ဗုဒ္ဓ = မြတ်စွာဘုရား


သင်သည် နောင် လေးသင်္ခချေနှင့် ကမ္ဘာတသိန်း ရှိသောအခါ ဂေါတမ အမည်ဖြင့် သင် ဆုတောင်းသည့်အတိုင်း ဘုရားအဖြစ်သို့ ရောက်လတ္တံ့ 

 " ဘုရား မဖြစ်သမျှ ဤနေရာမှ မထ " ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုနေ့ကား - ကဆုန်လပြည့်နေ့တည်း။

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြား ကုံလုံပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။






ဗုဒ္ဓဝင် အကျဉ်း

ဗျာဒိတ်တော်     ဒီပင်္ကရာ မြတ်စွာဘုရားသည် ရမ္မာမြို့အတွင်းတနေရာ၌ ရွှံ့ပြင်ပေါ်တွင် အလျားစင်း၍ တံတားခင်းနေသော သုမေဓာ ရသေ့၏ ဦးခေါင်း အနီးတွင် ရပ်တော်မူလျက် " သင်သည် နောင် လေးသင်္ခချေနှင့် ကမ္ဘာတသိန်း ရှိသောအခါ ဂေါတမ အမည်ဖြင့် သင် ဆုတောင်းသည့်အတိုင်း ဘုရားအဖြစ်သို့ ရောက်လတ္တံ့ " ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

ဆုတောင်းပြည့်ရန် အင်္ဂါရှစ်ပါး

လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံသည် မဟုတ်။ အင်္ဂါရှစ်ပါးနှင့် ညီညွတ်သူမှသာ ပြည့်စုံသည်။ အင်္ဂါရှစ်ပါးမှာ...

လူသား ဖြစ်ခြင်း၊
ယောကျ်ား ဖြစ်ခြင်း၊
ဆုတောင်းချိန်၌ ရဟန္တာ ဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း၊
သက်တော်ထင်ရှား ဘုရားတဆူဆူ အထံတော်၌ ဆုပန်ခြင်း၊
ရသေ့ ရဟန်း တမျိုးမျိုး ဖြစ်ခြင်း၊
သမာပတ် ၈ ပါး ရသူ ဖြစ်ခြင်း၊
မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှူထားခြင်း၊
ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ဝီရိယ ရှိခြင်း။
သုမေဓာ ရသေ့သည် ဤ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် "ဘုရား ဖြစ်လတ္တ့ံ" ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။

ပါရမီ ၁၀ ပါး

ဗျာဒိတ်ရပြီးလျှင် ဘုရားအဖြစ်ရောက်ရန် ဆယ်တန်သော ပါရမီတို့ကို သုမေဓာ ရသေ့ ဘဝမှ စ၍ ဖြည့်ကျင့်ရ၏။ ထို ပါရမီများမှာ...

ဒါန ပါရမီ  =  စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
သီလ ပါရမီ  =  သီလ စောင့်ထိန်းခြင်း၊
နေက္ခမ္မ ပါရမီ  =  လောကီစည်းစိမ် စွန့်လျက် တောထွက်ခြင်း၊
ပညာ ပါရမီ  =  အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
ဝီရိယ ပါရမီ  =  ကြီးမားသော ဝီရိယ ရှိခြင်း၊
ခန္တီ ပါရမီ  =  အရာရာ၌ သည်းခံခြင်း၊
သစ္စာ ပါရမီ  =  မှန်ကန်သော စကားကို ဆိုခြင်း၊
အဓိဋ္ဌာန် ပါရမီ  =  မဖြစ်မနေ စွဲမြဲသည့် ဇွဲစိတ် ရှိခြင်း၊
မေတ္တာ ပါရမီ  =  သတ္တဝါ များအား မေတ္တာစိတ် ထားခြင်း၊
ဥပေက္ခာ ပါရမီ  =  ဆင်းရဲ ချမ်းသာကို ဥပေက္ခာ ထားခြင်း။
ဤ ပါရမီ ဆယ်ပါးကို ကိုယ်လက်အင်္ဂါ စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ဥပပါရမီ ဆယ်ပါး ဟု ခေါ်ရ၏။ အသက်ကို စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ပရမတ္ထ ပါရမီ ဆယ်ပါး ဟုခေါ်ရ၏။

ထို့ကြောင့် ပါရမီ ဆယ်ပါး၊ ဥပပါရမီ ဆယ်ပါး၊ ပရမတ္ထ ပါရမီ ဆယ်ပါးအားဖြင့် သုံးဆယ် ရှိ၏။ ပါရမီ ဆယ်ပါးအပြားသုံးဆယ် ဟု အများသိကြ၏။

ဘုရားလောင်းသိဒ္ဓတ္ထ     ဘုရားအလောင်းတော်သည် ဤပါရမီတို့ကို လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဖြည့်ကျင့်တော်မူပြီးလျှင် နောက်ဆုံးဘဝ၌ သာကီဝင်မင်းမျိုးဖြစ်သည့် ကပ္ပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒန၏ မိဖုရားကြီး မဟာ မာယာဒေဝီ၏ ဝမ်း၌ ပဋိသန္ဓေ နေတော်မူ၏။

ပဋိသန္ဓေ ရင့်သောအခါ မဟာ မာယာဒေဝီသည် ခမည်းတော် မယ်တော်များ၏ တိုင်းပြည်သို အသွား လမ်းခရီး အကြားရှိ လုမ္ဗနီ အင်ကြင်းဥယျာဉ် အတွင်း၌ ခေတ္တ အနားယူကာ အင်ကြင်းကိုင်းကို လှမ်းကိုင်နေစဉ်မှာပင် ကမ္မဇလေ လှုပ်ရှား၍ ဘုရားလောင်းကို ဖွားမြင်၏။ ဖွားမြင်ပြီးနောက် ၇ ရက်မြောက်သောအခါ မယ်တော် မဟာ မာယာဒေဝီ နတ်ရွာစံလေသည်။

