ရတနာသုံးပါး


ဗုဒ္ဓ ဆိုသည်မှာ အမှန်တရား လေးပါးကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်ကို ခေါ်သည်။ မြန်မာလို မြတ်စွာဘုရားဟု ခေါ်သည်။

ယုံကြည်၍ လိုက်နာသူ လက်တွေ့ကျင့်ကြံ အားထုတ်သူ တို့ကို ဆင်းရဲမှ လွတ်အောင် ဆောင်တတ်သော (၁)  ဆုံးမဩဝါဒများ၊ (၂)  ကျင့်စဉ်များ၊ (၃)  ကျင့်၍ ရရှိသော  မဂ်ဉာဏ်၊  ဖိုလ်ဉာဏ်  နိဗ္ဗာန် တို့ကို    ဓမ္မ = တရား ဟုခေါ်သည်။

 ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည့် အတိုင်း လက်တွေ့ ကျင့်ကြံ အားထုတ်ကြသဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို ရကြပြီးသော အရိယာ ရဟန်းတော် အပေါင်းနှင့် ထို အရိယာ ရဟန်းတော်တို့၏ အနွယ်ဝင် ပုထုဇဉ် ရဟန်းတော်များကို သံဃာဟု ခေါ်သည်။

ဗုဒ္ဓ  =  မြတ်စွာဘုရား

ဗုဒ္ဓ ဆိုသည်မှာ အမှန်တရား လေးပါးကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်ကို ခေါ်သည်။ မြန်မာလို မြတ်စွာဘုရားဟု ခေါ်သည်။

ပွင့်ထွန်းတော်မူလာပုံ   ယေရှုခရစ် မပေါ်မီ နှစ်ပေါင်း ၆၀၀ ခန့်က ယခု အိန္ဒိယပြည်နှင့် နီပေါပြည်                         နယ်စပ်တွင်ကပ္ပိလဝတ်ပြည် ရှိသည်။ အုပ်ချုပ်သူမှာ သာကီမျိုး ဘုရင် သုဒ္ဓေါဒန၊ မိဖုရားမှာ မာဟာမာယာဒေဝီ ဖြစ်သည်။ သူတို့သားမှာ သိဒ္ဓတ္ထ ဖြစ်သည်။ ၁၆ နှစ်သား အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် လက်ထပ်သည်။ သသောဓရာမှာ သုပ္ပဗုဒ္ဓ ဘုရင်၏ သမီးဖြစ်သည်။

သိဒ္ဓတ္ထ အသက် ၂၉ နှစ် ရှိသောအခါ ယသောဓရာမှ သားကလေး ရာဟုလာကို ဖွားမြင်သည်။ အိုသူ၊ နာသူ၊ သေသူ တွေကိုသိဒ္ဓတ္ထ မြင်ရ တွေ့ရပြီး အို နာ သေ ရေး ဆင်းရဲဘေးကို ကြောက်ရွံ့ ထိတ်လန့်လာသည်။ ရဟန်းတော်တပါးကို မြင်ရသောအခါ ရဟန်းတော်လို ငြိမ်းချမ်းချင်လာသည်။

ထို့ကြောင့် တောသို့ထွက်၍ ဆင်းရဲငြိမ်းရန် အမှန်တရားကို ရှာသည်။ ဥရုဝေလတောတွင် အကျင့်မှား ဒုက္ကရစရိယာကို ၆ နှစ်ပတ်လုံး ကျင့်ပြီးမှ မှားမှန်းသိ၍ စွန့်လွှတ်လိုက်ရသည်။ ဂယာသီသသို့ ရွှေ့ပြောင်း နေထိုင်၍ အလည်အလတ် အကျင့်မှန်ကို ကျင့်မှပင် အမှန်တရားလေးပါးကို ထိုးထွင်း သိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓ အဖြစ် ပွင့်ထွန်း ပေါ်ပေါက်တော်မူလာသည်။

ဗုဒ္ဓ  =  မြတ်စွာဘုရား   ထိုးထွင်းသိသော အမှန်တရားလေးပါးမှာ

ဆင်းရဲအမှန်တရား  (ဒုက္ခသစ္စာ)
ဆင်းရဲဖြစ်ကြောင်း အမှန်တရား  (သမုဒယသစ္စာ)
ဆင်းရဲချုပ်ငြိမ်းခြင်း အမှန်တရား  (နိရောဓသစ္စာ)
ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်း အမှန်တရား  (မဂ္ဂသစ္စာ)
ဗုဒ္ဓမြတ်စွာသည် ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံသည်။

ဓမ္မ  =  တရားတော်

ယုံကြည်၍ လိုက်နာသူ လက်တွေ့ကျင့်ကြံ အားထုတ်သူ တို့ကို ဆင်းရဲမှ လွတ်အောင် ဆောင်တတ်သော (၁)  ဆုံးမဩဝါဒများ၊ (၂)  ကျင့်စဉ်များ၊ (၃)  ကျင့်၍ ရရှိသော  မဂ်ဉာဏ်၊  ဖိုလ်ဉာဏ်  နိဗ္ဗာန် တို့ကို    ဓမ္မ = တရား ဟုခေါ်သည်။

ဆုံးမဩဝါဒများ   ပုံစံ မကောင်းတာ အပြစ်မကင်းတာကို မလုပ်နှင့်။ ကောင်းတာ အပြစ်ကင်းတာကိုသာ ပြုလုပ်။ တတ်နိုင်သမျှ စိတ်ကောင်း စိတ်မြတ်ထား။

ကျင့်စဉ်များ   ပုံစံ  သတိပဋ္ဌာန် လေးပါး၊ မဂ္ဂင် ရှစ်ပါး။

ကျင့်၍ရရှိသော တရားများ   မဂ်ဉာဏ် လေးပါး၊ ဖိုလ်ဉာဏ် လေးပါး၊ နိဗ္ဗာန်။

တရားတော်သည် ဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံသည်။

သံဃာ  =  အရိယာပုဂ္ဂိုလ်အပေါင်း

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည့် အတိုင်း လက်တွေ့ ကျင့်ကြံ အားထုတ်ကြသဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို ရကြပြီးသော အရိယာ ရဟန်းတော် အပေါင်းနှင့် ထို အရိယာ ရဟန်းတော်တို့၏ အနွယ်ဝင် ပုထုဇဉ် ရဟန်းတော်များကို သံဃာဟု ခေါ်သည်။

အရိယာသံဃာသည် ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံသည်။

ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာ

မြတ်စွာဗုဒ္ဓ ဟောကြားညွှန်ပြ ဆုံးမထားသော တရားတော်များကို ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ ဟုခေါ်သည်။

ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓသာသနာဝင်များ

ဗုဒ္ဓ၏ တရားတော်များကို လက်ခံ၍ လိုက်နာကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓသာသနာဝင်များဟု ခေါ်သည်။