ဓမ္မ = တရားတော်


ဤ သဘောတရားများကို ယခု ငါဘုရားတိကျ သေချာစွာ သိရပေပြီ။ ဤ သဘောတရားများကို ရှင်းလင်းပြတ်သား တိကျသေချာစွာ မသိရသေးမီက ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဝန်မခံခဲ့ပေ။ ယခုအခါ ရှင်းလင်းပီပြင် ကြည်လင် သန့်ရှင်းစွာ သိရပြီ ဖြစ်သောကြောင့်သာ ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဘုရားဝန်ခံခြင်း ဖြစ်၏။ ငါ့အား ' ငါ၏ ကိလေသာမှ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပေ၊ ဤ ဘဝသည် ငါ၏ နောက်ဆုံး ဘဝ ပေတည်း၊ နောက်ထပ် တဖန် ဘဝသစ်ဖြစ်ရန် မရှိတော့ပြီ ' ဟု အသိအမြင် ဆင်ခြင်ဉာဏ်လဲ ဖြစ်ပေါ် လေပြီ။



ကိုယ်တွေ့တရား     ဗုဒ္ဓမြတ်စွာ ဟောကြား ညွှန်ပြတော်မူသော တရားတော်များသည် သူတပါးထံမှ သင်ယူနာကြားသည်ကို ပြန်လည်ဟောကြားသော တရားတော်များ မဟုတ်ပေ။ မိမိ၏ တွေးခေါ် ဆင်ခြင်ဉာဏ်ဖြင့် တွေးခေါ်ဆင်ခြင်၍ရသော တရားတော်များကို ပြန်လည် ဟောကြားထားခြင်းလည်း မဟုတ်ပေ။ စင်စစ်မူ ကိုယ်တိုင် အကျင့်လမ်းမှန်ကို ကျင့်၍ ကိုယ်တွေ့ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ထားသော တရားတော်များကို ပြန်လည် ဟောကြားတော်မူခြင်းသာ ဖြစ်ပေသည်။

ကိုယ်တွေ့ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ရသော တရားများဖြစ်သောကြောင့်ပင် " ဤ တရားသည် နက်နဲ၏၊  မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်းအေး၏၊ မွန်မြတ်၏၊ ကြံတွေး ဆင်ခြင်ရုံမျှဖြင့် မသိနိုင်၊ သိမ်မွေ့၏၊ အကျင့်မှန်ကို လက်တွေ့ ကျင့်ကြံသော ပညာရှိတို့သည်သာ သိမြင်နိုင်၏ " ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် ဆင်ခြင် စဉ်းစားမိတော်မူခြင်း ဖြစ်၏။

လောကုတ် လောကီ နှစ်လီအကျိုး     ဗုဒ္ဓမြတ်စွာ ဟောကြား ဆုံးမတော်မူသော ယင်းတရားတော်များတွင် လောကီကျိုး လောကုတ္တရာကျိုး နှစ်မျိုးလုံး ပါဝင်လျက်ရှိ၏။ ထိုနှစ်ကျိုးအနက် လောကီကျိုးဆိုသည်မှာ လောက၌ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးပင် ဖြစ်၏။ လောကုတ္တရာကျိုး ဆိုသည်မှာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဟူသော အကျိုးပင် ဖြစ်၏။

မြတ်စွာဘုရားသည် လောကုတ္တရာ အကျိုးကိုသာ အလေးပေး၍ ဟောကြား ညွှန်ပြတော်မူ၏။ ဘုရားဖြစ်တော်မူပြီးနောက် အစဆုံး ဟောတော်မူသော ဓမ္မစကြာ တရားတော်မှာ လောကုတ္တရာ အကျိုးသက်သက် အတွက်သာ ဖြစ်၏။

ဤတရားတော်ကို ဘုရားဖြစ်ပြီး၍ နှစ်လအကြာ ဝါဆိုလပြည့်နေ့တွင် ဗာရာဏသီပြည်အနီး ဣသိပတန ဘေးမဲ့တော၌ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ အမည်ရသော ပဥ္စဝဂ္ဂီ တို့ကို အမှူးထား၍ ဟောကြားတော်မူသည်။

ဓမ္မစကြာတရားတော်၏ လိုရင်းသဘော

လောက၌ နှစ်သက်စရာ အာရုံ ကာမဂုဏ် ချမ်းသာတွေကို ခံစားရေး၌ အားထုတ်ခြင်း  =  ကာမသုခလ္လိကာနုယောဂ  အကျင့်ကိုလည်း မမှီဝဲအပ်၊ မကျင့်ကြံအပ်။

မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်ခြင်း  =  အတ္တကိလမထာနုယောဂ အကျင့်ကိုလည်း မမှီဝဲအပ်၊ မကျင့်ကြံအပ်။

အကျင့်နှစ်မျိုးလုံးသည် အစွန်းကျ၍ မျှမျှ တတ မရှိပေ။ ထို့ကြောင့် ယင်း အကျင့်နှစ်မျိုးကို ပယ်၍ အလယ်လမ်း အကျင့်ဖြစ်သော မဂ္ဂင်ရှစ်တန် သည်သာလျှင် အသိဉာဏ်ကို ပွင့်လင်းစေ၍ ဆင်းရဲခြင်းကို ငြိမ်းစေနိုင်သော အကျင့်မှန် ဖြစ်၏။

ယင်း မဂ္ဂင်ရှစ်တန်မှာ

သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်မှု
သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု
သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
သမ္မာအာဇီဝ = မှန်စွာအသက်မွေးမှု
သမ္မာဝါယမ = မှန်စွာ ကြိုးစားအားထုတ်မှု
သမ္မာသတိ = မှန်စွာ သတိကပ်မှု
သမ္မာသမာဓိ = မှန်စွာ စူးစိုက် တည်ငြိမ်မှုတို့ ဖြစ်ကြသည်။


သစ္စာလေးပါး     ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်သူတို့နှင့် ကွဲ၍ မချစ်သူတို့နှင် တွဲရခြင်း၊ လိုတာမရခြင်း စသည်တို့သည် ဆင်းရဲ အစစ်အမှန်(ဒုက္ခသစ္စာ) ဖြစ်၏။ စွဲလမ်းစရာ ရုပ်နာမ် ခန္ဓာငါးပါးနှင့် စပ်သမျှ ဆင်းရဲ အစစ်အမှန်(ဒုက္ခသစ္စာ) ချည်း ဖြစ်၏။ ဤဆင်းရဲအစစ်အမှန် သဘောကို ရှင်းရှင်း လင်းလင်း ပိုင်းပိုင်း ခြားခြား သိရမည်။

လိုချင်တပ်မက်မှု တဏှာသည် ဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင် အမှန်(သမုဒယသစ္စာ) ဖြစ်၏။ ဤ အကြောင်းတဏှာကို ပယ်ရမည်။

ဤ တဏှာ လုံးဝချုပ်ငြိမ်း၍ ယင်း၏ အကျိုးဆင်းရဲ မဖြစ်ပေါ်ခြင်းသည် ဆင်းရဲငြိမ်းခြင်း အမှန်(နိရောဓသစ္စာ) ဖြစ်၏။ ဤ ဆင်းရဲငြိမ်းခြင်း သဘာဝကို ကိုယ်တွေ့ဉာဏ်ဖြင့် သိမြင် ဆိုက်ရောက်ရမည်။

မဂ္ဂင်ရှစ်တန်သည် ဆင်းရဲငြိမ်းရာသို့ ရောက်စေနိုင်သော အကျင့်လမ်းအမှန်(မဂ္ဂသစ္စာ) ဖြစ်၏။ ဆင်းရဲငြိမ်းလိုလျှင် ဤ မဂ္ဂင်ရှစ်တန်ကို မိမိသန္တာန်၌ ဖြစ်ပွါးအောင် အားထုတ်ရမည်။

ကြောင်းကျိုးဆက်စပ်ပုံ     မဂ္ဂင်ရှစ်ပါး မိမိသန္တာန်၌ ဖြစ်ပွါးလျှင် ရုပ်နာမ်တို့၏ ဆင်းရဲအမှန်သဘာဝကို ကျကျနန သိမည်။ ယင်းသို့သိလျှင် မသိ၍ ငြိတွယ်တပ်မက်နေသော တဏှာကို ပယ်နိုင်မည်။ တဏှာကို ပယ်နိုင်လျှင် ယင်း၏ အကျိုးဖြစ်သော ဆင်းရဲ မဖြစ်ပေါ်လာတော့၍ ဆင်းရဲငြိမ်းခြင်း သဘာဝ (နိဗ္ဗာန်) ကို မျက်မှောက်ထင်ထင် သိမြင်ဆိုက်ရောက်မည်။

