ကံ = အလုပ်


လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ်။ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏။

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တခြား အကျိုးတခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏။





ပါဠိဘာသာ "ကမ္မ" ကို မြန်မာဘာသာဖြင့် "ကံ" ဟုခေါ်သည်။ "အလုပ်" ဟု အဓိပ္ပာယ်ရသည်။

ကမ္မ=ကံ=အလုပ်၊ ဤစကား သုံးလုံး အဓိပ္ပာယ် အတူတူဖြစ်သည်။

အလုပ် ဆိုသည်မှာ-
ကိုယ်ဖြင့် ပြုလုပ်သည့် အလုပ်=ကာယကံ၊
နှုတ်ဖြင့် ပြုလုပ်သည့် အလုပ်=ဝစီကံ၊
စိတ်ဖြင့် ပြုလုပ်သည့် အလုပ်=မနောကံ
ဟု အလုပ် ၃ မျိုး ရှိ၏။ ကံ ၃ ပါးဟုလည်း ခေါ်၏။


ကာယကံ     ကိုယ်ဖြင့် ပြုလုပ်သော အလုပ် ( ကာယကံ ) ဆိုသည်မှာ တစုံတယောက်ကို တုတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ လဲနေသူ တဦးကို ထူပေးခြင်း၊ တစုံတခု မ,ချီနေသည်ကို ကူညီ မ,ချီ ပေးခြင်းမျိုးကို ခေါ်သည်။

ဝစီကံ     နှုတ်ဖြင့် ပြုလုပ်သည့် အလုပ် ( ဝစီကံ ) ဆိုသည်မှာ တစုံတယောက်ကို ဆဲဆိုခြင်း၊ "ရိုက်လိုက်" ဟု ခိုင်းခြင်း၊ တစုံတယောက်ကို ချီးမွမ်း ပြောဆိုခြင်း၊ "ကူညီလိုက်ပါ" ဟု ခိုင်းခြင်းမျိုးကို ခေါ်သည်။

မနောကံ     စိတ်ဖြင့် ပြုလုပ်သည့် အလုပ် ( မနောကံ ) ဆိုသည်မှာ တစုံတယောက်ကို ရိုက်ရန် ကြံစည်ခြင်း၊ သူ့ပစ္စည်းကို ခိုးရန် ကြံစည်ခြင်း၊ တစုံတယောက်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့ခြင်း၊ သူတပါးကို ကူညီရန်၊ ပေးကမ်းလှူဒါန်းရန် ကြံစည်နေခြင်းမျိုးကို ခေါ်သည်။

ရည်ရွယ်ချက်နှင့် တက်ကြွစိတ်     ကိုယ်၊ နှုတ်၊ စိတ် တို့ဖြင့် ပြုလုပ်သော်လည်း ပြုလုပ်တိုင်း ကံ မဖြစ်ပေ၊ ကံ အရာမမြောက်ပေ။ အကောင်းအဆိုး ရည်ရွယ်ချက် တခုခုဖြင့် တက်ကြွထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်မှသာ "ကံ အရာမြောက်၍" ကံဟု ခေါ်သည်။

ကံ မမြောက်သော အလုပ်များ     တချို့ အလုပ်များကို အကောင်းအဆိုး ရည်ရွယ်ချက် အထူးတလည် မပါ၊ တက်ကြွထက်သန်သော စိတ်လည်း မရှိပဲ မထင်ရှားသော စိတ် စေတနာဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကြ၏။ အလုပ်ဖြစ်မြောက်စေသော စေတနာ အလွန်အားသေးလှသဖြင့် သူ့အလိုအလျောက် လုပ်သွားမိသည်ဟုပင် မှတ်ထင်ကြရ၏။ ယင်း အလုပ်များမှာ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ထခြင်း၊ လျောင်းခြင်း စသော အလုပ်မျိုး၊ နှုတ်ဆက်စကားပြောခြင်း စသော အလုပ်မျိုး ဖြစ်၏။ ဤကဲ့သို့သော အလုပ်မျိုးသည် ကောင်းကျိုး ဆိုးကျိုး တစုံတရာ ဖြစ်ပေါ် စေသော ကံများမဟုတ်ကြပေ။ ကံအရာမြောက်သော အလုပ်များ မဟုတ်ကြပေ။

အချုပ်ဆိုရလျှင် ရည်ရွယ်ချက်နှင့်တကွ တက်ကြွထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်သော အလုပ်သည် ကံမြောက်၍ မသိသာ မထင်ရှားသော သာမန် စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံ မမြောက်ပေ။