ဘုရားလောင်းကို သိဒ္ဓတ္ထဟု အမည်ပေးကြ၏။ သိဒ္ဓတ္ထကလေး၏ အင်္ဂါလက္ခဏာတို့ကို ကြည့်၍ ပုဏ္ဏားတော် အများစုက စကြဝတေးမင်းသော်လည်း ဖြစ်လိမ့်မည်။ ဘုရားသော်လည်း ဖြစ်လိမ့်မည်ဟု ဟောကြ၏။ ကောဏ္ဍည အမျိုးအနွယ်ဖြစ်သော သုဒတ္တ ပုဏ္ဏားကလေးကမူ မုချ ဘုရားဖြစ်မည်ဟု တခွန်းတည်း အတပ်ဟောလိုက်၏။

သုဒ္ဓေါဒန ဘုရင်ကြီးသည် သားတော် သိဒ္ဓတ္ထ လောကကို ငြီးငွေ့ပြီး တောမထွက်ရေး၊ ဘုရားမဖြစ်ရေးအတွက် နန်းတော်တွင်း၌ ပျော်ပိုက်စေရန် စည်းစိမ်ချမ်းသာ အမျိုးမျိုးကို စီမံဖန်တီး၍ ပေးထား၏။ ထိတ်လန့် သံဝေဂကို ဖြစ်စေနိုင်သော အနိဋ္ဌာရုံများဖြစ်သည့် လူအို လူနာ လူသေ တို့ကို သိဒ္ဓတ္ထ မမြင်ရစေရန်လည်း အမိန့် အမျိုးမျိုးထုတ်ကာ စီမံထား၏။

နိမိတ်လေးပါး     သိဒ္ဓတ္ထ ဆယ့်ခြောက်နှစ်အရွယ် ရောက်သောအခါ သာကီမျိုး သာကီနွယ်ဖြစ်သည့် သုပ္ပဗုဒ္ဓ ဘုရင်၏သမီးတော် ယသောဓရာနှင့် လက်ထပ်ပေး၏။ သိဒ္ဓတ္ထသည် ယသောဓရာ မင်းသမီးနှင့်အတူ ထီးနန်းစည်းစိမ်ကို ၁၃ နှစ်တိုင်တိုင် ခံစား၍ အသက် ၂၉ နှစ်ရှိသောအခါ တနေ့တွင် ဥယျာဉ်တော် အသွား လူအို၊ လူနာ၊ လူသေ တို့ကို မြင်ရတွေ့ရသဖြင့် ထိတ်လန့် သံဝေဂစိတ်တွေ တဖွားဖွားဖြစ်နေစဉ် တည်ကြည် ငြိမ်သက်သော ဣန္ဒြေနှင့် ကြည်လင်ချမ်းမြေ့သောမျက်နျာရှိသည့် ရဟန်းတော်တပါးကို မြင်သောအခါ ရဟန်းတော် ကဲ့သို့ ဖြစ်လိုစိတ်တွေ ပေါ်လာ၏။

တောထွက်ခြင်း     သိဒ္ဓတ္ထသည် ညနေချမ်း အခါ ဥယျာဉ်တော် အတွင်းရေကန် ထဲ၌ရေ ချိုးနေစဉ်မှာလည်း တောထွက်ကာ ရဟန်းပြုလိုစိတ်တွေသာ တဖွားဖွား ဖြစ်ပေါ်နေ၏။ ရေချိုးပြီး၍ ဝတ်စားဆင်ယင်ပြီးနောက် နန်းတော်သို့ပြန်ရန် မြင်းရထားပေါ် တက်သောအခါ ကြင်ယာတော် ယသောဓရာတွင် သားတော်လေး ဖွားကြောင်း နန်းတော်မှ သတင်းပို့လှာ၏။ သိဒ္ဓတ္ထ ပို၍ စိတ်လေးသွား၏။ ဒီလို သံယောဇဉ် အနှောင်အဖွဲ့တွေ များလေ မထွက်နိုင်လေဖြစ်ကာ ဆင်းရဲနေမှာပဲဟု ဆင်ခြင်မိသဖြင့် ရဟန်း မြန်မြန်ပြုနိုင်ရေးကိုသာ တွေးတော စဉ်းစားလျက်နေ၏။

ထိုနေ့ည၌ အနှောင်အဖွဲ့တွေထဲက ရုန်းထွက်ကာ ရဟန်းပြုရေးကိုသာ အပြန်ပြန် အလှန်လှန် စဉ်းစားယင်း သိဒ္ဓတ္ထ အိပ်ပျော်သွား၏။ သန်းခေါင်အချိန်တွင် တရေးနိုးလာသော အခါ၌လည်း ရဟန်းပြုလိုစိတ်သည် သာလျှင် စိတ်ထဲ၌ ဖြစ်ပေါ်နေ၏။ ပြန်အိပ်၍ မရပေ။ အိပ်မရသဖြင့် အနီးပတ်ဝန်းကျင်ကို ကြည့်မိလိုက်ရာ မိမိကို တူရိယာများဖြင့် ဖျော်ဖြေသော အမျိုးသမီးများ တရှူးရှူး တခေါခေါ ဟောက်လျက် ကိုးရိုးကားရား အိပ်ပျော်နေကြသည်ကို မြင်ရသောအခါ " ကြောက်စရာ စက်ဆုပ်စရာ လောကကြီးပါကလား " ဟု ပို၍ ထိတ်လန့်သွား၏။

သို့ဖြင့် ချက်ချင်း စက်ခန်းဆောင်မှ ထွက်၍ ဖွားဘက်တော် ဆန္နကို ခေါ်ကာ ညဥ့်သန်းခေါင် အချိန်၌ပင် ကဏ္ဍက မြင်းကို ကုန်းနှီးတင်စေပြီးလျှင် ဆန္နနှင့်အတူ မြင်းစီးလျက် ထွက်ခဲ့၏။ တညချင်းဖြင့်ပင် တိုင်းပြည်သုံးခုကို ကျော်ဖြတ်ပြီးနောက် ယူဇနာသုံးဆယ်ဝေးသော အနောမာမြစ်ကမ်းသို့ ရောက်လေ၏။