ရဲရင်စွာ ဝန်ခံတော်မူခြင်း     တရားတော်၏ ဖော်ပြပါ အနှစ်သာရ သဘောကို မြတ်စွာ ဘုရားသည် ပဥ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူနေခြင်းဖြစ်၏။ ဆက်လက်၍ မြတ်စွာဘုရားက အောက်ပါ စကားကို ရဲရင့်စွာ မိန့်ကြားတော်မူကာ ဓမ္မစကြာ တရားကို နိဂုံးချုပ်တော်မူလေသည်။

ဤ သဘောတရားများကို ယခု ငါဘုရားတိကျ သေချာစွာ သိရပေပြီ။ ဤ သဘောတရားများကို ရှင်းလင်းပြတ်သား တိကျသေချာစွာ မသိရသေးမီက ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဝန်မခံခဲ့ပေ။ ယခုအခါ ရှင်းလင်းပီပြင် ကြည်လင် သန့်ရှင်းစွာ သိရပြီ ဖြစ်သောကြောင့်သာ ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဘုရားဝန်ခံခြင်း ဖြစ်၏။ ငါ့အား ' ငါ၏ ကိလေသာမှ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပေ၊ ဤ ဘဝသည် ငါ၏ နောက်ဆုံး ဘဝ ပေတည်း၊ နောက်ထပ် တဖန် ဘဝသစ်ဖြစ်ရန် မရှိတော့ပြီ ' ဟု အသိအမြင် ဆင်ခြင်ဉာဏ်လဲ ဖြစ်ပေါ် လေပြီ။

ပထမဆုံး သောတာပန်      ပဥ္စဝဂ္ဂီ ငါးဦးတို့သည် တရားတော်ကို လွန်စွာ နှစ်ခြိုက်ကြကုန်၏။ ဘုရားအလောင်းတော် သိဒ္ဓတ္ထကလေး ဖွားစက " ဘုရားစင်စစ် ဧကန်ဖြစ်မည် " ဟု တထစ်ချဟောခဲ့သော အရှင်ကောဏ္ဍည (သုဒတ္တ) မှာမူ နှစ်ခြိုက်ရုံမျှမက " ဖြစ်သမျှ ပျက်ရတာချည်းပဲ " ဟု တရားမျက်စိအမြင် (သောတာပတ္တိ မဂ်ဉာဏ်) ရကာ သောတာပန် ဖြစ်သွား၏။

အရှင်ကောဏ္ဍည သောတာပတ္တိ မဂ်ဉာဏ် ရပြီကို သိတော်မူသော မြတ်စွာဘုရားသည် " ကောဏ္ဍညတရားကို သိသွားပြီ " ဟု မိန့်ကြားတော်မူ၏။

သောတာပတ္တိမဂ်ဉာဏ်ကို ရပြီးသော အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို လျှောက်ထား တောင်းပန်သဖြင့် ဧဟိဘိက္ခုရဟန်း အဖြစ်ကို ရလေ၏။

အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ တို့မှာမူ ဓမ္မစကြာတရားကို နာကြားစဉ်က မဂ်ဉာဏ်ကို မရကြသေး၍ ရဟန်းပြုပေးရန် မလျှောက်ထားကြသေးပေ။ မြတ်စွာဘုရား ညွှန်ကြားတော်မူသည့် အတိုင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ စ၍ မဂ္ဂသစ္စာကို ပွါးများ အားထုတ်ကြသဖြင့် လေးပါးလုံး အစဉ်အတိုင်း တရားသိကြ၍ သောတာပန်များ ဖြစ်ပြီးမှ ဧဟိဘိက္ခုရဟန်း အဖြစ်ကို အသီးသီးရကြ၏။

ပထမဆုံး ရဟန္တာများ     ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌မူ မြတ်စွာဘုရားသည် ပဥ္စဝဂ္ဂီတို့အား အနတ္တလက္ခဏသုတ် ဒေသနာတော်ကို ဟောကြားတော်မူရာ ၅ ပါးလုံး အရဟတ္တဖိုလ်အထိ တရားသိကြ၍ ကိလေသာ ခပ်သိမ်း ငြိမ်းအေးကြကာ ရဟန္တာများ ဖြစ်သွားကြ၏။

