ဓုတင် တစ်ဆယ့်သုံးပါး



အပ္ပစ္ဆတာဂုဏ်     ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏။ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ     သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏။ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏။ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏။

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏။ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏။

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏။ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။




ဓုတင်္ဂ = ဓုတင် ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်တတ် ဖျက်ဆီးတတ်သော အကျင့် ကို ခေါ်သည်။

ယင်း ဓုတင်သည်-

ပံ့သကူ ဓတင် = ပံ့သကူ သင်္ကန်းကို ဝတ်ရုံသုံးဆောင်သော အကျင့်
တိစီဝရိက် ဓုတင် = သင်္ကန်း သုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်သော အကျင့်
ပိဏ္ဍပါတ် ဓုတင် = ဆွမ်းခံ၍ စားသော အကျင့်
သပဒါနာစာရိက ဓုတင် = အိမ်စဉ်မကျော်ပဲ ဆွမ်းခံသော အကျင့်
ဧကာသနိက် ဓုတင် = တနေရာတည်း၌သာ ဣရိယာပုထ် မပြောင်းပဲ စားသော အကျင့်
ပတ္တပိုဏ် ဓုတင် = စားခွက်တခုတည်း၌သာ စားဖွယ်အားလုံး ထည့်၍ စားသော အကျင့်
ခလုပစ္ဆာဘတ် ဓုတင် = တော်ပြီဟု ထားမြစ်ပြီးနောက် စားကောင်းအောင်ဝိနည်းကံ ပြုထားသော စားဖွယ်ကိုပင် မစားတော့သော အကျင့်
အာရညကင် ဓုတင် = တောရကျောင်း၌ နေသော အကျင့်
ရုက္ခမူ ဓုတင် = သစ်ပင်အောက်၌နေသော အကျင့်
အဗေ႓ာကာသိက ဓုတင် = အမိုး မရှိသော လဟာပြင်၌နေသော အကျင့်
သုသာန် ဓုတင် = သုသာန်၌ နေသော အကျင့်
ယထာသန္တတိ ဓုတင် = မိမိ အတွက် ချထားသော ကျောင်းအိပ်ရာ နေရာ၌သာနေသော အကျင့်
နိသဇ္ဇိ ဓုတင် = မလျောင်းပဲ သွား၊ ရပ်၊ ထိုင် ဣရိယာပုထ်ဖြင့်သာ နေသော အကျင့်အားဖြင့် ၁၃ ပါး ရှိ၏။

၁။ ပံ့သကူ ဓုတင် ဆောက်တည်ပုံ

ပံ့သကူ ဓုတင် ဆောက်တည်သော ရဟန်းသည် တစုံ တယောက်က လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံရ၊ သူတပါးလွှင့်ပစ်ထားသော အဝတ်များကို ကောက်ယူ လျှော်ဖွပ် ချုပ်ဆိုး၍ရသော ပံ့သကူ သင်္ကန်းကိုသာ ဝတ်ရုံရသည်။

ဆောက်တည်ပုံ

"ဂဟပတိဒါန စီဝရံ ပဋိက္ခိပါမိ" ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊
"ဒါယကာ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏" ဟု မြန်မာ ဘာသာဖြင့် ဖြစ်စေ၊
"ပံသုကူလိကင်္ဂံ သမာဒိယာမိ" ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊
"ပံ့သကူ သင်္ကန်းကို ဝတ်ရုံလေ့ ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏" ဟု မြန်မာ ဘာသာဖြင့် ဖြစ်စေ ဆောက်တည်ရ၏။

ဒါယကာ လှူဒါန်းသော သင်္ကန်းကို သာယာသော ခဏ၌ပင် ပံ့သကူဓုတင် ပျက်တော့၏။ ပျက်လျှင် ပြန်၍ ဆောက်တည်ကျင့်သုံးနိုင်၏။ တခြား ဓုတင်များလည်း ဤနည်းအတိုင်းပင်။