အနောမာ မြစ်ကမ်း၌ ဘုရားလောင်းသည် ဆံတော်ကို သန်လျက်ဖြင့် ရိတ်ဖြတ်ပြီးလျှင် ဃဋိကာရ ဗြဟ္မာကြီး လှူဒါန်းသော ပရိက္ခရာရှစ်ပါးကို ခံယူ၍ သင်္ကန်းကို ဝတ်ကာ မြင့်မြတ်သော ရဟန်းအသွင်ကို ယူလိုက်၏။

ထို့နောက် ဖွားဘက်တော် ဆန္န အမတ်နှင့် ကဏ္ဍက မြင်းကို ပြန်လွှတ်ပြီးလျှင် မလှမ်းမကမ်းရှိ အနုပိယ သရက်တောသို့သွား၍ ထိုသရက်တော၌ ၇ ရက်မျှ ပဗ္ဗဇ္ဇသုခ = ရဟန်း ချမ်းသာ ကို ခံစားလျက်နေ၏။

ဗိမ္ဗိသာရကို ကတိပေးခြင်း     ထို့နောက် ဘူမိနတ်သန် တရားရမည့် နေရာမှန်ကိုရှာယင်း ခရီးဆက်ခဲ့ရာ ရာဇဂြိုဟ်မြို့အနီး ရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ပြီးနောက် ပဏ္ဍဝ တောင်ခြေ၌ ဆွမ်းဘုဉ်းပေးလေ၏။ ထူးခြားသော ပုဂ္ဂိုလ်ဖြစ်၍ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရာဘုရင်လိုက်လာပြီးလျှင် ထီးနန်းကို လွှဲအပ်သောအခါ အလောင်းတော် သိဒ္ဓတ္ထက ဘုရားအဖြစ် ရရေးအတွက် တောထွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြီးလျှင် ငြင်းပယ်လိုက်၏။ ဗိမ္ဗိသာရက ဘုရားအဖြစ်သို့ ရောက်လျှင် သူ့ထံသို့ ရှေးဦးစွာ ကြွလာဖို့လျှောက်ထားသဖြင့် ကြွလာမည်ဖြစ်ကြောင်း ဝန်ခံ ကတိပေးပြီးလျှင် ခရီးဆက်ခဲ့၏။

ဆရာရသေ့ နှစ်ပါး     ခရီး တနေရာတွင် ကာလာမ အမျိုးအနွယ်ဝင် အာဠာရ ရသေ့ကြီးကို တွေ့၍ သူ့ထံတွင် နည်းခံ ကျင့်ကြံရာ ဈာန် ၇ ပါးကိုရလျှင် ဆရာရသေ့ကြီးက သူ ဤမျှသာ သိကြောင်း ပြောသဖြင့် လိုအပ်သောတရားမရသေး၍ ထွက်ခဲ့၏။ ရာမ၏ သား ဥဒက ရသေ့ကြီးထံနန်းခံ၍ ကျင့်ကြံပြန်ရာ ဈာန်သမာပတ် ၈ ပါးအထိ ချက်ချင်းရလေ၏။ ဥဒက ရသေ့လည်း ထိုထက်ပို၍ မသိသဖြင့် ထွက်ခွာခဲ့ပြန်၏။

ဒုက္ကရစရိယာ အကျင့်မှား     သိဒ္ဓတ္ထသည် ဥဒက ထံမှ ထွက်ခွာခဲ့ရာ ဥရုဝေလ တောသို့ရောက်လျှင် တော၏ သာယာပုံ၊ မွေ့လျော်ဖွယ်ရှိပုံကို နှစ်သက်သဘောကျ၍ မိမိ ကြားဖူး သိဖူးထားသော ကျင့်နည်းကြံနည်း ဟူသမျှကို ဤတော၌ အပြင်းအထန် ကျင့်ကြံ အားထုတ်တော့၏။

ကပ္ပိလဝက်မှ ကောဏ္ဍည ခေါင်းဆောင်သော ရသေ့ငါးပါးသည်လည်း သိဒ္ဓတ္ထ တောထွက်ရာသို့ လိုက်လာကြရာ ဥရုဝေလ၌ သိဒ္ဓတ္ထကို မီ၍ ဘုရားလောင်း လွတ်လွတ်ကျွတ်ကျွတ် ပြင်းပြင်းထန်ထန် အားထုတ်နိုင်ရန် ဝတ်ကြီးဝတ်ငယ်ပြုလျက် နေကြ၏။

သိဒ္ဓတ္ထ သည် အစာကို တဖြည်းဖြည်း လျှော့၍ ကျင့်ရာမှ နောက်ဆုံးတွင် အစာ ဖြတ်လျက် ကျင့်၏။ ထိုအချိန်တွင် အပ္ပာဏကဈာန် ခေါ်သည့် ထွက်သက်ဝင်သက်ကို ချုပ်ထိန်းထားသော အကျင့်ကို ကျင့်ရာ ကြီးမား ပြင်းထန်လှသော ဝေဒနာကို ခံစားရသဖြင့် ခံနိုင်အား မရှိသော ခန္တာကိုယ်သည် စင်္ကြံဦး၌ သတိမေ့ကာ လဲနေတော့၏။

အကျင့်မှားကို စွန့်ပြီ     ဤနည်းအတိုင်း ခြောက်နှစ်ပတ်လုံး သာမာန်လူတို့ စိတ်ကူးမျှ မထည့်ဝံ့သော ဝီရိယ စွမ်းအားဖြင့် ပြင်းပြင်း ထန်ထန် ကျင့်သော်လည်း ဘုရားဖြစ်နိုင်ရန် ဉာဏ်အရိပ်အရောင် ကိုသော်မှလည်း မတွေ့ရပဲ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ဖြစ်၍ အကျင့်မှား ဖြစ်ကြောင်းဆုံးဖြတ်ပြီးလျှင် ဆွမ်းခံထွက်ကာ အစာအာဟာရကို မျှတရုံမျှ ပြန်၍ ဘုဉ်းပေး၏။