အနတ္တလက္ခဏသုတ်တော်၏ လိုရင်းသဘော

အလိုမလိုက် အစိုးမရ အနတ္တ     ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ် ဟူသော ခန္ဓာ ငါးစု တို့သည် အလိုအတိုင်း ဖြစ်စေနိုင်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တများ မဟုတ်ကြပေ။ အကြောင်းညီညွတ်သလို ဖြစ်ပျက်နေကြသော သဘာဝတရားများသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် အနှိပ်စက်မခံလိုပါပဲလျက် ထိုခန္ဓာငါးစုတို့က နှိပ်စက် တတ်ကြ၏။ " ဒီလို ရုပ်ကောင်း နာမ်ကောင်းတွေ ဖြစ်ပါစေ၊ ဟိုလို ရုပ်ဆိုး နာမ်ဆိုးတွေ မဖြစ်ပါစေနှင့် " ဟု စီမံခန့်ခွဲသော်လည်း စီမံခန့်ခွဲသလို ဖြစ်မလာကြ၊ သဘာဝ အားလျော်စွာသာလျင် ဖြစ်ပျက်နေကြ၏။ ထို့ကြောင့် ခန္ဓာငါးစုတို့သည် အလိုအတိုင်း ဖြစ်စေနိုင်သော အတ္တများ မဟုတ်ကြပေ။

မတည် မမြဲ ဆင်းရဲသောကြောင့် အနတ္တ     ထို့ပြင် ခန္ဓာငါးစုသည် မပျက်စီးပဲ တည်မြဲနေသော အသက်ဝိညာဉ် အတ္တများ မဟုတ်ကြပေ။ ခဏမစဲ တဖြစ်တည်းဖြစ်၍ တပျက်တည်း ပျက်နေကြသဖြင့် မတည်မြဲသော အနိစ္စ သဘာဝများသာ ဖြစ်ကြ၏။ ထိုသို့ မတည်မြဲသောကြောင့်ပင် နှစ်သက်သာယာဖွယ်ရာ ချမ်းသာ သုခများ မဟုတ်ကြ၊ မနှစ်မျို့မခံသာဖွယ်ရာ ဆင်းရဲဒုက္ခတို့ချည်းသာ ဖြစ်ကြ၏။ ထိုသို့ ချမ်းသာ သုခများ မဟုတ်ပဲ ဖောက်ပြန်တတ်သော ဆင်းရဲဒုက္ခတို့ချည်းသာ ဖြစ်ကြသောကြောင့် ထိုခန္ဓာငါးစုကို " ငါ့ဟာပဲ၊ ငါပဲ၊ ငါ၏ အတ္တပဲ " ဟု ရှုမြင်သုံးသပ် ထင်မှတ်ဖို့ရာ မသင့်လျော်ပေ။

၁၁ ပါး အပြားဖြင့် အနတ္တဟုရှုပုံ     ထိုသို့ ခန္ဓာငါးစုသည် အလိုအတိုင်းမဖြစ်သောကြောင့် လည်းကောင်း၊ မမြဲ ဆင်းရဲပြောင်းလဲ ဖောက်ပြန်တတ်သဖြင့် " ငါ့ဟာပဲ၊ ငါပဲ၊ ငါ၏ အတ္တပဲ " ဟု ယူစွဲထင်မှတ်ရန်မသင့်လျော်သောကြောင့် လည်းကောင်း၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေ၊ ကိုယ်တွင်းခန္ဓာ ကိုယ်ပခန္ဓာကို ဖြစ်စေ၊ ကြမ်းတမ်းခန္ဓာ နူးညံ့ခန္ဓာကို ဖြစ်စေ၊ အညံ့ခန္ဓာ အကောင်းခန္ဓာကို ဖြစ်စေ၊ အဝေးခန္ဓာ အနီးခန္ဓာကို ဖြစ်စေ အလုံးစုံသော ရုပ်နာမ် ခန္ဓာ မှန်သမျှကို " ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏ အတ္တ မဟုတ် " ဟု ကိုယ်တွေ့ဉာဏ်ဖြင့် အရှိသဘာဝအတိုင်း သိအောင် ရှုပွါးရမည်။

ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ     ခန္ဓာငါးစုကို ဆိုခဲ့ပြီးသည့်အတိုင်း " ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏ အတ္တ မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောချည်းသာ ဖြစ်ကြသည် " ဟု အမှန်အတိုင်း သိမြင်သူသည် ခန္ဓာ ငါးစု၌ ငြီးငွေ့သည့် ဉာဏ် ဖြစ်ပေါ်လာ၏။ တပ်မက်ခြင်းကင်းလျက် အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာသောကြောင့် ကိလေသာအာသဝေါတို့မှ လွတ်မြောက် လေတော့၏။ ကိလေသာမှ လွတ်မြောက်လျှင် " လွတ်မြောက်ပြီ " ဟု ဆင်ခြင်ဉာဏ် ဖြစ်ပေါ်၏။ " ဘဝသစ်ဖြစ်မှု ကုန်ပြီ၊ ဆင်းရဲ ငြိမ်းပြီ " ဟူ၍လည်း ဆင်ခြင်လျက် သိ၏။

ဤကားအနတ္တလက္ခဏသုတ်တော်၏ လိုရင်းသဘောတည်း။

အာဒိတ္တပရိယာယသုတ်

ရသေ့ ညီနောင် ရှင်တထောင်     မြတ်စွာဘုရားသည် ပထမဝါတွင် မိဂဒါဝုန်၌ ဝါဆိုပြီးနောက် ဝါကျွတ်သောအခါ ဥရုဝေလတောသို့ ကြွတော်မူ၏။ ဥရုဝေလတော်၌ သုံးလပတ်လုံး သီတင်းသုံးတော်မူလျက် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ဟူသော ရသေ့ညီနောင် သုံးယောက်နှင့် ယင်းတို့၏ တပည့် တထောင်တို့ကို တန်ခိုးအမျိုးမျိုးပြ၍ အယူမှန်ကို ရစေတော်မူ၏။

ထို့နောက် ထိုရသေ့တို့ကို နေရဥ္ဇရာမြစ် တဘက်ကမ်း ဂယာရွာ အနီးမှ ဂယာသီသ ကျောက်ဖျာကြီးရှိရာသို့ ခေါ်ဆောင်သွားပြီးလျှင် ထို ကျောက်ဖျာကြီးပေါ်၌ အာဒိတ္တပရိယာယသုတ် ကို ဟောကြားတော်မူရာ ရသေ့ အားလုံး အရဟတ္တမဂ် အရဟတ္တဖိုလ် အထိ တရားသိကြ၍ ရဟန္တာဖြစ်သွားကြ၏။

အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘော

ဒွါရခြောက်ဖုံ     မျက်စိသည် လိုချင်တပ်မက်ခြင်း၊ စိတ်ပျက်စိတ်ဆိုးခြင်း၊ အမှန်အတိုင်း မသိခြင်း၊ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ သေရခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ပြင်းစွာပူပန်ရခြင်း တည်းဟူသော မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေ၏။ ထို့အတူပင် နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့သည်လည်း တဟုန်းဟုန်း တောက်လောင်နေကြ၏။

အာရုံခြောက်တန်     အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာနှင့် ကြံတွေးစရာ သဘောတို့သည်လည်း လိုချင်တပ်မက် စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်မျိုးတို့ဖြင့် တထိန်ထိန် တညီးညီး အလောင်ကြီး လောင်နေကြ၏။

ဝိဉာဏ်ခြောက်ဝ     မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိတွေ့စိတ်၊ ကြံတွေးစိတ်တို့သည်လည်း လိုချင်တပ်မက် စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်မျိုးတို့ဖြင့် တညီးညီး တထိန်ထိ်န် တရှိန်ရှိန် တောက်လောင်နေကြ၏။

ဖဿခြောက်ဖြာ     မြင်တွေ့၊ ကြားတွေ့၊ နံတွေ့၊ အရသာတွေ့၊ ထိတွေ့၊ ကြံတွေးတွေ့တို့သည်လည်း လိုချင်တပ်မက်၊ စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်ပါး တို့၏ အမျိုအဝါးကို ခံနေကြရ၏။

ဝေဒနာခြောက်ပါး     မြင်ခံစား၊ ကြားခံစား၊ နံခံစား၊ အရသာခံစား၊ ထိတွေ့ခံစား၊ ကြံတွေးခံစားမှုတို့သည်လည်း လိုချင်တပ်မက်၊ စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်ဖြာ တို့ဖြင့် ချမ်းသာရာ မရအောင် အလောင်ကြီး လောင်နေကြ၏။

ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ     ဤသို့လျှင် " ဒွါရခြောက်ဖုံ၊ အာရုံခြောက်တန်၊ ဝိဉာဏ်ခြောက်ဝ၊ ဖဿခြောက်ဖြာ၊ ဝေဒနာ ခြောက်ပါး ဤ တရားတို့သည် လောဘ ဒေါသ စသော မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေကြသည် " ဟုရှုမြင်တတ်သော သူအား ထိုမျက်စိစသော တရားတို့၌ ငြီးငွေ့သောဉာဏ် ဖြစ်ပေါ်၏။ ငြီးငွေ့လျှင် တပ်မက်ခြင်း ကင်းလျက် အာသဝေါတို့မှ လွတ်မြောက်လေတော့၏။ ကိလေသာမှ လွတ်မြောက်လျှင် " လွတ်မြောက်ပြီ " ဟု ဆင်ခြင်ဉာဏ် ဖြစ်ပေါ်၏။ " ဘဝသစ် ဖြစ်မှုကုန်ပြီ၊ ဆင်းရဲငြိမ်းပြီ " ဟုလည်း ဆင်ခြင်လျက် သိ၏။

ဤကား အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘောတည်း။

မီး ( ၁၁ ) ပါး
လိုချင် တပ်မက်ခြင်း     =     ရာဂမီး
စိတ်ဆိုး စိတ်ပျက်ခြင်း     =     ဒေါသမီး
အမှန်အတိုင်းမသိခြင်း     =     မောဟမီး
ပဋိသန္ဓေနေရခြင်း     =    ဇာတိမီး
အိုရခြင်း    =    ဇရာမီး
သေရခြင်း    =    မရဏမီး
စိုးရိမ်ပူဆွေးရခြင်း    =    သောကမီး
ငိုကြွေးရခြင်း    =    ပရိဒေဝမီး
ကိုယ်ဆင်းရဲရခြင်း    =    ဒုက္ခမီး
စိတ်ဆင်းရဲရခြင်း    =    ဒေါမနဿမီး
ပြင်းစွာပူပန်ရခြင်း    =    ဥပါယာသမီး
တရားဂုဏ်တော် ၆ ပါး 
သွာက္ခာတော ဘဂဝတာဓမ္မော၊
သန္ဒိဋ္ဌိကော၊
အကာလိကော၊
ဧဟိ ပဿိကော၊
ဩပနေယျိကော၊
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
၁။  ဘဂဝတာ ဓမ္မော  =  ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါးဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည်၊ သွာက္ခာတော  =  နာစဉ်ချမ်းသာ ကျင့်ချမ်းသာ၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ဟု သုံးတန်ကောင်းခြင်း ပြည့်စုံလျင်းအောင် ရှင်းလင်းဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း။

၂။  ဘဂဝတာ ဓမ္မော  =  ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ သန္ဒိဋ္ဌိကော  =  သူများပြောကြား စကားနှင့်မျှ မယုံရပဲ ကျနကိုယ်တိုင် သိမြင်နိုင်သော တရားတော်မြတ်ပါပေတည်း။

၃။  ဘဂဝတာ ဓမ္မော  =  ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး တရားတော်မြတ်သည်၊ အကာလိကော  =  အချိန်မလင့် မဖင့်မနှေး ချက်ချင်း အကျိုးပေးသော တရားတော်မြတ်ပါပေတည်း။

၄။  ဘဂဝတာ ဓမ္မော  =  ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ ဧဟိ ပဿိကော  =  လာခဲ့စမ်းပါ၊ ရှုစမ်းပါ ဟု ဝမ်းသာ ရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း။

၅။  ဘဂဝတာ ဓမ္မော  =  ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ ဩပနေယျိကော  =  အဝတ် ဥသျှောင် မီးလောင်သော်လည်း မသတ်ပဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။

၆။  ဘဂဝတာ ဓမ္မော  =  ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါးမြတ်တရားသည်၊ ဝိညူဟိ  =  သစ္စာ သိမြင် ပညာရှင်ရှစ်ပါး အရိယာများသည် သာလျှင် ပစ္စတ္တံဝေဒိတဗ္ဗော  =  ကိုယ်စီ ကိုယ်ငှ သိရ ခံစားရသော တရားတော်မြတ်ပါပေတည်း။

ဤသို့လျှင် သွာက္ခာတ စသား ဂုဏ်ခြောက်ပါးနှင့် ထူးခြားကုန်လုံ ပြည့်စုံတော်မူသော တရားတော်မြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။