၂။ တိစီ ဝရိက် ဓုတင် ဆောက်တည်ပုံ

တိစီဝရိက် ဓုတင် ဆောက်တည်သော ရဟန်းသည် ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံ ဧကသီ၊ ဒုကုဋ် သင်္ကန်းကြီး ဟူသော သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်ရသည်။ ထိုသုံးထည်မှ တပါး တခြား သင်္ကန်းကို မဝတ်ရုံ မသုံးဆောင်ရ။

ဆောက်တည်ပုံ

"စတုတ္ထက စီဝရံ ပဋိက္ခိပါမိ"
"ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို ပယ်ပါ၏။"
"တေစီဝရိကင်္ဂံ သမာဒိယာမိ။"
"သုံးထည်သော သင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

ဤ ဆောက်တည်ပုံ လေးမျိုးအနက် တမျိုးမျိုးကို ရွတ်ဆို၍ ဆောက်တည်ရ၏။ နောက် ဓုတင်များ ဆောက်တည်ရာ၌လည်း ဤနည်းတူပင်။

ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် တိစီဝရိက်ဓုတင် ပျက်တော့၏။

၃။ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်ပုံ

ပိဏ္ဍပါတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုန်းပေးရ၏။ ပင့်ဖိတ်၍ ကပ်လှူသော သံဃဘတ် စသည်ကို မဘုဉ်းပေးရ။

ဆောက်တည်ပုံ

"အတိရေကလာဘံ ပဋိက္ခိပါမိ"
"ဆွမ်းခံ ဆွမ်းထက် အပိုအလွန် ဖြစ်သော ဆွမ်းကို ပယ်ပါ၏။"
"ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။"
"ဆွမ်းခံခြင်း အလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

ဆွမ်းခံ ဆွမ်းမှ တပါးသော ပင့်ဖိတ် ကပ်လှူသော သံဃဘတ် စသည်ကို သာယာသော ခဏ၌ပင် ပိဏ္ဍပါတ်ဓုတင် ပျက်တော့၏။

၄။ သပဒါနစာရိက ဓုတင် ဆောက်တည်ပုံ

သပဒါနစာရိက ဓုတင် ဆောက်တည်သော ရဟန်းသည် အိမ်စဉ်မကျော်ပဲ အိမ်အစဉ်အတိုင်း ဆွမ်းရပ်ရ၏။ သို့သော် ဘေးရန်ရှိသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း၊ ဆွမ်းမရသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း ကျော်သွားနိုင်၏။ တခြား အရပ်သို့ ဖဲသွားနိုင်၏။

ဆောက်တည်ပုံ

"လောလုပ္ပစာရံ ပဋိက္ခိပါမိ"
"မက်မောသော တဏှာဖြင့် အိမ်စဉ်ကျော်၍ ဆွမ်းခံသွားခြင်းကို ပယ်ပါ၏။"
"သပဒါနစာရိကင်္ဂံ သမာဒိယာမိ။"
"အိမ်စဉ်အတိုင်း ဆွမ်းခံသွားသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

မက်မောသော တဏှာဖြင့် ဆောက်တည်သော ရဟန်းသည် တနေ့လျှင် တနေရာတည်း၌သာ တထိုင်တည်းသော ဣရိယာပုထ်ဖြင့် ဆွမ်း ဘုဉ်းပေးရ၏။ နှစ်နေရာ သုံးနေရာ စသည်ဖြင့် နေရာအများ၌ မဘုဉ်းပေးရ။

ဆောက်တည်ပုံ

"နာနာသနဘောဇနံ ပဋိက္ခိပါမိ"
"နေရာအများ၌ စားခြင်းကို ပယ်ပါ၏။"
"ဧကာသနိကင်္ဂံ သမာဒိယာမိ။"
"တထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