အလုပ်အကျွေး ရသေ့ငါးပါးတို့သည် ဘုရားလောင်း အစာအာဟာရကို ပြန်လည် မှီဝဲသောအခါ သိဒ္ဓတ္ထ ဝီရိယကို လျှော့လိုက်၍ ဘုရားဖြစ်တော့မည် မဟုတ်ဟု ယူဆလျက် ဘုရားလောင်းထံမှ ထွက်ခွာသွားကြ ပြီးလျှင် ၁၈ ယူဇနာ ဝေးသော ဣသိပတန ခေါ်သည့် ဘေးမဲ့တောသို့ သွား၍ နေကြ၏။

ဘူမိနတ်သန်သို့     ဘုရားလောင်းသည် မြစ်ကမ်းပေါ်သို့တက်ပြီးလျှင် တောလုံးဝေအောင် ပွင့်နေသော အင်ကြင်းတောသို့ ဝင်ကာ နေ့သန့်စင်လျက် နေလေ၏။ ညနေချမ်း ရောက်သောအခါ နေရဥ္ဇရာ မြစ်ကို ဖြတ်၍ အနောက်ဘက်ကမ်းသို့ ကူးပြီးလျှင် ဂယာသီသ နှင့် မလှမ်းမကမ်းရှိ တောအုပ်ညို့ညို့ရှိရာသို့ ကြွသွား၏။ တောအုပ် အဝင်တွင် မြက်ရိတ်ပုဏ္ဏား သောတ္တိယ က မြက်ရှစ်ဆုပ် လှူသည်ကို ခံယူပြီးလျှင် အရိပ်ကောင်းသော ညောင်ဗုဒ္ဓဟေ ပင် အောက်၌ ပင်စည်၏ အရှေ့ဘက်တွင် ဖြန့်ခင်းလိုက်ရာ သက် သက်သာသာ ထိုင်စရာ ပလ္လင်ကို ရလေ၏။

ဘုရားဖြစ်ပြီ     ဘုရားလောင်းသည် ညနေစောင်းတွင် ညောင်ဗုဒ္ဓဟေ ပင်၏ အောက်၌ ခင်းထားအပ် သော ပလ္လင်ထက်ဝယ် ပင်စည်ကို ကျောပေးလျက် အရှေ့ဘက်သို့မျက်နှာမူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူ ပြီးလျှင် " ဘုရား မဖြစ်သမျှ ဤနေရာမှ မထ " ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုနေ့ကား - ကဆုန်လပြည့်နေ့တည်း။

ထို့နောက် သူဖွားပြီး၍ မကြာမီပင် သူ့ ခမည်းတော် လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ်က သပြေရိပ်တွင် သူ ဝင်စားခဲ့သော အာနာပါနဈာန်ကို သတိရ၍ ထို ဈာန်ကိုပင် အခြေခံလျက် ကျင့်ကြံအားထုတ်လေ၏။ နေမဝင်မီ လာ၍ နှောင့်ယှက်သော မာရ်နတ် ၏ ရန်ကို အောင်မြင်တော်မူ၏။

ညဥ့်ဦးယံတွင် ရှေးရှေးဘဝများ၌ ဖြစ်ခဲ့ဖူးသည်များကို ပြန်၍ သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင်ယံ၌ နတ်မျက်စိကဲ့သို့ မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ၌ ကိလေသာ အာသဝေါတရား တို့ကို အကြွင်းမဲ့ ကုန်ခမ်းစေသော အာသဝက္ခယဉာဏ် နှင့် သဗ္ဗညုတဉာဏ် ကို ရတော်မူပြီးလျှင် ဘုရား အဖြစ်သို့ ရောက်တော်မူလေ၏။ သက်တော်ကား ၃၅ နှစ်မျှသာ ရှိသေး၏။

ပလ္လင်္က သတ္တာဟ     မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပထမသတ္တာဟ၌ ထက်ဝယ်ဖွဲ့ခွေထားသော ပလ္လင်ကို ဖြေတော်မမူပဲ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ဘုရားဖြစ်ရာ ပလ္လင်တော်မှာပင် ခုနစ်ရက်ပတ်လုံး ခံစားတော်မူ၏။

အနိမိသ သတ္တာဟ     ထို့နောက် ဒုတိယသတ္တာဟ၌ ပလ္လင်တော်မှ ထ၍ ဗောဓိပင်၏ အရှေ့မြောက် အရပ်၌ ရပ်တော်မူပြီးလျှင် ဗောဓိပင် နှင့် ပလ္လင်တော်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်တော်မူလျက် " ဤ ပလ္လင်ထက်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရပေသည် " ဟု ဆင်ခြင်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

စင်္ကမ သတ္တာဟ     ထို့နောက် တတိယသတ္တာဟ၌ ရပ်တော်မူရာအရပ်နှင့် ပလ္လင်တော်၏ အကြားတွင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ရတနာဃရ သတ္တာဟ     ထို့နောက် စတုတ္ထသတ္တာဟ၌ ဗောဓိပင်၏ အနောက်မြောက် အရပ်တွင် နတ်တို့ ဖန်ဆင်းထားသော ရတနာဃရ ရွှေအိမ်တော်၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ပိဋကတ် ၃ ပုံတို့တွင် အဘိဓမ္မာပိဋကတ်ကို အထူးထား၍ ဆင်ခြင်သုံးသပ်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။ ယင်းသို့ ဆင်ခြင်သုံးသပ်တော်မူစဉ် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူး စံပယ်တော်မူကြလေသည်။

