသော အကောင်းဆုံး အရက်ကို ဆက်ကပ်ကြ၏။

လူတို့ ကပ်တိုင်း သဒ္ဒါတရားကို ငဲ့၍ သောက်ခဲ့ရသော အရှင် သာဂတ သည် ကျောင်းအပြန်တွင် မြို့တံခါးဝ၌ တုံးလုံးကြီး လဲနေတော့၏။ မြတ်စွာဘုရားထံ ပွေ့ချီ ခေါ်သွား၍ ဘုရားရှေ့ ချထားသော အခါ၌လည်း မြတ်စွာဘုရားဘက်ကိုသာ ခြေထောက်ကြီး ဆန့်တန်းထား၏။

မြတ်စွာဘုရားက "ယခု သာဂတဟာ နဂါး မပြောနှင့်တော့၊ ရေမြွေကိုတောင်မှ မနိုင်တော့ဘူး" ဟု မိန့်ကြားပြီးနောက် "အရက်သေစာ သောက်စားလျှင် ပါစိတ် အာပတ်သင့်စေ" ဟု သံဃ အဖွဲ့အစည်းအတွက် စည်းမျဉ်းသစ်တခုဖြည့်စွက်တော်မူရ၏။