နှစ်နေရာ သုံးနေရာ စသည်၌ ဘုဉ်းပေး သုံးဆောင်လျှင် ဧကာသနိက်ဓုတင် ပျက်တော့၏။

၆။ ပတ္တပိုဏ်ဓုတင် ဆောက်တည်ပုံ

ပတ္တပိုဏ် ဓုတင် ဆောက်တည်သော ရဟန်းသည် ခဲဖွယ် ဘောဇဉ်ကို တခွက်တည်း တသပိတ်တည်း၌သာ ထည့်၍ စားရသည်။ နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရ။ တခွက်တည်း၌ စားဖွယ် အမျိုးမျိုးတို့ကို တပြိုင်တည်း ဖြစ်စေ၊ တမျိုးပြီးမှ တမျိုးဖြစ်စေ ထည့်၍ စားနိုင်၏။ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏။ ဓုတင် မပျက်ပေ။ သို့သော်လည်း လက်ဖြင့် ကိုင်ထားခြင်းမှာ ကြည့်၍ မလျော်သဖြင့် သပိတ်ထဲ၌ ထည့်ထားခြင်းသာလျှင် အကောင်းဆုံး ဖြစ်၏။

ဆောက်တည်ပုံ

"ဒုတိယကဘာဇနံ ပဋိက္ခိပါမိ"
"နှစ်ခုမြောက်သော စားခွက်ကို ပယ်ပါ၏။"
"ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။"
"တခွက်တည်း၌ ရှိသော စားဖွယ်ကိုသာစားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏"

နှစ်ခုမြောက်သော စားခွက်ကို သာယာသော ခဏ၌ပင် ပတ္တပိုဏ်ဓုတင် ပျက်တော့၏။

၇။ ခလုပစ္ဆာဘတ်ဓုတင် ဆောက်တည်ပုံ

ခလုပစ္ဆာဘတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းစားစဉ် "တော်ပြီ" ဟု ပယ်မြစ်ပြီးနောက် စားလိုပြန်၍ အတိရိတ်ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို မစားရ။ ( ခလုပစ္ဆာဘတ်ဓုတင် မဆောက်တည်သော ရဟန်းများမှာမူ အတိရိတ်ဝိနည်းကံပြုလျှင် နောက်တဖန် ပြန်၍ စားနိုင်၏။ )

ဆောက်တည်ပုံ

"အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ"
"အတိရိတ် ဝိနည်းကံပြု၍ စားခြင်းကို ပယ်ပါ၏။"
"ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။"
"ပယ်မြစ်ပြီးမှ အတိရိတ် ဝိနည်းကံ ပြု၍ရသော ဆွမ်းကို မစားသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

အတိရိတ် ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို စားသော ခဏ၌ပင် ခလုပစ္ဆာဘတ်ဓုတင် ပျက်တော့၏။

၈။ အာရညကင်ဓုတင် ဆောက်တည်ပုံ

အာရညကင် ဓုတင် ( တောရဓုတင် ) ဆောက်တည်သော ရဟန်းသည် အနီးဆုံး ရွာနှင့် လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော ကုလလေးနှင့် အပြန်ငါးရာ အနည်းဆုံး ဝေးကွာသော တောရကျောင်း၌ နေရသည်။ အကြောင်းကိစ္စ တခုခုဖြင့် ရွာအတွင်း၌ နေ၍ အရုဏ်မတက်မီ တောရကျောင်းသို့ ပြန်လာပြီးလျှင် တောရကျောင်း၌ပင် အရုဏ်တက်စေမူ ဓုတင် မပျက်ပေ။

ဤ၌ အာရညကင်ဓုတင် လောက်သော အကွာအဝေးကို "အလယ်အလတ်ဖြစ်သော ဒေသတောင်တာဖြင့် ယူလျှင်ပင် ဆိတ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် ဤ မြန်မာဒေသ၌ အများသုံးဆောင်ကြသည့် ဟင်္သာတောင် (=၁၈ လက်မ) သံတောင်(=၂၄ လက်မ) တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်" ဟု ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ပရမတ္ထ သရူပဘေဒနီကျမ်း၊ ဒုတိယတွဲ၊ စာမျက်နှာ ၁၁၅ ၌ ဆုံးမတော်မူသည်ကို မှတ်သားရ၏။

ဆောက်တည်ပုံ

"ဂါမန္တသေနာသနံ ပဋိက္ခိပါမိ"
"ရွာကျောင်းကို ပယ်ပါ၏။"
"အာရညိကင်္ဂံ သမာဒိယာမိ။"
"တော၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