အဇပါလ သတ္တာဟ     ထို့နောက် ပဥ္စမသတ္တာဟတွင် ဗောဓိပင်၏ အရှေ့အရပ်၌ ရှိသော ဆိတ်ကျောင်း ညောင်ပင်(= အဇပါလ) ရှိရာသို့ ကြွတော်မူ၍ ထို ညောင်ပင်ရင်း၌ တရားတော်တို့ကို ဆင်ခြင် သုံးသပ်လျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ယင်းသို့ စံနေစဉ်တွင် တဏှာ၊ အရတိ၊ ရဂါ ဟူသော မာရ်နတ်၏ သမီးသုံးယောက်တို့သည် ဖခင်ကြီး မာရ်နတ်စိတ်ချမ်းသာ ရစေရန် စစ်ကူပေးသည့် အနေဖြင့် မြတ်စွာဘုရားအနီးသို့ လာရောက်၍ ပရိယာယ် မာယာ အဖြာဖြာတို့ဖြင့် ဖြားယောင်းသော်လည်း ကိလေသာခပ်သိမ်း ငြိမ်းလေပြီးသော မြတ်စွာဘုရားမှာမူ မျက်လုံးတော်ကိုမျှ ဖွင့်ကြည့်တော်မမူပဲ ဝိဝေက သုခကို ခံစားမြဲ ခံစားလျက်သာ နေတော်မူ၏။

မုစလိန္ဒ သတ္တာဟ     ထို့နောက် ဆဋ္ဌမသတ္တာဟ၌ ဗောဓိပင်၏ အရှေ့တောင်အရပ်ရှိ ကျည်းပင်ရင်း (= မုစလိန္ဒ) သို့ ကြွတော်မူ၍ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူ၏။ မုစလိန္ဒ နဂါးမင်းသည်လည်း မြတ်စွာဘုရားကို အအေး အပူတို့ မနှိပ်စက်စေခြင်းငှာ မိမိကိုယ်ကို ခုနစ်ခွေ ခွေ၍ ပါးပျဉ်းဖြင့် မိုးကာလျက် ပေး၏။

ရာဇာယတန သတ္တာဟ     ထို့နောက် သတ္တမသတ္တာဟ၌ ဗောဓိပင်၏ တောင်အရပ်ရှိ လင်းလွန်းပင် (= ရာဇာယတန) သို့ ကြွတော်မူ၍ လင်းလွန်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူလျက် စံနေတော်မူ၏။

ယင်းသို့လျှင် မြတ်စွာဘုရားသည် ခုနစ်ရက် ခုနစ်လီ = ၄၉ ရက်ပတ်လုံး ဆွမ်း အာဟာရကို ဘုဉ်းပေး မျှတတော်မမူပဲ ဗောဓိပင်၏ အနီးတဝိုက်၌ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ခံစားလျက် စံနေတော်မူ၏။

အစဆုံး သရဏဂုံ တည်သူများ     မြတ်စွာဘုရားသည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္ကလာနယ်မှ ကုန်ရောင်းလာကြသော တပုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်တို့ ရောက်လာကြပြီး မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ် တို့ကို လှူဒါန်းကြသဖြင့် မြတ်စွာဘုရားက အနုမောဒနာတရား ဟောကြားသောအခါ ဘုရားနှင့်တရား သရဏဂုံ နှစ်ပါး ကို ယုံကြည် ဆည်းကပ်ကြ၏။ ထိုအချိန်၌ သံဃာရတနာ မပေါ်ပေါက်သေးပေ။

ဤ ကုန်သည် ညီနောင်မှာ မြတ်စွာဘုရား၏ ပထမဆုံးသာဝကများလည်းဖြစ်၊ သရဏဂုံနှစ်ပါး အစဆုံး တည်သူများလည်း ဖြစ်ကြ၏။

ကုန်သည် ညီနောင်တို့က အမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ်တခုခု ချီးမြှင့်တော်မူပါရန် လျှောက်ထားကြသော အခါ မြတ်စွာဘုရားက ဆံတော်ကို လက်ဖြင့်သပ်၍ လက်တွင် ပါလာသော ဆံတော်ဓာတ်တို့ကိို ချီးမြှင့်တော်မူလိုက်၏။ ကုန်သည် ညီနောင်တို့သည် ဥက္ကလာသို့ ပြန်ရောက်သောအခါ ထို ဆံတော်တို့ကို ဌာပနာ၍ စေတီ တည်ထားကြ၏။

(ဤ ကုန်သည် ညီနောင်တို့၏ ဥက္ကလာ နယ်ကိုပင် ဥက္ကလာပ ဟု ခေါ်သော ဒဂုန်မြို့ ဟု ယူဆကြကာ ယခု ရွှေတိဂုံ စေတီတော်ကို ထိုစဉ်က တပုဿ နှင့် ဘလ္လိက ညီနောင်တို့ တည်ထား၍ ဆံတော်များ ဌာပနာထားခဲ့ကြ၏ဟု ယူဆကြ၏။ အချို့သော သုတေသီပညာရှင် တို့ကမူ ထိုစဉ်က ဥက္ကလာနယ် ဆိုသည်မှာ အိန္ဒိယပြည်၌ ယခုရှိနေသော ဩရိဿနယ် ဖြစ်ဟန်ရှိကြောင်း ရေးသားကြ၏။)

မြတ်စွာဘုရားသည် ခုနစ်ရက်မြောက် သတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူပြီးနောက် ဆိတ်ကျောင်း ညောင်ပင်သို့ တဖန် ကြွတော်မူ၍ သီတင်းသုံးတော်မူ၏။ ဤနေရာ၌ သီတင်းသုံးတော်မူစဉ် မည်သူ့အား အစဦး တရားဟောသင့်သနည်းဟု ဆင်ခြင်တော်မူရာ ဆရာရသေ့ကြီး နှစ်ပါးဖြစ်ကြသော အာဠာရ နှင့် ဥဒက တို့ ကွယ်လွန်ပြီကို သိရ၍ ပဥ္စဝဂ္ဂီ ငါးပါးတို့အား တရားဟောရန် ဆင်ခြင်ကြည့်သော အခါ ဣသိပတန မိဂဒါဝုန် (ဘေးမဲ့တော) ၌ သီတင်းသုံးနေကြကြောင်း တွေ့ရ၏။