စေတနာသည် ကံ     ယင်း တက်ကြွထက်သန်သော စိတ်ကို စေတနာဟု ခေါ်သည်။ ဤ တက်ကြွသည့် စိတ်သဘောကြောင့်ပင် ကိုယ်ဖြင့် ပြုလုပ်မိ၏။  နှုတ်ဖြင့် ပြောဆိုမိ၏။ စိတ်ဖြင့် ကြံစည်တွေးတော ဆင်ခြင်မိ၏။

ယင်း တက်ကြွထက်သန်သော စိတ်သဘော စေတနာသည် ကိုယ်၊ နှုတ်၊ စိတ် အလုပ်များ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အခြေခံ ဖြစ်၏။ ထို့ကြောင့် ထိုစေတနာ ( တက်ကြွသော စိတ်သဘော ) ကို "ကံ" ဟု မြတ်စွာဘုရားက နာမည် တပ်တော်မူ၏။

အကြောင်းနှင့် အကျိုး     လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ်။ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏။

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တခြား အကျိုးတခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏။

သူတော်ကောင်းသည် တရားနာလိုစိတ်ကြောင့် တရားနာ၏။ တရားနာခြင်းကြောင့် တရားအားထုတ်လိုစိတ် ဖြစ်ပေါ်၏။ တရားအားထုတ်လိုစိတ်ကြောင့် တရားအားထုတ်၏။ တရားအားထုတ်ခြင်းကြောင့် တရားကို သိသော ဉာဏ် ဖြစ်ပေါ်၏။

ဤအရာ၌ ဆင်ခြင် စဉ်းစားကြည့်လျှင် အောက်ပါအတို်င်း ကြောင်းကျိုး ကွင်းဆက် သဘာဝကို တွေ့ရ၏။


အကြောင်း

၁။ တရားနာလိုစိတ်ကြောင့်
၂။ တရားနာလိုခြင်းကြောင့်
၃။ တရား အားထုတ်ချင်စိတ်ကြောင့်
၄။ တရား အားထုတ်ခြင်းကြောင့်
အကျိုး

တရားနာခြင်း ဖြစ်၏။
တရားအားထုတ်ချင်စိတ် ဖြစ်၏။
တရား အားထုတ်ခြင်း ဖြစ်၏။
တရားကို သိသောဉာဏ် ဖြစ်၏။

(က) တရားနာလိုစိတ်၌ ကောင်းသော ရည်ရွယ်ချက်နှင့်တကွ တက်ကြွသော စိတ်သဘော ( စေတနာ ) ပါဝင်၏။ ထို့ကြောင့် ကံ ဖြစ်၏။

ထို့ကြောင့် တရားနာလိုစိတ်သည် ကံ=အလုပ်=အကြောင်း။

(ခ) ဤ အကြောင်းကြောင့် တရားနာခြင်း အကျိုး ဖြစ်ပေါ်၏။ ထို့ကြောင့် ယင်းတရားနာခြင်းသည် တရား နာလိုစိတ် ဟူသော အကြောင်း၏ အကျိုး ( ကံ၏ အကျိုး၊ အလုပ်၏ အကျိုး ) ဖြစ်၏။

တဖန်-

(က) တရားနာခြင်းသည်လည်း ( ရည်ရွယ်ချက်နှင့် စေတနာပါသောကြောင့် ) ကံ=အလုပ်=အကြောင်း ဖြစ်ပြန်၏။

(ခ) ယင်း တရားနာခြင်း ဟူသော အလုပ်=အကြောင်းကြောင့် တရားအားထုတ်လိုစိတ် ဟူသော အကျိုးဖြစ်ပေါ်ပြန်သည်။ ( ကံ၏ အကျိုး၊ အကြောင်း၏ အကျိုး။ )

ဤနည်းအတိုင်း တရားအားထုတ်လိုစိတ် (ကံ) နှင့် တရားအားထုတ်ခြင်း (အကျိုး)၊ တရားအားထုတ်ခြင်း (ကံ=အလုပ်) နှင့် တရားသိခြင်း ( အကျိုး ) ဖြစ်ပေါ်လာပုံတို့ကို ဆက်စပ် စဉ်းစားကြည့်လျှင် ကံ=အလုပ် ဆိုသည်မှာ အကြောင်း ဖြစ်၍ ယင်း အကြောင်းကြောင့် သင့်လျော်သော အကျိုး ဖြစ်ပေါ်ရသည်ကို သဘောပေါက်နိုင်၏။

ဤသဘောကို နားလည်လျှင် ကံ ဆိုသည်မှာ အလုပ်=အကြောင်းဟု လည်းကောင်း၊ ကံ၏ အကျိုးဆိုသည်မှာ အလုပ်ကြောင့် ရရှိသော အကျိုး၊ အကြောင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဟု လည်းကောင်း နားလည်ပါလိမ့်မည်။