ရွာကျောင်း၌ နေလိုသော စိတ်ဖြင့် အရုဏ်တတ်ချိန်တွင် ရွာကျောင်း၌နေသော ခဏ၌ပင် အာရညကင်(တောရ) ဓုတင် ပျက်တော့၏။

၉။ ရုက္ခမူဓုတင် ဆောက်တည်ပုံ

ရုက္ခမူ ဓုတင် ဆောက်တည်သော ရဟန်းသည် အုတ်ကြွပ်၊ ကျောက်ပြား၊ အင်္ဂတေ၊ သက်ကယ်၊ သစ်ရွက် တို့တင် တခုခုဖြင့် မိုးထားသော အရိပ်အာဝါသ၌ မနေရ၊ သစ်ပင်အောက်၌သာ နေရသည်။

ဓုတင်ဆောင်ပုဂ္ဂိုလ် အမြတ်စား၊ အလတ်စား၊ အညံ့စားဟု သုံးမျိုးသုံးစား ရှိသည့်အနက် အမြတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်ကောင်း သစ်ပင်သန့် မရွေးချယ်ပဲ မည်သည့် သစ်ပင်အောက်၌ မဆို သစ်ရွက်ပုံများကို ကိုယ်တိုင် ခြေဖြင့် ဖယ်ရှင်း၍ နေရသည်။ အလတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်အောက်သို့ ရောက်လာသူများကို အရှင်းခိုင်းနိုင်ခွင့် ရှိသည်။ အညံ့စား ပုဂ္ဂိုလ်မှာမူ ကျောင်းသား သာမဏေတို့ကို ခေါ်၍ သစ်ရွက်ရှင်း၊ သဲခင်း၊ တံတိုင်းကာ၊ တံခါး တပ်စေလျက် နေခွင့်ရှိသည်။

ဆောက်တည်ပုံ

"ဆန္နံ ပဋိက္ခိပါမိ။"
"အမိုးရှိသော အရိပ်အာဝါသကို ပယ်ပါ၏။"
"ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။"
"သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

အမိုးမိုးထားသော အရိပ်အာဝါသတွင် နေသော ခဏ၌ပင် ရုက္ခမူဓုတင် ပျက်တော့၏။

၁၀။ အဗေ႓ာကာသိကဓုတင် ဆောက်တည်ပုံ

အဗေ႓ာကာသိကဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်သည် ဟင်းလင်းပြင် လွင်တီးခေါင်၌သာ နေရ၏။ အမိုးရှိသော အရိပ်အာဝါသ၌ ဖြစ်စေ၊ သစ်ပင်အောက်၌ ဖြစ်စေ မဝင်မနေရ။ 

သို့သော်လည်း ဥပုသ်ပြု၊ တရားနာ၊ စာသင်၊ စာချရန် ဖြစ်စေ၊ ဆရာ ဥပဇ္ဈာယ် တို့၏ ဝတ်ကြီး ဝတ်ငယ် ပြုရန် ဖြစ်စေ ဝင်နိုင်၏။ ဓုတင် မပျက်ပေ။ ထိုအကြောင်းများကြောင့် အမိုးရှိရာသို့ ဝင်နေစဉ် မိုးရွာလျှင် မိုးတိတ်သည်အထိ ဆက်လက် နေနိုင်၏။

ဆောက်တည်ပုံ

"ဆန္နဥ္စ ရုက္ခမူလဥ္စ ပဋိက္ခိပါမိ။"
"အမိုးကို လည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း ပယ်ပါ၏။"
"အဗေ႓ာကာသိကင်္ဂံ သမာဒိယာမိ။"
"အမိုးမရှိသော ဟင်းလင်းပြင်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

အမိုးရှိရာသို့ ဖြစ်စေ၊ သစ်ပင်အောက်သို့ ဖြစ်စေ ဝင်လျှင် အဗေ႓ာကာသိကဓုတင် ပျက်တော့၏။

၁၁။ သုသာန်ဓုတင် ဆောက်တည်ပုံ

သုသာန် ဓုတင် ဆောက်တည်သော ရဟန်းသည် သုသာန်သို့ ညအခါသွား၍ "သန်းခေါင်ယံပတ်လုံး သုသာန်၌ နေ၍ မိုးသောက်ယံ၌ သုသာန်မှ ထွက်သင့်သည်" ဟု အင်္ဂုတ္တိုရ်ဆောင်မထေရ်များ မိန့်ကြား၏။