တရားဦး     သို့ဖြင့် ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဥ့်အထိ ဗောဓိမဏ္ဍိုင် အနီး၌ စံနေတော်မူပြီးလျှင် ဝါဆို လပြည့်နေ့၌ မိဂဒါဝုန်သို့ ဦးတည်လျက် ကြွသွားတော်မူ၏။ လမ်းခရီးတွင် ဥပက တက္ကဒွန်း နှင့် တွေ့၍ မိမိ အမည် ဇိန ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။

မိဂဒါဝုန် တောတွင် ထို ဝါဆိုလပြည့်နေ့ ည၌ ပဥ္စဝဂ္ဂီ ငါးဦးဟု ခေါ်သော ရသေ့ ငါးဦးအား ဓမ္မစကြာတရား ဟောတော်မူရာ ကောဏ္ဍည ရသေ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရ၍ ရဟန်းပြုပေးတော်မူ၏။ ကျန် ရသေ့များ တရားကို ဆက်လက် အားထုတ်ကြရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ အရှင် ဝပ္ပ၊ ၂ ရက်နေ့၌ အရှင် ဘဒ္ဒိယ၊ ၃ ရက်နေ့၌ အရှင် မဟာနာမ်၊ ၄ ရက်နေ့၌ အရှင် အဿဇိ တို့ အသီးသီး သောတာပန် ဖြစ်ကြ၏။

ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌ အနတ္တ လက္ခဏသုတ် ဒေသနာကို ဟောတော်မူရာ ပဥ္စဝဂ္ဂီ ငါးပါးလုံး ရဟန္တာဖြစ်ကြ၏။

သာသနာပြု စေလွှတ်တော်မူခြင်း     မြတ်စွာဘုရားသည် ပထမဝါ၌ မိဂဒါဝုန် တောတွင်ပင် ဝါဆိုတော်မူ၏။ နာလက ရသေ့အား မောနေယျ အကျင့်ကို ဟောတော်မူ၏။ သဌေးသား ယသကို လည်းကောင်း၊ သူ၏ သူငယ်ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။ ယသ ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတာပန် ဖြစ်ကြ၏။

ဝါကျွတ်သောအခါ ပဝါရဏာ ပြုပြီးလျှင် မြတ်စွာဘုရားသည် ခြောက်ကျိပ်သော တပည့် ရဟန္တာတို့ကို နေရာဖြန့်၍ သာသနာပြု စေလွှတ်တော်မူ၏။

ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်     ဘုရားရှင် ကိုယ်တိုင်မှာမူ တပါးတည်း ဥရုဝေလတောသို့ ကြွတော်မူ၏။ လမ်းခရီး အကြား၌ တပ္ပာသိက တောအုပ်အတွင်း သစ်ပင် တပင်အောက်၌ ခေတ္တ နားနေတော်မူစဉ် ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့ မိန်းမ တယောက်ကို လိုက်ရှာရာမှ ဘုရားရှင်နှင့် တွေ့၍ တရားနာရသဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်ကြကာ ရဟန်းပြုကြ၏။

မြတ်စွာဘုရားသည် ဘဒ္ဒဝဂ္ဂီ ရဟန်း သုံးကျိပ်တို့ကိုလည်း အရပ်ဒေသ အနှ့ံအပြားသို့ သာသနာပြု စေလွှတ်တော်မူပြီးလျှင် ရှင်တော်ဘုရား တပါးတည်း ဥရုဝေလသို့ ခရီးဆက်တော်မူ၏။

ကဿပ ညီနောင်သုံးပါး     ဥရုဝေလ တော၌ သုံးလမျှ သီတင်းသုံးလျက် ဥရုဝေလ ရသေ့၏ မီးတင်းကုတ်ထဲမှ နဂါးဆိုးကြီးကို တန်ခိုးဖြင့် နှိမ်နင်းတော်မူပြီးလျှင် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ရသေ့ညီနောင် သုံးဦးတို့နှင့်အတူ သူတို့၏ တပည့် တထောင်ကိုပါ အယူမှားများကို စွန့်စေ၍ ရဟန်းပြုပေးတော်မူ၏။ ထို ရဟန်းတထောင်တို့ကို ဂယာသီသ ၌ အာဒိတ္တပရိယာယ ဒေသနာတော်ကို ဟောကြားသောအခါ အားလုံး ရဟန္တာ ဖြစ်သွားကြ၏။

ရာဇဂြိုဟ်သို့ ကြွတော်မူခြင်း     ဗိမ္ဗိသာရ ဘုရင်အားပေးခဲ့သည့် ကတိအတိုင်း ပြာသို လပြည့်ကျော် ၁ ရက်နေ့၌ ထိုရဟန်းတော် တထောင် ခြံရံလျက် ရာဇဂြိုဟ်သို့ ကြွတော်မူ၍ အမြိုက်တရား ဟောကြားတော် မူရာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသော ဗိမ္ဗိသာရ မင်းနှင့် တကွ မြို့သူမြို့သား အများအပြား တရားရကြ၏။ ဗိမ္ဗိသာရဘုရင်က သူ၏ ဝါးတောဥယျာဉ် အတွင်း၌ ကျောင်းဆောက်ပြီးလျှင် မြတ်စွာဘုရားကို လှူဒါန်း၏။ ဝေဠုဝန် ကျောင်းတော်ဟု ထင်ရှား၏။