ပို၍ ရှင်းအောင် ကျဉ်းကျဉ်းရေးရလျှင်-

ကံ ဆိုသည်မှာ အလုပ်၊ အလုပ် ဆိုသည်မှာ အကြောင်းတရား၊ အကြောင်းဆိုလျှင် လျော်ရာ အကျိုးကို ဖြစ်ပေါ်စေရ၏။

၁။ ကောင်းသော ရည်ရွယ်ချက် တက်ကြွသော စိတ်ဖြင့် ပြုလုပ်လျှင် ကောင်းသော အလုပ်၊ ကောင်းသော ကံ ( ကုသိုလ်ကံ ) ၊ ကောင်းသော အကြောင်း။

၂။ မကောင်းသော ရည်ရွယ်ချက် တက်ကြွသော စိတ်ဖြင့် ပြုလုပ်လျှင် မကောင်းသော အလုပ်၊ မကောင်းသောကံ ( အကုသိုလ်ကံ )၊ မကောင်းသော အကြောင်း။

ကံ၏ အကျိုးပေးချိန်

ကံသည်-
ယခု ဘဝမှာ ပြုလုပ်သော အလုပ် ( ကံ ) ကြောင့် ယခု ဘဝမှာပင် အကျိုးရစေသော ကံ၊
ယခု ဘဝမှာ ပြုလုပ်သော်လည်း ယခုဘဝ၌ အကျိုးပေးရန် အကြောင်း မညီညွတ်၍ သေပြီးနောက် တချိန်ချိန်မှာ အကျိုးရစေသော ကံ၊
ယခုဘဝ မတိုင်မီက အကြောင်း ( ကံ ) ကို ပြုလုပ်ခဲ့သော်လည်း ထိုစဉ်က အကျိုး ဖြစ်ပေါ်စေနိုင်လောက်အောင် အကြောင်း မညီညွတ်ခဲ့၍ ယခု ဘဝမှာမှ အကျိုးရစေသော ကံ ဟု ၃ မျိုး ရှိ၏။
ပစ္စုပ္ပန်ကံ     ဤကံ ၃ မျိုး အနက် အမှတ် ၁ ကံမှာ လက်ငင်းအကျိုးရသော ပစ္စုပ္ပန်ကံ ဖြစ်၏။ ဤစာအုပ် ငါးပါးသီလ အခန်း၌ ပြခဲ့သော ရဟန်းတော်ကို ခွေးများဖြင့် တိုက်သည့် ကောက မုဆိုး၏ ကံမျိုးတည်း။

အတိတ်ကံ     အမှတ် ၂ ကံနှင့် အမှတ် ၃ ကံမှာမူ ဘဝတခုတွင် အလုပ် ( ကံ ) ကို လုပ်ခဲ့၍ နောက်ဘဝ တခုမှသာ အကျိုးကို ဖြစ်ပေါ်စေသော ကံများချည်း ဖြစ်ကြ၏။ သဘောအားဖြင့် အတူတူသာ ဖြစ်၏။

အကျိုးဖြစ်ပေါ်ရာ ဘဝမှ ရှေ့ဖြစ်သော ဘဝ၌ အကြောင်း ( ကံ ) ကို ပြုလုပ်ခဲ့ခြင်းကြောင့် အတိတ်ကံများဟု ခေါ်ရ၏။ ရှေ့ ဒုစရိုက်ခန်း၌ ဖော်ပြခဲ့သော ကြမ်းတမ်းစွာ ဆဲဆိုမှုကြောင့် နောက်ဘဝများ၌ ပြည့်တန်ဆာချည်း ဆက်ကာ ဆက်ကာ ဖြစ်ရသော အမ္ပပါလီ၏ ကံနှင့် သူတော်စင် ရဟန်းနှစ်ပါးကို ကုန်းတိုက်ခဲ့သောကြောင့် ဝက်လူပြိတ္တာ ဖြစ်ရသော ဓမ္မကထိက ၏ ကံမျိုးတည်း။

သတိပြုစရာ     တချို့က ကံဟု ဆိုလိုက်လျှင် အတိတ်ဘဝက ပြုခဲ့သည့် ကုသိုလ် အကုသိုလ်ဟုသာ ထင်မှတ် ကြ၏။ ယခု လက်ငင်း ဘဝ၌ အကောင်းအဆိုး ရည်ရွယ်ချက် ထမျိုးမျိုးဖြင့် တက်တက်ကြွကြွ ပြုလုပ်နေကြသည့် အလုပ်အားလုံး ကံတွေချည်း ဖြစ်ကြကြောင်း သတိမထားမိကြပေ။