လူတို့က သုသာန်ဟု သတ်မှတ်ထားသော်လည်း လူသေအလောင်း မချ မမြှုပ် မဖုတ်မရှို့ရသေးလျှင် သုသာန်မမည်ပေ။

အစီအစဉ်     ဤသုသာန်ဓုတင် ဆောက်တည်သော ရဟန်းသည် သံဃာများ၏ အကြီးအမှူး မထေရ်ကြီးနှင့် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်တို့ကို ကြိုတင် အကြေင်းကြားပြီးနောက် သုသာန်သို့ မိမိသွားမည့် လမ်းတွင်ရှိသော သစ်ပင်၊ သစ်ငုတ်၊ ချုံပုတ်၊ တောင်ပို့ စသည်တို့ကို နေ့အခါကပင် သွားရောက်ကြည့်ရှု၍ ကောင်းစွာ မှတ်သားထားရမည်။

ဘီလူး စသည်တို့ နှစ်သက်တတ်သော နှမ်းထောင်း၊ ပဲထမင်း၊ ငါး၊ အမဲ၊ နို့ရည်၊ ဆီ၊ တင်လဲ စသော ခဲဖွယ် စားဖွယ်တို့ကို မမှီဝဲ မသုံးဆောင်ရပေ။

ဆေက်တည်ပုံ

"နသုသာနံ ပဋိက္ခိပါမိ။"
"သုသာန် မဟုတ်သော အရပ်ကိုပယ်ပါ၏။"
"သောသာနိကင်္ဂံ သမာဒိယာမိ။"
"သုသာန်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

သုသာန် မဟုတ်သော အရပ်၌နေလျှင် သုသာန်ဓုတင် ပျက်တော့၏။ "သုသာန်သို့ မသွားသောနေ့၌ ဓုတင် ပျက်သည်" ဟု အင်္ဂုတ္တိုရ်ဆောင် မထေရ်များ မိန့်ကြ၏။

၁၂။ ယထာသန္ထတိဓုတင် ဆောက်တည်ပုံ

ယထာသန္ထတိ ဓုတင် ဆောက်တည်သော ရဟန်းသည် မိမိအား ချထားသော ကျောင်းအိပ်ရာ နေရာ၌သာလျှင် နေရ၏။ ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာဖြင့် ချထားပေးသည့်အတိုင်း မနေပဲ မိမိစိတ်ကြိုက် ကျောင်းအိပ်ရာနေရာ၌ မနေရပေ။ နေရာ၌ နေလိုသော တဏှာဖြင့် ရဟန်းငယ်များကို နေရာမှ ထသွားအောင် မပြုလုပ်ရပေ။

ဆောက်တည်ပုံ

"သေနာသနလေလုပ္ပံ ပဋိက္ခိပါမိ။"
"ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာကို ပယ်ပါ၏။"
"ယထာသန္ထတိကင်္ဂံ သမာဒိယာမိ။"
"ချထားပေးသော နေရာ၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏။"

ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့် ယထာသန္ထတိဓုတင် ပျက်တော့၏။

၁၃။ နိသဇ္ဇိဓုတင် ဆောက်တည်ပုံ

နိသဇ္ဇိ ဓုတင် ဆောက်တည်သော ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် ၃ ပါးဖြင့်သာ နေရ၏။ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ လဲလျောင်း၍ မနေရ။

ဆောက်တည်ပုံ

"သေယျံ ပဋိက္ခိပါမိ။"
"လဲလျောင်းအိပ်ခြင်းကို ပယ်ပါ၏။"
"နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။"
"ထိုင်လျက် နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

လျောင်း၍ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် နိသဇ္ဇိဓုတင် ပျက်တော့၏။

အပ္ပစ္ဆတာဂုဏ်     ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏။ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ     သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏။ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏။ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏။

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏။ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏။

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏။ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။
( အံ-ဋ္ဌ ၁၊ ၅၉ )