ဥပတိဿ နှင့် ကောလိတ     ထို အချိန်တွင် အမှန်တရားကို ရှာနေကြသော ဥပတိဿ နှင့် ကောလိတ သူငယ်ချင်း ပရိဗိုဇ် နှစ်ယောက်တို့သည် သိဥ္စည်းဆရာကြီး အထံ၌ တပည့်ခံလျက် ရှိကြ၏။ တနေ့တွင် ပဥ္စဝဂ္ဂီတပါးဖြစ်သော အရှင် အဿဇိ ရဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွရာ ဥပတိဿ က မြင်၍ ကြည်ညိုသဖြင့် တပည့်ခံကာ တရားမေးမြန်းရာ ကြောင်းကျိုး နိယာမ သဘော ဘုရားဟောသည်ကို အရှင် အဿဇိ ကပြန်လည် ဟောပြလိုက်၏။ ဥပတိဿ တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၍ သိဥ္စည်းကြီး ၏ကျောင်းသို့ ပြန်ရောက်သောအခါသူငယ်ချင်း ကောလိတကို ပြန်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်သွား၏။ သူငယ်ချင်းနှစ်ဦးစလုံး တပည့် ငါးရာကိုပါ ခေါ်၍ သိဥ္စည်း၏ အရာမ်မှ ထွက်ခဲ့ကြပြီးနောက် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဘုရားရှင် ထံမှောက်သို့ ရောက်လာကြကာ ရဟန်း အဖြစ်တောင်းသဖြင့် မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူ၏။

မြတ်စွာဘုရား တရားဟောတော်မူသေအခါ သူတို့၏တပည့်ငါးရာမှာ ရဟန္တာ ဖြစ်သည်အထိ တရား သိသွားကြ၏။

အရှင် သာရိပုတ္တရာ     အရှင် ဥပတိဿ သည် တပို့တွဲ လပြည့်နေ့တွင် ဂိဇ္ဈကုဋ် တောင် ဝက်တူး လိုဏ်ခေါင်း၌ မြတ်စွာဘုရား ဒီဃနခ ပရိဗိုဇ် (ဥပတိဿ၏ တူ) အား ဟောကြားသော ဒီဃနခသုတ်တော်ကို နာကြားရ၍ ရဟန္တာ ဖြစ်သွား၏။ ဒီဃနခကား သောတာပန် တည်သွား၏။ ဤ အရှင် ဥပတိဿကား နောင်အခါတွင် အရှင် သာရိပုတ္တရာဟု ထင်ရှားလာသော လက်ယာတော်ရံ အဂ္ဂသာဝက အရှင်မြတ်ကြီးပင် ဖြစ်၏။

အရှင်မောဂ္ဂလ္လာန်     အရှင် ကောလိတ မှာမူ ကလ္လဝါဠပုတ္တ ရွာကို အမှီပြု၍ တရားဆက်လက် အားထုတ်ရာ စင်္ကြံအလျှောက် များသွား၍ ပင်ပန်းသဖြင့် အိပ်ငိုက်နေသည်ကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ ပစလာယမာနသုတ်တော်ကို ဟောတော်မူသဖြင့် တပို့တွဲလဆန်း ၈ ရက်နေ့၌ ရဟန္တာ ဖြစ်တော်မူ၏။ ဤ အရှင်ကောလိတကား လက်ဝဲတော်ရံ အရှင်မောဂ္ဂလ္လာန် ပင်တည်း။

ခမည်းတော်က အပင့်လွှတ်ခြင်း     မြတ်စွာဘုရား၏ ခမည်းတော် ကပ္ပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒန ဘုရင်ကြီးသည် သားဘုရား ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးလျက် ရှိကြောင်း သတင်းကောင်း ကြားရ၏။ ထို့ကြောင့် ပြာသိုလပြည့်ကျော်ချိန်မှ စ၍ အမတ်တယောက်လျှင် အခြွေအရံ တထောင်စီ ခြံရံစေ၍ သားတော် ဘုရားကို ပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်ရာ ကိုးကြိမ်တိုင်တိုင် လွှတ်သော်လည်း တဦးတယောက်မျှ ပြန်မလာသဖြင့် မည်သည့် သတင်းမျှမရရှိပေ။ အကြောင်းမှာ ထို အမတ်များနှင့် အခြွေအရံကိုးထောင်တို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာများ ဖြစ်သွားကြသောကြောင့်ပင်။

ရှင်ကာဠုဒါယီ၏ ပန်းချီကား     နောက်ဆုံးတွင် မြတ်စွာဘုရား၏ ဖွားဘက်တော် ကစားဖော်ဖြစ်ခဲ့သော ကာဠုဒါယီ အမတ်ကို ရှေးနည်းအတိုင်း စေလွှတ်ပြန်၏။ ကာဠုဒါယီ အမတ်ကြီးနှင့် အခြွေအရံ တထောင်လည်း ရဟန္တာ ဖြစ်သွားကြပြန်၏။

သို့သော် အရှင်ကာဠုဒါယီသည် မင်းကြီးကို ဝန်ခံခဲ့သည့် အတိုင်း တပေါင်းလပြည့်နေ့တွင် မြတ်စွာဘုရား အထံသို့သွား၍ ဆောင်းကုန် နွေကူး တပေါင်းလ ရာသီထူး၏ မပူမအေး ဖြစ်၍ သာယာပုံ၊ သစ်ပင်များ ရွက်ညွန့်တွေ ထွက်ချိန်ဖြစ်၍ ရှုမငြီး သာယာပုံ၊ ရာသီနှင့် တောတောင်သာယာလှသဖြင့် သားကောင်များ၊ ကျေးငှက်များလည်း သာသာယာယာ တွန်ကျူးလျက် မြူးတူး ရွှင်ပျော်ကြပုံ အစုံစုံတို့ကို ဖော်ပြလျက် မြတ်စွာဘုရား ကပ္ပိလဝတ် ပြည်သို့ကြွရန် အရေးကို တောတောင်ဘွဲ့ ပါဠိကဗျာ ဂါထာပေါင်းခြောက်ဆယ်ကို သီကုံး ရွတ်ဆိုကာ တောတောင် ပန်းချီကားချပ်ကြီး ရေခြယ်သည့်နှယ် အကျယ်တဝင့် တင်ပြ လျှောက်ထားလေ၏။

မြတ်စွာဘုရားက ကြွတော်မူရန် သဘောတူသောအခါ နှစ်လနှင့် ကပ္ပိလဝတ်ပြည်သို့ အရောက် ပင့်ဆောင်လေ၏။