ထိုသူတို့အတွက် ကံဆိုသည်မှာ အတိတ်ဘဝက ပြုခဲ့သည့် အလုပ်ဖြစ်၍ လွန်ခဲ့ပြီ ဖြစ်ခြင်းကြောင့် ပြုပြင်၍မရသော အလုပ်ကြီးသဖွယ် ဖြစ်နေ၏။ ထို့ကြောင့် အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံ စီမံသည့်အတိုင်း လည်စင်း၍ ခံရမလိုလို အသိမှားနေတတ်ကြ၏။ ထိုသို့ ယူဆလျှင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ = ( ရှေ့ဘဝက ပြုခဲ့သော အကြောင်းတရားကသာ ယခုဘဝ ချမ်းသာ ဆင်းရဲကို အပြီးအစီး ပုံစုံချလျက် ဆုံးဖြတ်ပေးထားသည် ဟူသော အယူမှား ) ဖြစ်၏။

စင်စစ်မူ အင်အား မကြီးလှသော အတိတ် ကံများကို အင်အားကြီးမား၍ ထက်မြက်လှသော ပစ္စုပ္ပန်ကံ၊ ပစ္စုပ္ပန်ဉာဏ်၊ ပစ္စုပ္ပန် ဝီရိယတို့က ပြုပြင်ပေးနိုင်ကြောင်း သာဓက များစွာ ရှိရုံမျှမက သဘာဝလည်း ကျလှပါသည်။

ပစ္စုပ္ပန် ကံ ဉာဏ် ဝီရိယကိုသာအားကိုး     သတ္တဝါတိုင်း အတိတ်ဘဝ ခရီးရှည်ကြီး လျှောက်ခဲ့ရသည် ဖြစ်ရာ သတ္တဝါတိုင်းအတိတ် ကံတွေ ကိုယ်စီ ရှိကြ၏။ သို့သော် ကုသိုလ် ကံတွေလား၊ အကုသိုလ် ကံတွေလား မသိနိုင်ကြ။ အားကြီးသည့် ကံတွေလား၊ အားသေးသည့် ကံတွေလား မသိနိုင်ကြ။

သတ္တဝါတို့၏ အတိတ်ကံ အတိတ် အလုပ်တွေကို သိနိုင်သူမှာ မြတ်စွာဘုရား တပါးတည်းသာ ဖြစ်သည်။ သို့သော် မိမိတို့၏ အတိတ်မှ လုပ်ဆောင်ချက်များကို မိမိတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ထိုလုပ်ဆောင်ချက် (ကံ) တို့ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုကို ခံယူကြရ၏။

အလုပ်ကောင်း (ကုသိုလ်ကံ) ကို ပြုလုပ်ခဲ့မိလျှင် ကောင်းကျိုးတွေကို ခံစားကြရ၏။ အလုပ်ဆိုး (အကုသိုလ်ကံ) ကို ပြုလုပ်ခဲ့မိလျှင် ဆိုးကျိုးတွေကို ခံစားကြရ၏။ အကြောင်း (ကံ) ဆိုးလျှင် အကျိုးလည်း ဆိုး၏။ အကြောင်းကြီးမား အားကောင်းလျှင် အကျိုးကြီးမား၍ အကြောင်း အားသေးလျှင် အကျိုးလည်း အားသေး၏။

မှန်ကန်သော သဘောထား     သို့သော် အတိတ်က လုပ်ခဲ့သော အလုပ် (ကံ) များ ဆိုးသည် ကောင်းသည်ကိုလည်း မသိနိုင်ကြ။ ကြီးသည် သေးသည်ကိုလည်း မသိနိုင်ကြ။ သို့ဖြစ်၍ မသိနိုင်သော အတိတ််ကံကို အားကိုးအားထားလည်း မပြု၊ ကြောက်ရွံ့ထိတ်လန့် မှုလည်း မရှိပဲ မိမိပိုင်သော ယခု လောလောဆယ် ပစ္စုပ္ပန် အချိန်ကလေးမှာသာ အပြစ် အကင်းဆုံး အကောင်းဆုံး ပစ္စုပ္ပန် ကံတွေ ဖြစ်အောင် ဉာဏ် ဝီရိယနှင့် ယှဉ်သော ကြိုးစားအားထုတ် ပြုလုပ်ခြင်းသည်သာ မှန်ကန်သော သဘောထား၊ မှန်ကန်သော လမ်းစဉ် ဖြစ်ပါလိမ့်မည်။