ကပ္ပိလဝတ်၌ ကျေးဇူးဆပ်ခြင်း     မြတ်စွာဘုရားသည် ကပ္ပိလဝတ်သို့ ရောက်သောအခါ ပထမနေ့၌ တန်ခိုးပြာဋိဟာ ပြ၍ ဆွေမျိုးတို့၏ အပူဇော်ကို ခံတော်မူ၏။ ဒုတိယနေ့၌ ကပ္ပိလဝတ် မြို့တွင်းသို့ ဆွမ်းခံကြွရာမှ ခမည်းတော် မင်းကြီးကို တရားဟောရာ သကဒါဂါမ် ဖြစ်သွား၏။ ( နောင်တွင် ထီးဖြူအောက်၌ပင် ရဟန္တာဖြစ်သွား၏။) တတိယနေ့တွင် ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေး၏။ သတ္တမနေ့တွင် သားတော် ရာဟုလာ ၇ နှစ်သားကလေးက မယ်တော်၏ သင်ကြားပေးချက်အရ ဘုရားရှင်ထံ အမွေတောင်းသောအခါ ကျောင်းတော်သို့ ခေါ်ခဲ့ပြီးလျှင် အရှင် သာရိပုတ္တရာထံ အပ်နှံကာ သရဏဂုံ ပေး၍ ရှင်သာမဏေ ပြုပေးစေ၏။

ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်သို့ပင် ပြန်ကြွတော်မူ၏။

ကျောင်း ခွင့်ပြုခြင်း     မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ ဒုတိယဝါ ဆိုတော်မူ၏။ ရာဇဂြိုဟ် သဌေးသည် သံဃာတော်များ ချုံကြိုချုံကြား သစ်ပင်များအောက်မှာ နေကြသည်ကို မကြည့်ရက်နိုင်သဖြင့် သံဃာတော်များမှ တဆင့် မြတ်စွာဘုရားအား ကျောင်း ခွင့်ပြုဖို့ လျှောက်ထားရာ ဘုရားရှင် ခွင့်ပြုတော်မူ သဖြင့် ကျောင်းဆောက်လှူဒါန်း၏။

အနာထပိဏ်၏ သဒ္ဓါတရား     ဝါကျွတ်သောအခါ ရာဇဂြိုဟ်သဌေး၏ အဆွေတော် သာဝတ္ထိပြည်မှ အနာထပိဏ် သဌေးကြီးသည် အရောင်းအဝယ် ကိစ္စဖြင့် ရာဇဂြိုဟ်သို့ ရောက်လာ၏။ ဘုရားပွင့်တော်မူကြောင်း သိရသောအခါ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သီတဝန တောကျောင်းသို့သွား၍ ဖူးမြှော်ကာ တရားနာရသဖြင့် သောတာပန် ဖြစ်သွား၏။

အနာထပိဏ်သဌေးသည် နောက်တနေ့တွင် သံဃာတော်များနှင့်တကွ မြတ်စွာဘုရားကို ရာဇဂြိုဟ် သဌေး၏ အိမ်၌ပင် ဆွမ်း ဆက်ကပ် လှူဒါန်း၏။ သာဝတ္ထိသို့ ပြန်ရောက်သောအခါ ဇေတဝန် ကျောင်းတော်ကြီးကို ငွေအမြောက်အမြား အကုန်ခံကာ ဆောက်လုပ်ပြီးလျှင် မြတ်စွာဘုရားကို ပင့်၍ လှူဒါန်းလိုက်၏။

သံသရာ ဇာတ်သိမ်း     ထို အချိန်မှ စ၍ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌သာ များသောအားဖြင့် သီတင်းသုံးလျက် သက်တော် ရှစ်ဆယ်အထိ သတ္တဝါတို့၏ ဆင်းရဲငြိမ်းရေး ချမ်းသာရေးကိုသာ ဆောင်ရွက်တော်မူပြီးလျှင် ကုသိနာရုံ ပြည် မလ္လာမင်း တို့၏ အင်ကြင်းဥယျာဉ်အတွင်းဝယ် သက်တော်ရှစ်ဆယ် ပြည့်သောနှစ် ကဆုန်လပြည့်ညတွင် ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။

ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန် စံတော်မူသည်မှာ ယခုမြန်မာနှစ် ၁၃၅၃ ခုနှစ်အထိ ဆိုလျှင် နှစ်ပေါင်း ၂၅၃၅ နှစ်ရှိသွားပေပြီ။

ဘုရားဂုဏ်တော် ၉ ပါး 

ဣတိပိ သော ဘဂဝါ-

အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော
လောကဝိဒူ
အနုတ္တရော ပုရိသ ဒမ္မသာရထိ
သတ္ထာ ဒေဝမနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ

၁။ အရဟံ  =  ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ  =  သိစရာမှန်သမျှ တစမကျန် သယမ႓ူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော  =  အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သုဂတော  =  ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။ (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော် မူတတ်သောမြတ်စွာဘုရား။

၅။ လောကဝိဒူ  =   သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ  =  မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။

၇။ သတ္ထာ ဒေဝမနုဿာနံ  =  လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာတဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ  =  သစ္စာလေးပါး အမှန်တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။ (ဝါ) သစ္စာလေးအင် ကိုယ်တိုင်မြင်၍ များဖြင်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား။

၉။ ဘဂဝါ  =  ဣဿရိယ စသည် ဘုန်းခြောက်လီနှင့် စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။

(ဝါ)
ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော်၊
မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရား တည်းဟူသော ဓမ္မ ဘုန်းတော်၊
ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့နှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်၊ 
အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်း တည်းဟူသော သိရီ ဘုန်းတော်၊
အလိုတော်ရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော်၊
အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ပယတ္တ ဘုန်းတော်၊
ဤ ဘုန်းတော် ခြောက်စုံနှင့် ကုံလုံပြည့်ဝတော်မူသော မြတ်စွာဘုရား။

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြား ကုံလုံပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။